Western News
Homeနိုင်ငံရေးပါတီ ဗဟိုရုံးချုပ် ဖြိုချ ဖျက်ဆီး ခံရခြင်း မရှိဟု ANP ဆို

ပါတီ ဗဟိုရုံးချုပ် ဖြိုချ ဖျက်ဆီး ခံရခြင်း မရှိဟု ANP ဆို

ရခိုင်ပြည် စစ်တွေမြို့ တရားသီးစု ရပ်ကွက်တွင် ရှိသည့် ရခိုင်အမျိုးသားပါတီ ANP ဗဟို ပါတီရုံးချုပ် ဖြိုချဖျက်ဆီး ခံရခြင်းသတင်းမှာ မဟုတ်မမှန်ကြောင်း ပါတီ ဗဟိုအလုပ်မှုဆောင်များက ပြောဆိုသည်။

စက်တင်ဘာလ ၂၁ ရက်နေ့တွင် စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ ANP ရုံးကို စစ်ကောင်စီတပ်မှ စစ်သား၊ ရဲအင်အားများဖြင့် လာရောက်ပြီး ဖြိုချ ဖျက်ဆီးသွားကြောင်း လူမှုကွန်ရက်စာက်မျက်နှာ အချို့မှာ ရေးသား ဖော်ပြကြသည်။

ရခိုင်အမျိုးသားပါတီ ANP ဗဟို အလုပ်မှုဆောင် တစ်ဦးက ” အဲ့ဒီသတင်းက မဟုတ်ဘူးဗျ။ သတင်းအမှားသာ ဖြစ်တယ်။ အဲ့ဒီပတ်ဝန်းကျင်မှာနေတဲ့ လူငယ်တွေက ရုံးမှာ နေကြတယ်။ ကျနော်တို့ အဲ့ဒီလူငယ်တွေက ရုံးမှာနေကြတာကို သိထားတာကြာပြီ၊ ပတ်ဝန်းကျင်ကလူငယ်တွေဆိုပြီး နားလည်ပေးထားကြတယ်။ အဲ့ဒီမှာ လူငယ်တွေက အပြင်ထွက်ကြတယ်။ အဲ့ဒီမှာ စစ်သားတွေ ကင်းလှည့်နေချိန်မှာ ထိပ်တိုက်တိုးတော့ အဲ့ဒီအိမ်ထဲကို ဝင်ပြေးကြတယ်။ အဲ့ဒီမှာ စစ်သားတွေက ဝိုင်းပြီးတော့ ဝင်ဖမ်းကြတယ် “ဟုပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်သားများက ဝင်ရောက်ဖမ်းချိန်တွင် အိမ်၏ တံခါးပေါက်အနည်းငယ်သာ ပျက်စီးသွားခဲ့ပြီး အခြားပစ္စည်းများ ဖြိုချဖျက်ဆီးခြင်း မရှိကြောင်း ယနေ့ နံနက်ပိုင်းက ပါတီရုံးကို သွားရောက် ကြည့်ရှု့ခဲ့သူ ပါတီ ဗဟိုအလုပ်မှုဆောင်တစ်ဦးက ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ စစ်ကောင်စီ တပ်သားတစ်ဦး ထွက်ပြေးရာမှာ အဆိုပါ ရပ်ကွက်အတွင်း လိုက်လံရှာဖွေရာ ယင်းအနီးအနားနေထိုင်သည့် လူငယ်များလည်း ကြောက်လန့် ထွက်ပြေးရာ၌ စစ်ကောင်စီတပ်သားများနှင့် ထိပ်တိုက်တိုးရာ ပိတ်ဆို့ ဖမ်းဆီးခြင်းသာဖြစ်ကြောင်း သိရသည်။

နောက်ထပ် ANP ပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးက “ကျနော်တို့ ရုံးမှာ ပါတီဝင်တွေ ရုံးဝန်ထမ်းတွေ မနေတော့ဘူး။ တော်တော်ကြာနေပြီ။ ရုံးကို ဒီအတိုင်းပဲ ပိတ်ထားကြတာပါ။ ရုံးမှာလည်း အကုန်ဖောက်ထွင်းခံရတာတွေရှိတယ်။ ဆောင်းဘောက်တွေ၊ ခုံတွေ၊ မော်တာစက်တွေ၊ ရေတိုင်ကီတွေ အကုန် ဖောက်ထွင်းခံရတာတွေ ရှိတယ်။ ရုံးမှာ ရုံးစောင့်ဘာညာတွေ မထားဘူးပေါ့နော်။ ပါတီဆိုင်းဘုတ်ကလည်း ဖြုတ်ထားတာကြာပြီ။ ပါတီရုံးချုပ် ဖြိုချဖျက်ဆီး ခံရတယ် ဆိုတဲ့သတင်းက အမှား ဖြစ်ပါတယ်”ဟုပြောသည်။

ရခိုင်အမျိုးသားပါတီ ANP ကို မှတ်ပုံတင်ခြင်း ဥပဒေ (၇) ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် နည်းဥပဒေ ပုံစံ (ဆ)နှင့် စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ငြင်းပယ်ထားသည်။

စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ မှတ်ပုံတင်ခွင့် ချမပေးသည့် ပါတီများထဲတွင် ရခိုင့်အမျိုးသားပါတီ ANP အပြင် တစ်ခြားတိုင်းရင်းသားပါတီများဖြစ်သည့် ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ကချင်အမျိုးသား ကွန်ဂရက်ပါတီနှင့် တစ်ခြား ပြည့်သူပါတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီတို့လည်း ပါဝင်ပြီး စုစုပေါင်း ၂၈ ပါတီ ခန့်ကျန်နေသေးကြောင်း သိရသည်။

စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဘက်မှ ရခိုင်အမျိုးသားပါတီ ANP အား မှတ်ပုံတင်ခွင့် မချပေးသေးခြင်းမှာ မည်သည့် အကြောင်းရင်းကြောင့် ဖြစ်သည်ကို မသိရှိရဟု ရခိုင်အမျိုးသာပါတီမှ တာဝန်ရှိသူများက ပြောသည်။

ယခင်က ရခိုင်တွင် တရားဝင်နိုင်ငံရေးပါတီအဖြစ်တည်ရှိခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ (DNDP) တို့သည် ပါတီမှတ်ပုံတင်ခွင့် ပြန်လျှောက်ထားခြင်းမရှိခဲ့သဖြင့် စစ်ကောင်စီရွေးကောက်ပွဲဥပဒေအရ အလိုအလျောက် ပါတီအဖြစ်မှ ရပ်ဆိုင်းခံခဲ့ရသည်။

ရခိုင်အမျိုးသားပါတီ ANP ကို ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ ALD ချုပ်တို့ ပူးပေါင်းကာ ၂၀၁၄ ခုနှစ်က တည်ထောင်ခဲ့သည့် ပါတီလည်းဖြစ်သည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
318FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular