Western News
Homeကျန်းမာရေးရခိုင်မှာ အရေပြားရောဂါ ပိုပျံ့နှံ့လာ၊ ကူးစက်ခံရသူ ၅၀၀ ကျော်အထိရှိနေ

ရခိုင်မှာ အရေပြားရောဂါ ပိုပျံ့နှံ့လာ၊ ကူးစက်ခံရသူ ၅၀၀ ကျော်အထိရှိနေ

ရခိုင်မြောက်ပိုင်း အထူးသဖြင့် ပုဏ္ဏားကျွန်းမြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် အရေပြားရောဂါ ပိုပျံ့နှံ့လာပြီး ကူးစက်ခံရသူ ၅၀၀ ကျော်အထိ ရှိနေကြောင်း စာရင်းပြုစုထားသူများထံမှ သိရသည်။

ကူးစက်ခံရသူအများစုမှာ စစ်ရှောင်များဖြစ်ပြီး မိုးဦးကာလ ဇွန်လကတည်းက စတင်ဖြစ်ပွားရာကနေ ယခုအချိန်အထိ တစ်ဦးတစ်ယောက်မျှ ပြန်လည်ကောင်းမွန်လာခြင်းမရှိဘဲ ပိုမိုပျံ့နှံ့လာခြင်း ဖြစ်ကြောင်း ပုဏ္ဏားကျွန်း လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” စဖြစ်တာက မိုးဦးကာလကတည်းက၊ ပြန်ကောင်းလာတာမရှိဘဲ ပိုကူးစက်လာတယ်။ ကျနော်တို့ လူ ၂၅၀၀ ကို စာရင်းကောက်ထားတဲ့အထဲ ၄၈၀ ကျော်လောက်က အရေပြားရောဂါကို ခံစားနေရတယ်။ လက်တွေ၊ ပေါင်တွေ၊ ကျောကုန်း၊ တင်ပါး၊ ခြေသလုံး၊ လည်ပင်း စသဖြင့် တချို့ဆို ခန္ဓာကိုယ်တစ်ခုလုံး ယားယံတာ၊ အဖုတွေပေါက်တာ၊ ယားလို့ ကုတ်ရင်းနဲ့ အနာဖြစ်နေကြတာ အများကြီးပါပဲ။ ” ဟု ပြောသည်။

အရေပြားရောဂါ အများဆုံးခံစားနေရသည့် စစ်ရှောင်များမှာ ပုဏ္ဏားကျွန်းမြို့ပေါ်က စစ်ရှောင်များနှင့် စစ်တွေမြို့နယ်က စစ်ရှောင်များဖြစ်ကြောင်းနှင့် စစ်တွေမြို့နယ်က ကျေးရွာများအစု ပုဏ္ဏားကျွန်းဒေသမှာ စစ်ရှောင်နေကြသည်။

စစ်ရှောင်စခန်းများတွင် လူပွတ်သိပ်စွာ နေထိုင်ရခြင်း၊ ပတ်ဝန်းကျင်မသန့်ရှင်းခြင်း၊ ရေမသန့်ရှင်းခြင်းနှင့် လုံလောက်ဆေးဝါးကုသမှု မခံယူရခြင်းတို့ကြောင့် အရေပြားရောဂါဖြစ်ပွားသူဦးရေ တိုးလာခြင်းဖြစ်သည်ဟု လင်းရောင်ခြည်ဖောင်ဒေးရှင် တာဝန်ရှိသူက ဆိုသည်။

ULA/AA ကျန်းမာရေးဌာနမှ ဆေးအဖွဲ့ လာရောက်ကုသမှုရှိသော်လည်း အရေပြားရောဂါဖြစ်ပွားသူ ဦးရေအားလုံးကို ကာဗာမလုပ်နိုင်ခြင်းနှင့် ဆေးဝါးများ မစုံမလင်မှုများကြောင့် ရောဂါဝေဒနာ ပိုခံစားနေရသည်ဟု ပုဏ္ဏားကျွန်းဒေသတွင် စစ်ရှောင်နေသူ စစ်တွေဒေသခံတစ်ဦးက ပြောသည်။

” အုပ်ချုပ်ရေးအဖွဲ့တွေကတော့ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေနဲ့ လာကုပေးတော့ ရှိပါတယ်။ ဒါပေမယ့် သူတို့က အားလုံးကို မကုပေးနိုင်ဘူးလေ။ ပြီးတော့ ဆေးဝါးက မစုံမလင်။ သူတို့မှာ ဆေးဝါးမရှိဘူး။ ဆေးကုနေရင်းနဲ့ ကောင်းနိုးနိုးဖြစ်နေချိန် ဆေးက ပြတ်သွားတော့ ထပ်ပွားလာရော။ တချို့ဆို လုံးဝ မကုရတဲ့သူတွေရှိတယ်။ ကလေးတွေလည်း အများကြီးပါပဲ။ သူတို့မှာဆို ယားလို့ ကုတ်ရင်းနဲ့ အနားအကြီးကြီး ဖြစ်သွားတာတွေလည်းရှိနေတယ်။ ဒီရောဂါက အချိန်မီမကုနိုင်ရင် နာတာရှည်ရောဂါလိုမျိုး ဖြစ်သွားတတ်တယ်လို့ သိထားပါတယ်။ ဝေဒနာတွေ အမြန်ဆုံး ပျောက်စေချင်နေပါပြီ။ ” ဟု ပြောသည်။

လင်းရောင်ခြည်ဖောင်ဒေးရှင်းက ကောက်ယူထားသည့် အရေပြားရောဂါဖြစ်သွားသူ လူ ၄၈၀ ကျော်ထဲတွင် ဆယ်နှစ်အောက် ကလေး ၁၁၂ ဦးနှင့် ငါးနှစ်အောက် ကလေး ၄၀ ဦးပါဝင်နေသည်။

ယင်းအပြင် မင်းပြားမြို့နယ် ခွဆုံကျေးရွာတွင်လည်း ကလေးငယ်များအပါအဝင် လူ ၅၀ ကျော် အရေပြားရောဂါဝေဒနာ ခံစားနေရပြီး လတ်တလောစာရင်းအရ ရခိုင်မှာ စုစုပေါင်း ၅၀၀ ကျော်အထိ ကူးစက်ပျံ့နှံ့လာနေခြင်းဖြစ်သည်။

မင်းပြား ခွဆုံကျေးရွာမှာ ချင်းလူမျိုးနေထိုင်ရာ ကျေးရွာတစ်ရွာဖြစ်ပြီး အရေပြားရောဂါခံစားနေရသော ကလေးငယ်များမှာ စိုးရိမ်ရသည့်အတွက် ၆ ဦးထက်မနည်း ဆေးရုံတင်ထားရကြောင်း ရွာသားများထံမှ သိရသည်။

ပုဏ္ဏားကျွန်းဒေသမှာ စစ်ရှောင် ၁၀,၀၀၀ ခန့်ရှိပြီး ယင်းအထဲက လူ ၂,၅၀၀ စာရင်းကောက်ယူထားသည့်အထဲ လူ ၅၀၀ အရေပြားရောဂါ ဖြစ်ပွားနေပါက အဆိုပါ စစ်ရှောင် တစ်သောင်းအား အလုံစုံစာရင်းကောက်ယူနိုင်မည်ဆိုလျှင် အရေပြားရောဂါ ခံစားနေရသူ ပိုများပြားမည်ဟု လင်းရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူက ဆိုသည်။

ပုဏ္ဏားကျွန်းဒေသတွင် အရေပြားရောဂါ ခံစားနေရသော လူ ၄၈၀ ကျော်ထဲက ၁၀၀ ကျော်ကို ငွေကျပ် ၃၀,၀၀၀ စီ အခြားသော အရပ်ဘက်အဖွဲ့တစ်ခုနှင့် ပူးပေါင်းကာ ထောက်ပံ့ပေးခဲ့ကြောင်း လင်းရောင်ခြည်ဖောင်ဒေးရှင်းက ဆိုသည်။

အဆိုပါ ထောက်ပံ့ငွေမှာ အရေပြားရောဂါ လျှော့ချရေးအတွက် ဆေးဝယ်ခြင်း သို့မဟုတ် ဆေးကုသမှုခံယူရန် ပေးခြင်းဖြစ်သော်လည်း ရခိုင်မှာ အရေပြားရောဂါနှင့်ပတ်သက်ပြီး ဆေးဝါး လုံးဝ ဝယ်ယူ၍မရကြောင်း စစ်ရှောင်များက ပြောဆိုနေကြသည်။

ရခိုင်မြောက်ပိုင်းက မြို့အများစုနှင့် နယ်စပ်ဒေသကို အာရက္ခတပ်တော် AA က ထိန်းချုပ်သိမ်းပိုက်ထားသည့်အတွက် ဒေသခံပြည်သူများ၏ အရေးတကြီးလိုအပ်နေသော ဆေးဝါးများနှင့် အခြေခံစားသောက်ပစ္စည်းများအား ဖြည့်ဆေးရန် တောင်းဆိုနေကြသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
319FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular