Western News
Homeစစ်ရေးစစ်ကောင်စီ ပစ်သတ်၍ နှစ်ပတ်ကျော်အတွင်း အမျိုးသမီး ၂၈ ဦးသေဆုံး

စစ်ကောင်စီ ပစ်သတ်၍ နှစ်ပတ်ကျော်အတွင်း အမျိုးသမီး ၂၈ ဦးသေဆုံး

နိုင်ငံတစ်ဝှမ်းတွင် အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် စက်တင်ဘာလ ၁ ရက်မှ ၁၇ ရက် နှစ်ပတ်ကျော်အတွင်း အမျိုးသမီး ၂၈ ဦး သေဆုံးခဲ့ရသည်ဟု AAPP က ထုတ်ပြန်ထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ သေဆုံးသူ အမျိုးသမီး ၂၈ ဦးကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

သေဆုံးသူ အမျိုးသမီး ၂၈ ဦးထဲက ၂၂ ဦးမှာ စစ်ကောင်စီ၏ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု AAPP က ဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့၊ နံနက် ၂ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ လုံးရန်းကျေးရွာအုပ်စု၊ ကျွဲကောပင်ကျေးရွာအား အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့သောကြောင့် နို့စို့အရွယ်ကလေးမိခင် နွယ်နွယ်စိုးအား ဗုံးစထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့သည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က “အကြမ်းဖက် စစ်အုပ်စုသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ဆက်လက် ကျူးလွန်နေခြင်းကြောင့် အမျိုးသမီးများသည်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ တခြားသော လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအပါအဝင် နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေရသည်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း စစ်ကောင်စီ၏ အမျိုးမျိုးသော ပစ်ခတ်သတ်ဖြတ်မှုများကြောင့် အမျိုးသမီး ၇၀ ဦးသေဆုံးခဲ့ရပြီး ၅၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ထားသည်။

ယင်းအထဲတွင် စစ်ကိုင်းတိုင်းက ၁၄ ဦး၊ မကွေးတိုင်းက ၁၀ ဦးနှင့် မန္တလေးတိုင်းက ၉ ဦး အများဆုံးသေဆုံးခဲ့ရပြီး အာဏာသိမ်းပြီးချိန်မှ ယခုအချိန်အထိ အမျိုးသမီး ၅၆၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း BWU ပြောဆိုထားသည်။

AAPP ၏ ၂၀၂၄ စက်တင်ဘာလ ၁၇ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်း ၅၆၆၅ ဦး သေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ ၂၇၃၈၆ ဦးရှိကြောင်း သိရသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular