Western News
Homeစီးပွားရေးရခိုင်မှာ ပြည်မနှင့် နိုင်ငံခြားထုတ် အရက်၊ ဘီယာ ယစ်မျိုးကုန်များ ရောင်းချခွင့် ULA/AA ပိတ်ပင်

ရခိုင်မှာ ပြည်မနှင့် နိုင်ငံခြားထုတ် အရက်၊ ဘီယာ ယစ်မျိုးကုန်များ ရောင်းချခွင့် ULA/AA ပိတ်ပင်

(အမိန့်စာအပေါ် ULA/AA ပြောခွင့်ရ ဦးခိုင်သုခက အတည်ပြုပြောဆိုခြင်း မရှိသေးပေ)

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသော ပြည်မနှင့် နိုင်ငံခြားထုတ် အရက်၊ ဘီယာ၊ ဝိုင် ယစ်မျိုးကုန်မှန်သမျှကို ရခိုင်ပြည်အတွင်း ရောင်းချခွင့်၊ တင်သွင်းခွင့် ပိတ်ပင်ကြောင်း ULA/AA ၏ နိုဗာ – ၁ စစ်ဒေသ နိုင်ငံရေးဌာနက ထုတ်ပြန်သည့်စာတစ်စောင် ယနေ့ စက်တင်ဘာလ ၂၁ ရက်တွင် လူမှုကွန်ရက်၌ ပျံ့နှံ့လာသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ကစပြီး ပြည်မမြို့များက ထုတ်လုပ်သော အရက်၊ ဘီယာများနှင့် နိုင်ငံခြားမှ တင်သွင်းလာသော အရက်၊ ဘီယာများကို ရခိုင်ပြည်အတွင်း ရောင်းချခွင့် လုံးဝမရှိဟု ထုတ်ပြန်ချက် အမိန့်က ဆိုသည်။

တင်သွင်းပြီးသော လက်ကျန်ရှိနေသည့် နိုင်ငံခြားထုတ်၊ ပြည်မထုတ် အရက်၊ ဘီယာများ၊ ဝိုင်များ ယစ်မျိုးကုန်မှန်သမျှကို စက်တင်ဘာလ ၁၉ ရက်နေ့စပြီး ၃ လအတွင်း အပြီးသတ်ကုန်အောင် ရောင်းချရမည်ဟု အသိပေးထားသည်။

အာရက္ခအမျိုးသားအဖွဲ့ချုပ် ULA ဗဟိုရုံးချုပ်က ထုတ်ပြန်သော အမိန့်စာဆိုပြီး ရခိုင်ပြည် မြို့နယ်အများစုတွင် ပျံ့နှံ့နေကြောင်း ရသေ့တောင်၊ ရမ်းဗြဲ၊ တောင်ကုတ်နှင့် မြောက်ဦး၊ မင်းပြားမှ ဒေသခံများက ပြောသည်။

မင်းပြားဒေသခံတစ်ဦးက ” ဟုတ်တယ် ကျနော်ဒေသမှာလည်း အဲလို ပြောနေတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေကို သွားမေးလည်း ဟုတ်တယ်လို့ ပြောတယ်။ ပြည်မက ထုတ်တဲ့ အရက်၊ ဘီယာ၊ ဆေး စသဖြင့် လုံးဝရောင်းခွင့်မရှိဘူး။ တင်သွင်းခွင့်လည်းမရှိဘူးလို့ ပြောတယ်။ ဘာကြောင့် ပိတ်တယ်ဆိုတာတော့ အသေးစိတ် မပြောဘူး။ ” ဟု ပြောသည်။

အာရက္ခတပ်တော် AA ရခိုင်ပြည်အတွင်း ၂၀၁၈ ခုနှစ်က တိုက်ပွဲစတင်ဖော်ကတည်းက ပြည်မက လာသည့် အရက်၊ ဘီယာ၊ ဆေးလိပ် အထူးသဖြင့် စစ်ကောင်စီထုတ်ကုန်များကို မသုံးစွဲရန် စည်းရုံးလှုံ့ဆော်မှုများရှိခဲ့ကြသည်။

သို့သော်လည်း ပပျောက်ခြင်းမရှိဘဲ လျော့နည်းလာခြင်းသာရှိပြီး ၂၀၂၀ ကနေ ၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်အတွင်း အရက်၊ ဘီယာ ဖြန့်ဝေသုံးစွဲမှုမှာ ပုံမှန်အခြေနေသို့ ပြန်လည်ရောက်ရှိသွားကြောင်းနှင့် ယခု တစ်ခါ ပြန်လည် တင်းကျပ်လားခြင်းဖြစ်သည်။

ရခိုင်ပြည် ပြင်ပ ပြည်မမြို့များအားလုံးတွင် အာဏာသိမ်း စစ်ကောင်စီနှင့် ဆက်နွယ်နေသော ထုတ်ကုန်များ၊ စစ်ကောင်စီ ထုတ်ကုန်များနှင့် စစ်ကောင်စီငွေလမ်းကြောင်းရှိ ထုတ်ကုန်များကို အသုံးမပြုကြရန် တော်လှန်ရေးအင်အားစုများနှင့် ဒီမိုကရေစီအင်အားစုများက ကန့်ကွက်ဆန္ဒဖော်ထုတ်ခြင်း၊ သပိတ်မှောက်ခြင်းများကို အာဏာသိမ်းပြီးအချိန်းကတည်းက ယခုအချိန်အထိ ပြုလုပ်နေကြဆဲဖြစ်သည်။

ယခု ထုတ်ပြန်ချက်အမိန့်စာ မထွက်ခင်ကတည်းက ရှိနေကြသည့် ရခိုင်ပြည်ရှိ ပြည်မနှင့် နိုင်ငံခြားထုတ် အရက်၊ ဘီယာ၊ ဆေးလိပ်များကို ရောင်းချခွင့်ပြုထားကြောင်းလည်း ရသေ့တောင်မြို့ခံ ကုန်သည်တစ်ဦးက ပြောသည်။

” အမိန့်စာက ၁၉ ရက်နေ့က စတယ်ပေါ့နော်။ ဒါပေမယ့် အဲဒီအမိန့်စာ မထွက်ခင်ကတည်းက တင်သွင်း ရောင်းချနေကြတဲ့ အရက်၊ ဘီယာတွေကိုတော့ ကုန်အောင်အထိ ရောင်းချခွင့် ဒေသအာဏာပိုင်တွေက ခွင့်ပြုပေးထားတယ်။ အရင်ကတည်း ရခိုင်မှာ အရက်မရောင်းရဆိုတဲ့ပုံစံမျိုးရှိခဲ့ကြပါတယ်။ AA က ပိတ်ပင်ထားတာရှိသလို ကိုယ့်ရပ်ရွာအလိုက် ပိတ်ပင်ထားကြတာလည်းရှိပါတယ်။ အခုကတော့ မလုပ်မနေရ အမိန့်စာပေါ့လေ။ ” ဟု ပြောသည်။

ပရဟိတ လူငယ်တစ်ဦးက ” ဒီ မူးယစ်နဲ့ ပတ်သက်တဲ့ကိစ္စကတော့ စာထုတ်တာ ကောင်းပါတယ်။ အခု မြန်မာနိုင်ငံမှာ ထုတ်နေကြတဲ့ အရက်၊ ဘီယာ အားလုံးဟာ ဒီစစ်တပ်ကုမ္ပဏီဖြစ်တဲ့ ဦးပိုင်ကုမ္ပဏီနဲ့ မကင်းလွတ်တဲ့ ကုမ္ပဏီတွေသာ ဖြစ်တယ်။ ဒါ့ကြောင့် အရက်ကို ပိတ်လိုက်တဲ့အတွက် ဘာပဲဖြစ်ဖြစ် စစ်တပ်က ကုမ္ပဏီတွေကို တစ်စုံတစ်ရာ စီးပွားရေး ထိခိုက်မှုကိုဖြစ်စေတယ်။ ဒီလုပ်ရပ်က ကောင်းတဲ့အရာဖြစ်တယ်။ ” ဟု ပြောသည်။

အဆိုပါ အရက်၊ ဘီယာ မရောင်းချ၊ မတင်သွင်းရ အမိန့်စာမှာ ULA/AA ၏ တရားဝင်ထုတ်ပြန်ချက် စာမျက်နှာများမှ ထုတ်ပြန်ထားခြင်းမရှိ၍ အမှန်တကယ်ဟုတ်မဟုတ်ကို သိရှိနိုင်ရန် Western News က ULA/AA ပြောခွင့်ရ ဦးခိုင်သုခအား မေးမြန်းရာ တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုခြင်းမရှိပေ။

ယခုထုတ်ပြန်သော အမိန့်စာမှာ နိုဗာ (၁) စစ်ဒေသ နိုင်ငံရေးဌာနမှ နိုင်ငံရေးမှူးက အာရက္ခဒေသ (ရခိုင်ပြည်အတွင်း) ဟု သုံးနှုန်းကာ ထုတ်ပြန်ထားပြီး နိုဗာ (၁) စစ်ဒေသ နိုင်ငံရေးမှူးသည် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းဖြစ်ပြီး ထုတ်ပြန်ချက် အမိန့်စာ ဟုတ်မဟုတ်ကို သိရှိနိုင်ရန် ဦးဖေသန်းအား Western News က ဆက်သွယ်နေဆဲဖြစ်သည်။

သို့သော်လည်း အွန်လိုင်းမှာ ပျံ့နှံ့နေသော အဆိုပါအမိန့်စာကို မြေပြင်က အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများမှာ လိုက်နာဆောင်ရွက်နေကြကြောင်း စုံစမ်းသိရသည်။

Western News MM
Western News MMhttps://westernnewsmm.com/
Western News is a Myanmar-based news outlet that monitors and investigates injustices and human rights
RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
318FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular