Western News
Homeစစ်ရေးစစ်ကောင်စီထံ စစ်မှုမထမ်းလို၍ ပြည်သူ ၁၂ ဦး မိမိကိုယ်ကို အဆုံးစီရင်

စစ်ကောင်စီထံ စစ်မှုမထမ်းလို၍ ပြည်သူ ၁၂ ဦး မိမိကိုယ်ကို အဆုံးစီရင်

(သတ်သေ စာရင်းထဲ ရခိုင် မာန်အောင်က လူငယ်တစ်ဦးလည်း ပါဝင်)

အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတဝှမ်း စစ်ရှုံးနေချိန် တပ်အင်အား ပြန်လည်ဖြည့်ဆည်းရန် နိုင်ငံအတွင်းက လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မခေါ်ယူပြီးနောက် ပြည်သူ ၁၂ ဦး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ထောက်ခံချက်မပါသော စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ပြဌာန်းပြီး နိုင်ငံအတွင်းက လူငယ် ၅၆၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးနောက် ပြည်သူ ၁၂ ဦးမှာ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု Spring Revolution Database (SRD) ၏ အစီရင်ခံစာအရ သိရသည်။

စစ်ကောင်စီက ယခုနှစ် ၆ လတာ ကာလအတွင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် အရပ်သား ပြည်သူ ၅,၆၉၈ ဦးကို ဖမ်းဆီးခဲ့သည်။

ရခိုင်ပြည်က ရခိုင်နှင့် မွတ်ဆလင်များအပါအဝင် ၁,၈၃၈ ဦးခန့်၊ စစ်ကိုင်းတိုင်းက ၇၈၃ ဦး၊ ပဲခူးတိုင်းက ၅၂၈ ဦး၊ မကွေးတိုင်းက ၄၇၇ ဦး၊ ကျေးလက်ဒေသက ၂,၃၇၄ ဦး၊ မြို့ပြက ၁,၉၉၇ ဦးနှင့် လမ်းခရီးသွားလာသူ ၃၉၈ ဦးတို့ကို စစ်ကောင်စီက စစ်မှုထမ်းရန် ဖမ်းဆီးခဲ့သည်။

မတ်လ ၁၆ ရက်က ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က စစ်မှုထမ်းရန် ကျေးရွာရှိလူငယ်များကို မဲနှိုက်ရွေးချယ်ခဲ့ရာ စစ်မှုထမ်းရန် မဲပေါက်သွားသည့် အသက် ၁၇ နှစ်အရွယ် လူငယ် ၁ ဦး ပိုးသတ်ဆေးသောက်ပြီး အဆုံးစီရင်သွားကြောင်း သိရသည်။

အလားတူ ဧရာ၀တီတိုင်း ကန်ကြီးထောင့်မြို့နယ်၊ မြတ်လေးချောင်းအုပ်စု၊ ရေတွင်းချောင်ရွာတွင် စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်ခဲ့ရာ မဲပေါက်သည့် အသက် ၂၀ အရွယ်လူငယ်က စစ်မှုမထမ်းချင်သောကြောင့် အဆိပ်သောက်ပြီး အဆုံးစီရင်သွားခဲ့သည်။

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့တွင် မတ်လ ၁၈ ရက်နေ့ ညနေပိုင်း စစ်မှုထမ်းမဲနှိုက်ရန် အုပ်ချုပ်ရေးမှူးရုံးက အကြောင်းကြားလာသောကြောင့် အသက် ၂၄ နှစ်အရွယ် မောင်ထက်ဝေအောင် (ခ) လေးလေး သည် မိမိကိုယ်ကို ကြိုးဆွဲချပြီး သတ်သေသွားခဲ့သည်။

ထို့အတူ မတ်လ ၂၀ ရက်တွင် ရန်ကုန်မြို့ ဒေါပုံမြိုနယ်တွင် နေထိုင်သည့် အဖွားအိုတစ်ဦးသည် မြေးဖြစ်သူ စစ်မှုထမ်းစာရင်းထဲပါ၍ စိတ်ထိခိုက်ကာ ဒေါပုံတံတားပေါ်မှ ခုန်ချပြီး သတ်သေသွားခဲ့သည်။

မတ်လ ၂၁ ရက် ညနေပိုင်းအချိန်တွင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ထောက်ရှာကျေးရွာမှ အသက် ၂၇ နှစ်အရွယ် မောင်အောင်လင်းနိုင်သည် ကျေးရွာအုပ်ချုပ်ရေးရုံး၏ မဲနှိုက်ပွဲတွင် စစ်မှုထမ်းရန် မဲပေါက်သဖြင့် မိမိကိုယ်ကို ကြိုးဆွဲချပြီး အဆုံးစီရင်သွားခဲ့သည်။

မတ်လ ၂၇ ရက်တွင် ရခိုင်ပြည်၊ မာန်အောင်မြို့နယ် ဇရပ်ကုန်းခင်ကျေးရွာတွင် နေထိုင်သည့်လူငယ်တစ်ဦးသည် စစ်မှုထမ်းရမည်ကို စိုးရိမ်ကြောက်လန့်၍ ရှောင်တိမ်းနေစဉ် ချောင်းအတွင်း ရေနစ်မြုပ်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်း မြိတ်မြို့မှာ တုံးဗျောငယ်ရွာတွင် နေထိုင်ပြီး စစ်မှုထမ်းရန် စာရင်းပါသည့် အသက် ၃၀ အရွယ် ဦးစိုးမင်းနိုင် သည် မတ်လ ၃၀ ရက်နေ့က ကြိုးဆွဲချပြီး သတ်သေသွားခဲ့ပြီး
မတ်လအတွင်း စစ်မှုထမ်းဥပဒေကြောင့် အရပ်သားပြည်သူ ၇ ဦး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သိရသည်။

ဧပြီလ ၈ ရက် ည ၁၁ နာရီခန့်အချိန် ပဲခူးတိုင်း၊ တောင်ငူမြို့ ၁၆ ရပ်ကွက် ဈေးလမ်းတွင် နေထိုင်သော အသက် ၂၅ နှစ်အရွယ် ကိုအေးချမ်း (ခ) ကောက်ကောက် အား အုပ်ချုပ်ရေးမှူးမှ စစ်သင်တန်း တက်ရောက်ရန် နေအိမ်သို့ သွား‌ရောက်ပြောဆိုပြီးနောက် ကိုအေးချမ်းသည် နေအိမ်အတွင်း၌ ကြိုးဆွဲချ အဆုံးစီရင်ခဲ့သည်။

ဧရာ၀တီတိုင်း ငပုတောမြို့နယ်၊ ကြာကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး မန်းမျိုးထွန်းနိုင်သည် စစ်ကောင်စီ၏ စစ်သားစုဆောင်းရန်အတွက် ဖိအားပေးစေခိုင်းမှုကြောင့် မေလ ၂၅ ရက်နေ့တွင် မိမိကိုယ်ကိုကြိုးဆွဲချပြီး သတ်သေသွားခဲ့သည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် မိမိကိုယ်ကို သတ်သေသူ ၁၂ ဦးအထိရှိလာနေပြီဖြစ်သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular