Western News
Homeသတင်းစစ်ကောင်စီကို တစ်နိုင်ငံလုံးက သံဃာတော်များ သပိတ်မှောက်ကြရန် ချောင်းဦးဆရာတော် တိုက်တွန်း

စစ်ကောင်စီကို တစ်နိုင်ငံလုံးက သံဃာတော်များ သပိတ်မှောက်ကြရန် ချောင်းဦးဆရာတော် တိုက်တွန်း


ပဲခူးမြို့က အထင်ကရဆရာတော် တစ်ပါးကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုအပေါ် အမှုမှန်ပေါ်ပေါက်အောင်အထိ တစ်နိုင်ငံလုံးက သံဃာတော်များ ကံဆောင်သတိမှောက်ကြရန် ချောင်းဦးမြို့နယ် သပိတ်ဦးဆောင် ဆရာတော် ဥူးဇာနည်ရ က တိုက်တွန်း မိန့်ကြားနေသည်။

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်မှ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဝင်းနိမ္မိတာရုံကျောင်းဆရာတော် အရှင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကို စစ်ကောင်စီ တပ်အရာရှိများနှင့် တပ်ဖွဲ့ဝင်များက မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်မှာ ဇွန်လ ၁၉ ရက်နေ့က သေနတ်ဖြင့် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ဆရာတော် သတ်ဖြတ်ခံရမှုအပေါ် နိုင်ငံတစ်ဝှမ်း သံဃာထုက မကျေနပ်ကြ၍ ဇွန်လ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်ခဲ့ကာ အဖြစ်မှန် မပေါ်မချင်း သပိတ်မှောက်သွားမည်ဟု ချောင်းဦးဆရာတော်က မိန့်ကြားသည်။

” ရဟန်းသံဃာတွေ အားလုံးကလည်း မကျေနပ်ကြပါဘူး။ ကံဆောင်သပိတ် ပြုလုပ်ကြမယ် မျှော်လည်း မျှော်လင့်တယ်၊ ယုံလည်းယုံကြည်ပါတယ်။ မန္တလေး သံဃာ့သမဂ္ဂကလည်း ရှေ့ဆောင် ရှေ့ရွက်နဲ့ သူတို့ ထုတ်ပြန်ထားတဲ့အတွက် ဥူးဇင်းတို့က ချောင်းဦးမြို့နယ်အနေနဲ့ ကျရာနေရာက‌နေ တာဝန်ထမ်းဆောင်တာပါပဲ။ ဆရာတော်ကြီး ဒီလို စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခံရတဲ့အတွက် ကြောင့် ဒါကို အမှုမှန်မပေါ် မပေါက်မချင်း ဒီသပိတ်ကို ဆက်လက်မှောက်ထားမှာပါ။” ဟု ဥူးဇာနည်ရ က မိန့်သည်။


အရှင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ သည် ကျမ်းပြုစုသည့်ဆရာတော်တစ်ပါးဖြစ်ပြီး စာသင်သား သံဃာတော်များအတွက် အားကိုးအားထားပြုရသော ထင်ရှားသည့် ဆရာတော်တစ်ပါးလည်းဖြစ်သည်။

အရှင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခြင်းကို အာဏာသိမ်း စစ်ကောင်စီသည် PDF များကို ထိုးချခဲ့ပြီး ၎င်းတို့တပ်ဖွဲ့ဝင်များ မသတ်ဖြတ်ခဲ့ကြောင်း ငြင်းဆိုခဲ့သော်လည်း မျက်မြင်ဆရာတော် ကံသုံးဆင့်ဆရာတော်က အဖြစ်မှန်ကိုပြောပြမှသာ စစ်ကောင်စီသည် ၎င်းတို့တပ်ဖွဲ့ဝင်များ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

စစ်ကောင်စီသည် သံဃာတော်များအပေါ်တွင် မရိုးသားသော လုပ်ဆောင်ခြင်းများရှိနေ၍ အမှုမှန်မပပျောက်ရေးအတွက် ကံဆောင်ပိတ်ကို တစ်နိုင်ငံလုံးသံဃာတော်များ ပါဝင်ဆင်နွှဲရန် လိုအပ်နေသည်။

” စစ်အာဏာရှင်တွေ အနေနဲ့ကတော့ သူတို့ ထုံစံအတိုင်းပါပဲ။ အရှင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဆိုရင် ထင်ရှာတဲ့ ဆရာတော်ကြီးမို့သာ တပည့်တော်တို့ သိရတာ၊ ထင်ရှားမှုမရှိတဲ့ ပုဂ္ဂိုလ်တွေ သတ်ဖြတ်တာ နည်းမှ မနည်းတာ။ ဒါကို အများသိစေဖို့ ကံဆောင်သပိတ် ပြုလုပ်ခြင်းပါပဲ။ သူတို့ကတော့ ဖမ်းဆီး ချုပ်နှောင်သတ်ဖြတ်တာတွေ ဆက်ပြီးလုပ်အုံးမှာပဲ။ လုပ်လည်းလုပ်နေဆဲပဲ။ ပြည်သူတွေ အေးအေးချမ်းချမ်းနေထိုင်နိုင်ရေး ဥူးဇင်းတို့ ကျရာနေရာက တာဝန်ယူပါဝင်ကြရတာပေါ့။ ” ဟု ပြောသည်။

ကံဆောင်သပိတ် အောင်မြင်ရေးနှင့် ပြည်သူများ အမှန်တရားကိုသိပြီး စစ်အာဏာရှင် စနစ်အမြန်ဆုံး ကျဆုံးစေရန် ဆောင်ရွက်ရမည်ဟု ချောင်းဦးမြို့နယ် သပိတ်ဦးဆောင်ဆရာတော် ဥူးဇာနည်ရ က မိန့်ကြားထားသည်။

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့မှု သည်းခံစရာအကြောင်းမရှိ ဟု စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ပညာရေးကျောင်းပေါင်း ၃၀ ကျော်မှ ဆရာ၊ ဆရာမများကလည်း ယနေ့ ဇွန်လ ၂၄ ရက် နံနက် ၉ နာရီခန့်တွင် ဆန္ဒပြခဲ့ကြသည်။

ပုံစာ – ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှ စစ်အာဏာရှင်ကို ဖီဆန်သပိတ်မှောက် ကံဆောင်ခဲ့ကြသည့် သံဃာတော်များ။ (ပုံအဟောင်းဖြစ်သည်) နှင့် စစ်ကောင်စီ သတ်ဖြတ်၍ ပျံလွန်တော်မူခဲ့ရသော ပဲခူးမြို့က အထင်ကရဆရာတော် အရှင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ။

Western News-WN

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular