Western News
Homeစစ်ရေးခလရ ၅၅ တပ်ရင်းက ငပလီကမ်းခြေမှ ပြည်သူပိုင် မြေဧက ၃၅ ဧကကို သိမ်းယူခဲ့

ခလရ ၅၅ တပ်ရင်းက ငပလီကမ်းခြေမှ ပြည်သူပိုင် မြေဧက ၃၅ ဧကကို သိမ်းယူခဲ့

(သိမ်းယူခဲ့သော မြေယာများကို မြန်မာစစ်တပ်က ကုမ္ပဏီ ၅ ခုကို အငှားချထားခဲ့)

ရခိုင်ပြည် သံတွဲအခြေစိုက် ခလရ ၅၅ တပ်ရင်းက ငပလီကမ်းခြေမှ ပြည်သူပိုင် မြေဧက ၃၅ ဧကကို သိမ်းယူခဲ့ကြောင်း သံတွဲမြေယာသိမ်းပြန်ရရေး လှုပ်ရှားသူများ၏ စာရင်းအရ သိရသည်။

ငပလီမြို့ထဲက ပြည်သူ ၅၈ ဦးပိုင် မြေယာများကို စစ်တပ် ခလရ ၅၅ တပ်ရင်းက သိမ်းယူခဲ့ခြင်းဖြစ်ပြီး လျော်ကြေးအပြည့်အဝ မပေးခဲ့ကြောင်း သိမ်းဆည်းမြေပြန်ရရေး မြေပိုင်ရှင်များက ပြောဆိုထားကြသည်။

ယင်းမြေယာများကို စစ်အုပ်စုနှင့်နီးစပ်သည့် ဟိုတယ်လုပ်ငန်းရှင်များကို အလွန်သက်သာသော ဈေးနှုန်းများဖြင့် စစ်အုပ်စုက ငှားရမ်းအသုံးပြုခဲ့သည်။

မြေယာသိမ်းဆည်းချိန်က မြန်မာစစ်တပ် ပြောဆိုချက်မှာ ခလရ ၅၅ တပ်ရင်း တိုးချဲ့မည်ခေါင်းစဉ်ဖြင့် သိမ်းယူခဲ့သော်လည်း အမှန်တကယ်အသုံးပြုချိန်တွင် ဟိုတယ်လုပ်ငန်းရှင်များကို အငှားချထားခဲ့ခြင်းဖြစ်သည်။

ခလရ ၅၅ တပ်ရင်းမှ သိမ်းဆည်းခဲ့သော ၃၅ ဧက မြေယာကို အငှားချထားခဲ့သည်မှာ မင်းဇာနည်ကုမ္ပဏီ အတွက် မြေ ၆.၆၁ ဧက၊ ဧဒင်အုပ်စုကုမ္ပဏီ အတွက် မြေ ၆.၆၁ ဧက၊ ဖော်ကျွန်းကုမ္ပဏီ အတွက် မြေ ၅.၆၅ ဧက၊ မိုင်နာမြန်မာကုမ္ပဏီ အတွက် မြေ ၁၁.၃၀ ဧကနှင့် အမေးဇင်းကုမ္ပဏီ အတွက် မြေ ၄.၄၃ ဧက တို့ဖြစ်သည်။

အဆိုပါ ကုမ္ပဏီများမှာ ငပလီကမ်းခြေက မြေယာများကို အလွန်သက်သာသော ဈေးနှုန်းများဖြင့် မြန်မာစစ်တပ်ထံက ငှားရမ်းကာ ဟိုတယ်ကြီးများ ဆောက်လုပ်ပြီး ခရီးသွားလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသည်။

မြန်မာစစ်တပ်က ပြည်သူပိုင်မြေယာများကို သိမ်းယူပြီး ဟိုတယ်လုပ်ငန်းများအား ငှားရမ်းထားသည့်အတွက် ဒေသခံပြည်သူများ နစ်နာနေရကြောင်းနှင့် မြေယာသိမ်းကိစ္စအား ရခိုင်အမျိုးသားပါတီ ANP ကျောက်ဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘရှိန်က ၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့သည့် လွှတ်တော်မှာ စစ်တပ်ကို မေးခွန်းထုတ်ခဲ့သည်။

ခလရ ၅၅ တပ်ရင်းမှ သိမ်းယူထားသော ငပလီဒေသခံ ၅၈ ဦး၏ မြေယာများကို ဟိုတယ်လုပ်ငန်းကုမ္ပဏီများထံ အငှားချထားကြောင်းကို မြန်မာစစ်တပ် ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဦးဘရှိန်မေးခွန်းမှာ ဝန်ခံပြောဆိုခဲ့သည်။

ခလရ ၅၅ တပ်ရင်းမှ သိမ်းယူခဲ့သော ပြည်သူ ၅၈ ဦး၏ မြေယာ ၃၅ ဧကကို ၂၀၀၀ ခုနှစ်ကတည်းက တပ်နယ်မြေတိုးချဲ့ရေးအတွက် သိမ်းယူခဲ့ခြင်းဖြစ်ပြီး ပြန်လည်အလျော်ပေးရာတွင် တစ်ဦးကို ပေ ၄၀ x ၆၀ ရှိ မြေကွက်တစ်ကွက်နှင့် ကျပ် ၇၀၀၀ ကျော်ပဲ ပေးခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်မှ အသိမ်းခံမြေ ပြန်ရရေးအတွက် မြေပိုင်ရှင်များနှင့် တက်ကြွလှုပ်ရှားသူများ၏ ဆန္ဒပြတောင်းဆိုမှုကြောင့် မြန်မာစစ်တပ်က လျော်ကြေးငွေပေးခဲ့ခြင်းဖြစ်ပြီး လျော်ကြေးငွေ အလွန်နည်းပါး၍ အသိမ်းခံရသူ ၅၈ ဦးထဲက ၂၇ ဦးသာ လျော်ကြေးငွေ ထုတ်ယူခဲ့ကြသည်။

ငပလီကမ်းခြေက စစ်တပ်သိမ်းထားမြေတွင် ဟိုတယ်အများစုမှာ နှစ်ပေါင်း ၅၀ ထက်မနည်း လုပ်ပိုင်ခွင့်ရခဲ့ကြပြီး ယင်းမြေပေါ်တွင် အမေရိကန်ဒေါ်လာ သန်းနှင့်ချီတန်သော ဟိုတယ်ကြီးများကို ဆောက်လုပ်ခဲ့ကြခြင်းဖြစ်သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular