Western News
Homeစစ်ရေးဂွမြို့ကို စစ်ကောင်စီက ပြည်သူ့စစ် ရာနှင့်ချီ အင်အားဖြည့်

ဂွမြို့ကို စစ်ကောင်စီက ပြည်သူ့စစ် ရာနှင့်ချီ အင်အားဖြည့်

ရခိုင်ပြည် ဂွမြို့နယ်မှာ တပ်အင်အားနည်း၍ စစ်ကောင်စီက ပြည်သူ့စစ်ထမ်း ရာနှင့်ချီခေါ်ယူပြီး အင်အားဖြည့်တင်းထားကြောင်း ဒေသခံစစ်ရေးစောင့်ကြည့်သူများက ပြောသည်။

ဂွမြို့နယ်တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းနှစ်ခု ခမရ ၅၆၂ နှင့် ၅၆၃ တို့ရှိပြီး အဆိုပါတပ်ရင်းများကို စစ်ကောင်စီက ပြည်သူ့စစ်ထမ်းများ ပေးပို့နေခြင်းဖြစ်သည်။

ဂွမြို့ခံတစ်ဦးက ” ဒီအပို့ခံရတဲ့ စစ်မှုထမ်းတွေကို ဒေသခံရဲတွေနဲ့ ပေါင်းပြီး ဂိတ်တွေမှာ၊ ရပ်ကွက်တွေမှာ လုံခြုံရေး လုပ်ခိုင်းထားတယ်။ လက်နက်တွေလည်း တပ်ဆင်ပေးထားပါတယ်။ အင်အားက ရာကျော်တာပေါ့။ ဒါပေမယ့် ပြည်သူ့စစ်တွေက ထွက်ပြေးကြသူတွေလည်းရှိတယ်။ ” ဟု ပြောသည်။

ခမရ ၅၆၂ နှင့် ၅၆၃ တပ်ရင်းနှစ်ခု ပေါင်းမှ တပ်သား ၁၅၀ ခန့်သာရှိ၍ စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ မေလကတည်းက ပြည်သူ့စစ်မှုထမ်းများဖြင့် အင်အား ဖြည့်တင်းနေခြင်းဖြစ်သည်။

မေလ ပထမအပတ်က ပြည်သူ့စစ်မှုထမ်း ၈၀ ဦးကို ခမရ ၅၆၃ တပ်ရင်းသို့ပို့ပြီး တပ်ရင်းပတ်ဝန်းကျင်ကို မိုင်းထောင်ခြင်းလုပ်ငန်းနှင့် ဘန်ကာများ၊ ကတုတ်ကျင်းများ တူးခိုင်းခဲ့သည်ဟု စုံစမ်းသိရသည်။

သံတွဲမြို့နယ်ကို လက်လွှတ်ဆုံးရှုံးကာ ဂွမြို့နယ်သို့ တိုက်ပွဲများ အချိန်မရွေးကူးစက်လာနိုင်၍ စစ်ကောင်စီက လူအင်အား၊ လက်နက်အင်အားကို အရှိန်မြှင့် ပြင်ဆင်နေသည်ဟု နောက်ထပ် ဂွမြို့ခံတစ်ဦးက ဆိုသည်။

” နေဗီက လောလောဆယ် မြို့အနီးနားမှာ တစ်စီးရှိတယ်။ အဲ့အစီးကိုလည်း အမြောက်ကျည်တွေ ပို့တာတွေရှိတယ်။ လူအင်အားလည်းပို့တယ်။ တပ်စခန်းတွေကိုလည်း ဆယ်ဘီးကားကြီးတွေနဲ့ လူအင်အားတွေ ပို့နေတာတွေရှိတယ်” ဟု ပြောသည်။

သံတွဲမြို့နယ်က စစ်ကောင်စီတပ်ရင်း ခမရ ၅၆၆ နှင့် ခလရ ၅၅ ကို AA က သိမ်းပိုက်ပြီး သံတွဲမြို့ပေါ်နှင့် ငပလီမြို့ကို ထိန်းချုပ်ကာ ဂွမြို့နယ်က စစ်ကောင်စီ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီဟု စစ်ရေးသိသူများက ပြောသည်။

ဂွမြို့ ဝင်ပေါက်များဖြစ်သည့် ဂွ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ စစ်ကောင်စီတပ်ဂိတ်နှင့် ဂွ-သံတွဲလမ်းပေါ်ရှိ စစ်ကောင်စီတပ်ဂိတ်တို့တွင် လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသခံများက ပြောသည်။

ဂွမြို့နယ်မှာ စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီတပ်၏ ပိတ်ဆို့ကန့်သတ်ခြင်းကို အခြားမြို့နယ်များနည်းတူ ခံစားနေရသည့် မြို့နယ်တစ်ခုဖြစ်သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular