Western News
Home Blog Page 51

မြန်မာလူဦးရေ ၄၂ သန်း ဆင်းရဲမွဲတေမှုဖြင့် ရင်ဆိုင်နေရ

0
ပုံစာ - မြန်မာနိုင်ငံအတွင်း အာဏာသိမ်းပြီးနောက်ပိုင်း တွေ့ရသော စစ်ရှောင်ကလေးငယ်များ။

၂၀၂၂ ခုနှစ်၊ ခန့်မှန်းလူဦးရေ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၅ ဒသမ ၈ သန်းရှိသည့်အနက် ၇၅ ရာခိုင်နှုန်းရှိ ၄၂ သန်းသော ပြည်သူများသည် ဆင်းရဲမွေးတေမှုဖြင့် ရင်ဆိုင်နေရသည်ဟု UNDP Myanmar က ယနေ့ ထုတ်ပြန်သည်။

ဆင်းရဲမွေးတေမှု ၇၅ ရာခိုင်နှုန်းသို့ ရောက်ရှိသွားခြင်းမှာ စစ်တပ်က အာဏာသိမ်းပြီး ၃ နှစ်တာကာလအတွင်း လူလတ်တန်းစား လူဦးရေ ၅၀ ရာခိုင်နှုန်း ကျဆင်းသွားခြင်းကြောင့်ဖြစ်သည်ဟု UNDP က ထောက်ပြထားသည်။

ထို့အပြင် လူပေါင်း ၁၃ ဒသမ ၃ သန်းသည် စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံသည် အမေ့အပျောက်ခံ အကျပ်အတည်းတစ်ခုအဖြစ် ရှိနေသေးကြောင်း UNDP ကဆိုသည်။

၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကုလသမဂ္ဂမှတဆင့် ဖွံ့ဖြိုးရေးအကူအညီသည် ၄၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ရပြီး တစ်ချိန်တည်းတွင် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဥ်များသည်လည်း ရံပုံငွေမလုံလောက်ဘဲ ရှိနေသည်။

အဆမတန်ကြီးထွားလာနေသော လိုအပ်ချက်ကို တုံ့ပြန်ရန်မှာ စိန်ခေါ်မှုဖြစ်သော်လည်း ဖြစ်နိုင်ပါသေးပြီး UNDP သည် လူပေါင်း ၂ သန်းကျော်ကို ရောက်ရှိကူညီခဲ့ပြီးဖြစ်ကာ လာမည့် ၂၀၂၅ နှစ်ကုန်တွင် လူပေါင်း ၈ သန်း​အထိ ကူညီနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော နိုင်ငံရေးအခြေအနေအရ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အကူအညီနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၌ ချဉ်းကပ်ပုံကို ပြန်လည် ဖွဲ့စည်းပုံဖော်ထားသည်ဟု UNDP က ပြောသည်။

“လုပ်အားအတွက် ငွေသားပေးအပ် ထောက်ပံ့ခြင်း” အစီအစဉ်များအပြင် လယ်ယာကဏ္ဍမြှင့်တင်ခြင်းမှ ဒေသခံတောင်သူလယ်သမားများအတွက် အထောက်အပံ့ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအထိ၊ UNDP သည် လတ်တလောလိုအပ်ချက်များကို ဖြေရှင်းရန် လုပ်ဆောင်နေကြောင်း သိရသည်။

ထို့အပြင် ရပ်ရွာမှ ဦးဆောင်သည့် ချဥ်းကပ်ကူညီမှုများဖြင့် စားနပ်ရိက္ခာ လက်လှမ်းမီမှုနှင့် ဆင်းရဲမွဲတေမှုကို ကိုင်တွယ်ဖြေရှင်းရန် ပြည်တွင်းသာမက နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း UNDP က ပြောသည်။

သံတွဲနဲ့ ငပလီမှာ ဘာတွေဖြစ်ပျက်နေသလဲ

0

(သံတွဲလေဆိပ်နဲ့ ခမရ ၅၆၆ တပ်ရင်းကို AA က သိမ်းပိုက်လိုက်တာ တကယ်ဟုတ်သလား)

ရခိုင်ပြည် သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ခိုက်မှု ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး သံတွဲက စစ်ကောင်စီတပ်စခန်းနဲ့ တပ်ရင်းတွေကို AA က ထိုးစစ်ဆင်တိုက်နေတာ ကြာပြီဖြစ်ပါတယ်။

ငပလီမြို့ထဲက သံတွဲလေဆိပ် (မဇင်လေဆိပ်) နဲ့ ကပ်လျှပ်ရှိတဲ့ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၆၆ တပ်ရင်းကို အာရက္ခတပ်တော် AA က မနေ့က သိမ်းပိုက်လိုက်ပြီလို့ သတင်းထွက်နေသလို ဒီနေ့ နံနက်ပိုင်းကမှ သိမ်းလိုက်တာ ဖြစ်တယ်လို့လည်း သတင်းတွေ အမျိုးမျိုးတွေ ထွက်ပေါ်နေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး Western News က ဒေသခံ ၁၀ ဦးထက်မနည်းကို ဆက်သွယ်မေးရာမှာ AA က သံတွဲလေဆိပ်ကို သိမ်းလိုက်ပြီလို့ တူညီသော အဖြေကို ပေးခဲ့ကြပေမယ့် AA ပြောခွင့်ရ ဦးခိုင်သုခအား မေးမြန်းရာ တုန့်ပြန်ဖြေကြားမှုမရှိပေ။

သံတွဲလေဆိပ်နဲ့ ခမရ ၅၆၆ တပ်ရင်းကို သိမ်းပိုက်လိုက်တာ ဟုတ်မဟုတ်ကို မသိရပေမယ့် AA တပ်ဖွဲ့ဝင်တွေက ခလရ ၅၅ တပ်ရင်းကို ချဉ်းကပ်လာနေတယ်လို့ စစ်ရေးအခြေအနေသိသူ ဒေသခံတစ်ဦးက ပြောပါတယ်။

” မနေ့ကတည်းက သံတွဲလေဆိပ် (မဇင်လေဆိပ်) ကို တပ်တော်က သိမ်းလိုက်ပြီလို့ ပြောနေကြတယ်။ လေဆိပ်သိမ်းရင်တော့ ၅၆၆ တပ်ရင်းကိုပါ သိမ်းရမယ်။ လေဆိပ်နဲ့ ၅၆၆ တပ်ရင်းက ကပ်လျှက်ဆိုတော့လေ။ ဒီနေ့ မနက်ပိုင်းမှာ AA တပ်ဖွဲ့ဝင်တွေဟာ လေဆိပ်ကိုဖြတ်လာပြီး ဇီးဖြူကုန်းတံတားအကျော် နတ်ရေကန် ငပလီဈေးနားသို့ ရောက်လာပြီလို့ သိရပါတယ်။ ငပလီလမ်းဆုံမှာရှိနေတဲ့ ခလရ ၅၅ တပ်ရင်းကို တိုက်ခိုက်ဖို့ ချဉ်းကပ်နေပြီလို့လည်း သိရပါတယ်။ ဒါပေမယ့် အတည်ပြုဖို့တော့ ခက်အုံးမယ်။ ဖုန်းလိုင်းတွေက အားလုံးဖြတ်တောက်ခံထားရတော့လေ။ ” လို့ ပြောပါတယ်။

တချို့ဒေသခံတွေကတော့ မနေ့က သံတွဲလေဆိပ်ကို ထိန်းချုပ်လိုက်ရုံသာဖြစ်ပြီး ဒီနေ့ ဇွန်လ ၂၄ ရက် နံနက်ကမှ သိမ်းပိုက်ပြီး ခမရ ၅၆၆ တပ်ရင်းကိုတော့ မသိမ်းပိုက်ရသေးဘူးလို့လည်း သတင်းတွေက ထွက်ပေါ်နေပါတယ်။

ငပလီမြို့ရဲ့ စစ်ရေးအခြေအနေကို နောက်ဆုံးသိထားသူ ဒေသခံတစ်ဦးက ” မနေ့က သံတွဲလေဆိပ်ကို ထိန်းချုပ်ရုံပဲ ထိန်းချုပ်ခဲ့တာပါ။ ဒီနေ့ မနက်ကမှ သိမ်းပိုက်လိုက်တာ ဖြစ်တယ်။ ခမရ ၅၆၆ တပ်ရင်းကို AA က မသိမ်းပိုက်ရသေးဘူးလို့ ကျနော့် အသိတွေက ပြောတယ်။ အခု ခမရ ၅၆၆ တပ်ရင်းက တပ်ဖွဲ့ဝင်တွေနဲ့ ခလရ ၅၅ တပ်ရင်းက တပ်ဖွဲ့ဝင်တွေ ပေါင်းပြီး AA ဆီမှာ လက်နက်ချ အညံ့ခံမယ်လို့ ကြားနေရတယ်။ အတည်တော့ မပြုနိုင်သေးဘူးပေါ့နော်။ ” လို့ ပြောပါတယ်။

ဒီနေ့ ဇွန်လ ၂၄ ရက် မနက်ပိုင်းမှာ မနေ့ကလို သံတွဲလေဆိပ်၊ ဇီးဖြူကုန်း၊ ခမရ ၅၆၆ တပ်ရင်းနဲ့ ခလရ ၅၅ တပ်ရင်းအနီးတဝိုက် တိုက်ပွဲဆက်လက်ဖြစ်နေကြပြီး သံတွဲမြစ်ထဲက စစ်ကောင်စီနေဗီတွေနဲ့ မောင်ရွှေလေးရေတပ်တို့က လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတယ်လို့ သိရပါတယ်။

စုံစမ်းချက်အရ ငပလီမြို့ကို အာရက္ခတပ်တော် AA မှ လေးဘက်လေးတန် ဝိုင်းရံပိတ်ဆို့ထားပြီး သံတွဲလေဆိပ်ကို ထိန်းချုပ်ထားတာ ပြောနိုင်သလို ခမရ ၅၆၆ တပ်ရင်းနဲ့ ခလရ ၅၅ တပ်ရင်းတို့ကို လက်နက်ချ အညံ့ခံဖို့ ပြောဆိုထားကြောင်းကို Western News အနေနဲ့ အတည်ပြုနိုင်ပါတယ်။

သံတွဲမြို့ပတ်လည်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်စခန်းတွေ၊ အမြောက်တပ်ရင်းတွေကလည်း သံတွဲမြို့ထဲသို့ ဆုတ်ခွာနေသလို စစ်ကြောင်းအလိုက် ငပလီမြို့ထဲမှာရှိတဲ့ ခလရ ၅၅ တပ်ရင်းသို့ ဆုတ်ခွာစုပေါင်းနေတယ်လို့ စစ်ရေးအခြေအနေသိသူတွေက ပြောဆိုကြတပါတယ်။

နောက်ထပ် ဒေသခံ စစ်ရေးသိသူတစ်ဦးက ” သံတွဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရော၊ ငပလီမှာ ပျံ့နေတဲ့ တပ်ဖွဲ့ဝင်တွေရော ခလရ ၅၅ တပ်ရင်းကို အကုန်လုံး ဆုတ်ခွာ စုနေကြတယ်လို့ သိရတယ်။ သံတွဲမှာဆိုရင် ဘားဒါန်းတောင် အမြောက်တပ်က သူတွေဟာ ရဲစခန်းကို ဆုတ်ခွာ၊ အဲဒီကတစ်ဆင့် ငပလီမြို့ထဲက တပ်ရင်းကိုဆုတ်ခွာနေတယ်လို့ သိရတယ်။ AA ကတော့ သံတွဲရော၊ ငပလီမြို့ကိုရော အကုန်လုံးဝိုင်းရံပိတ်ဆို့ထားတယ်။ ” လို့ ပြောတယ်။

မနေ့က ငပလီမြို့ကို AA က ထိန်းချုပ်သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ တပြိုင်တည်းမှာ သံတွဲမြို့ထဲကို ဝင်ရောက်ဖို့လည်း ကြိုးစားခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် သတင်းအချက်အလက် ပေါက်ကြားမှုတွေကြောင့် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေကျောင်းပြင်ကျေးရွာ အရပ်သား အနည်းဆုံး ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သံတွဲပြည်သူ့ဆေးရုံ၌ ဆေးကုမှုခံယူနေရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဖုန်းလိုင်းတွေနဲ့ အင်တာလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့အတွက် သံတွဲမြို့နဲ့ ငပလီမြို့ရဲ့ စစ်ရေးအခြေအနေ အမှန်ကို သိရဖို့ ခက်ခဲနေပြီး သံတွဲလေဆိပ်သိမ်းပိုက်ရရှိတာ၊ လေဆိပ်နဲ့အတူ လေယာဉ်နှစ်စီးပါ သိမ်းပိုက်ရရှိတာနဲ့ ခမရ ၅၆၆ တပ်ရင်းကိုပါ သိမ်းလိုက်ပြီဆိုတာတွေကို အာရက္ခတပ်တော် AA အား မေးမြန်းထားဆဲဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း သံတွဲမြို့နယ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာတွေကို မတွေ့ရသေးပါဘူး။

ကော့သောင်းက စစ်ရှောင် ၂၀၀ နီးပါး ထိုင်းဘက်ကို ထွက်ပြေးခိုလှုံ

0

တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့ မာရမ်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံစစ်ရှောင် ၂၀၀ နီးပါးသည် ထိုင်းဘက်ခြမ်းကို ယာယီထွက်ပြေးခိုလှုံနေရကြောင်း စစ်ရှောင်များနှင့် ဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ခမောက်ကြီးမြို့ မာရမ်းကျေးရွာရှိ စစ်ကောင်စီ၏ ရဲစခန်းကို ဇွန် ၂၂ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ချိန် အပြန်အလှန် နှစ်ဖက်ပစ်ခတ်မှုကြောင့် အသက် ၄၃ နှစ်အရွယ်ရှိ ကော့သောင်း (ပကဖ) အဖွဲ့က ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရကာ အလာတူ ရဲတပ်ဖွဲ့ဝင်နှစ်ဦးလည်း သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိကြောင်း သိရသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

မြေပြင်ရှိ ရဲဘော်တစ်ဦးက “PDF ရဲဘော်က တိုက်ပွဲဖြစ်နေချိန် ရဲစခန်းဂိတ်တံခါးကို ဝင်ရောက်ဆွဲဖွင့်ရာမှ စစ်တပ်ကပစ်လိုက်တဲ့ ကျဉ်ထိပြီး ကျဆုံးသွားတာ ဖြစ်တယ်” ဟု ပြောသည်။

တော်လှန်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်သည့် အဆိုပါ ရဲစခန်းတွင် အင်အားမရှိဟုဆိုကာ သွားရောက်တိုက်ခိုက်ရာမှ စစ်ကောင်စီဘက်က ရဲတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်သားများ ပေါင်းပြီး အင်အား ၃၀ နီးပါးရှိနေကြောင်း တော်လှန်ရေး ရဲဘော်များထံမှ သိရသည်။

ယင်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့မှ လက်နက်အင်အားမမျှ၍ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မာရမ်းရွာရှိ အရပ်သား ၂၀၀ ကျော်ဟာ ထိုင်းနိုင်ငံနယ်စပ်ဘက်ကို ယင်းနေ့ ညနေ ၅ နာရီအချိန်တွင် ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း ဒေသခံ စစ်ရှောင်များထံမှ သိရသည်။

လက်ရှိတွင် နှစ်ဖက်တိုက်ပွဲကြောင့် သက်ကြီးပိုင်းနှင့် ကလေးသူငယ်များ အပါအဝင် ဒေသခံပြည်သူ ၂၀၀ ကျော်သည် ထိုင်းနိုင်ငံ၊ ကရဘူရီမြို့နယ်၊ နမ်းကျု့ကျေးရွာအုပ်စု၊ နမ်းဒင်ကျေးရွာဘက်တွင် ရောက်ရှိနေကြောင်း ထိုင်းဘက်ကလာသည့် သတင်းများအရ သိရသည်။

ဒေသခံ စစ်ရှောင်တဦး ပြောပြတာက “တိုက်ပွဲဖြစ်တဲ့အချိန် လက်နက်ကြီးတွေ ပစ်နေတာ တအားကြမ်းတယ်၊ ရွာထဲကို ကျလာမှာကို ကြောက်လို့ ထွက်ပြေးလာတာ ဖြစ်တယ်” ဟု ပြောသည်။

ထိုကြောင့် လက်ရှိ ထိုင်းဘက်ကို ရောက်ရှိနေသည့် မြန်မာစစ်ရှောင်များကို ထိုင်းနိုင်ငံ တာဝန်ရှိသူများက လူသားချင်းစာနာမှု အကူအညီများပေးထားကာ တိုက်ပွဲတည်ငြိမ်ပါက ပြန်လည် ပို့ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများက ရေးသားထားသည်။

ခမောက်ကြီးမြို့ မာရမ်းကျေးရွာတွင် ၂၀၂၃ ခုနှစ်ကလည်း ယခုလို နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံများ ရွာလုံးကျွတ် တစ်ဘက်ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို အခုနှစ် ၂၀၂၄ ခုနှစ် ဧပြီလတွင် ရှမ်းကိုးရွာဒေသထဲရှိ ဝိုင်ဒင်းကျေးရွာက တိုက်ပွဲတွင် တရက်အတွင်း နှစ်ဖက်ထိတွေ့မှု ၃ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးမှုကြောင့် ဥယျာဉ်ခြံနှင့် နေအိမ် ခြောက်လုံးပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တာဝန် မထမ်းဆောင်လို၍ ထွက်ပြေးသည့် တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စည်ပင် အမှုဆောင် တို့ ဖမ်းဆီးခံရ

0
ပုံစာ- ၂၀၂၄ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ပတ်သက်၍ အထွေထွေအုပ်ချုပ်ရေးမှူးဦးဇာနည်တိုး ရှင်းလင်းနေစဉ်။ ဓါတ်ပုံ- မြို့နယ်(ပြန်/ဆက်)

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူးနှင့် တောင်ကုတ်မြို့နယ် စည်ပင်သာယာရေး အမှုဆောင်တို့ တာဝန် မထမ်းဆောင်လို ၍ ထွက်ပြေးရာကနေ သတင်းပေးတိုင်ကြားမှုကြောင့် ဖမ်းဆီးခံလိုက်ရသည်။

တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးဇာနည်တိုးနှင့် တောင်ကုတ်မြို့နယ် စည်ပင်သာယာရေး အမှုဆောင် ဦးမောင်စိန်တို့နှစ်ဦးအား တောင်ကုတ်ကနေ ထွက်ပြေးရာကနေ တောင်ကုတ် ရိုးမလမ်း စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရသည်။

တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးဇာနည်တိုးနှင့် နီးစပ်သူတစ်ဦးက “သူတို့နှစ်ယောက်က တာဝန်ထမ်းဆောင်လိုခြင်းမရှိလို့ ထွက်ပြေးကြတယ်။ အဲ့ဒီသတင်း တိုင်ကြားမှုကြောင့် နှစ်ယောက်လုံး အဖမ်းခံလိုက်ရတယ်။ တောင်ကုတ် ရိုးမလမ်း မှာ အဖမ်းခံလိုက်ရတာပါ”ဟုပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၈ ရက်နေ့ တောင်ကုတ်မြို့ ကနေ ထွက်ပြေးတိမ်းရှောင်ရာကနေ တောင်ကုတ် ရိုးမလမ်းတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရသေးကြောင်း သိရသည်။

၎င်းတို့နှစ်ဦးကို ဖမ်းဆီးပြီးနောက် တောင်ကုတ်မြို့ စကခ (၅)တွင် ချုပ်နှောင်ထားပြီး နိုင်ငံတော်တားမြစ်ချက်ဥပဒေ ဖောက်ဖျက်မှုဖြင့် စစ်တပ်က ယင်းကဲ့သို့ ဖမ်းဆီးထိန်းထားခြင်း ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။

ဦးဇာနည်တိုးသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ကျခြင်းဖြစ်ပြီး ဦးမောင်စိန်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် တောင်ကုတ်မြို့နယ် စည်ပင်သာယာရေး အမှုဆောင် အဖြစ် တာဝန်ကျလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း စစ်ကောင်စီတပ်နှင့် AA တို့ တောင်ကုတ်မြို့နယ် နေပူတောင် အနီးတစ်ဝိုက်တွင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်စခန်းများ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တောင်ကုတ်တက္ကသိုလ်တွင် သင်တန်းရေးရာဌာနမှူးအိမ်နှင့် ကား ပျက်စီးသွားခဲ့ပြီး ယင်းနောက်တွင် စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်က တောင်ကုတ်တက္ကသိုလ်ဝန်းထဲ တပ်စွဲလိုက်သည်။

တောင်ကုတ်မြို့ ပါမောက္ခချုပ်နှင့် တက္ကသိုလ်ဆရာ/ဆရာမများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးပစ်ခတ် ခြိမ်းခြောက်၍ တောင်ကုတ်တက္ကသိုလ် ဝန်းထဲမှ နှင်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကုတ်ဒေသခံများက ပြောဆိုသည်။

သံတွဲမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ အရပ်သား ၂ဦးသေဆုံး

0

ရခိုင်ပြည်၊ သံတွဲမြို့ ဂျိတ္ကတောင် ဘုန်းကြီးကျောင်းအနီး ရွှေကျောင်းပြင်ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ပြင်းထန် ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။

ဇွန် ၂၂ ရက်နေ့ ည ၇နာရီကျော်လောက်အချိန် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် သံတွဲမြို့ ရွှေကျောင်းပြင်ကို လာရောက် ဗုံးကြဲသွားခြင်း ဖြစ်ပြီး နေအိမ်အများအပြားလည်း ပျက်စီးသွားကြောင်း ဒေသခံများက ပြောဆိုသည်။

“၇ နာရီကျော်လောက်က ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးလာကြဲတာပါ။ အဲ့ဒီမှာ နေအိမ် လေးလုံးလောက် ပျက်စီးသွားတယ်။ နေရာမှာ နှစ်ယောက်သေတယ်။ ပြီးတော့ နှစ်ယောက် ဒဏ်ရာ ပြင်းထန် ရထားတယ်။ ဒဏ်ရာ ပြင်းထန်တဲ့ နှစ်ယောက်ကိုတော့ သံတွဲခရိုင်ဆေးရုံကို ပို့ထားလိုက်တယ်”ဟုပြောသည်။

သေဆုံးသူမှာ ရွှေကျောင်းပြင်မှ အသက် ၅၄ နှစ်အရွယ် ဒေါ် မေသန်းလွှင်၊ အသက် ၂၈ နှစ်အရွယ် မောင်ချစ်သက်ပိုင်တို့ ဖြစ်ကြပြီး ပြင်းထန် ဒဏ်ရာ ရရှိသူများမှာ အသက် ၅၄နှစ်အရွယ် ဒေါ်မလှဝင်းနှင့် ၅၇ နှစ်အရွယ် ဒေါ်နု တို့ ဖြစ်ကြသည်။

ယနေ့ နံနက်ပိုင်းအထိ သတင်းများအရ သံတွဲမြို့ပေါ်တွင် လက်နက်ကြီး၊ လက်နက်ငယ်သံများလည်း ပစ်ခတ်မှုများ ရှိကြောင်း ဒေသခံများ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို မသိရသေးကြောင်း ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။

နောက်ထပ် ဒေသခံတစ်ဦးက ” လက်နက်ကြီး လက်နက်ငယ်တွေကလည်း တစ်လျောက် ပစ်နေကြတယ်။ တပ်တော်ကလည်း လူထုကိုရှောင်ခိုင်းထားတယ်”ဟုပြောသည်။

စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ သံတွဲနှင့် ငပလီတို့မှာ နှစ်ဖက်တိုက်ပွဲများ ယခု ရက်ပိုင်းတွင် ပြင်းပြင်းထန်ထန် ဖြစ်နေကြ၍ ဒေသခံများမှာနီးစပ်ရာ ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာများကို ထွက်ပြေးနေကြသည်။

ဇွန် ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် သံတွဲမြို့နယ်၊ ကျောင်းတိုက်နှင့် နတ်ပြင်ကျေးရွာများမှ ဒေသခံအရပ်သား ၂ဦး သေဆုံးခဲ့ပြီး တစ်ချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများကြောင့် သံတွဲမြို့နယ်နှင့် ငပလီတို့မှာ အရပ်သား သေဆုံးမှု ၆၀ ကျော်ထက် မနည်း ရှိနေပြီး ဒဏ်ရာရရှိသူများလည်း ရာနှင့်ချီ ရှိနေကြောင်း လူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူများက Western News ကို ပြောသည်။

ကော့ကရိတ်၊ စုကလိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှု ၆ဦးသေဆုံး၊ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၂၁ ဦး ဖမ်းဆီး ရရှိ

0

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ စုကလိမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိမှုတွင် စစ်ကောင်စီဖက်မှ ၆ဦးသေဆုံးပြီး ဗိုလ်မှူးကြီးတစ်ဦး အပါအဝင် ၂၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ဇွန်လ ၁၇ ရက်နေ့ နံနက် ၇ နာရီမှစတင်၍ တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့တွင် စခန်းတစ်ခုလုံးကို အပြီးသတ် တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း KNU တပ်မဟာ ၆၊ ဒူပလာယာခရိုင်က သတင်းထုတ်ပြန်သည်။

တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး စစ်ကောင်စီတပ်သားစစ်သား ၂၁ ဦး ဖမ်းဆီးရရှိကာ ဖမ်းမိသူများတွင် ဗိုလ်မှူးကြီး ၀ဏ္ဏတိုး ပါဝင်ကြောင်း ယင်းအထဲမှ ၁၄ ဦး လွတ်မြောက်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်ကောင် စီတပ်ဖွဲ့ဝင်များကို လက်နက်ချရန် မတ်လ ၂၅ ရက်နေ့ မှ မတ်လ ၃၀ ရက်အထိ စာဖြင့်အသိပေး အကြောင်းကြားခဲ့သော်လည်း နာခံခြင်းမရှိသည့်အတွက် ဇွန်လ ၁၇ ရက်နေ့တွင် စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဆိုသည်။

စုကလိမြို့ အ‌ခြေစိုက် စစ်တပ်စခန်းသည် စခက ၁၃ လက်အောက်ခံ၊ ခမရ ၅၆၀ တပ်ရင်းမှ ဗိုလ်မှူးကြီး ၀ဏ္ဏတိုး နှင့် ဒု-ဗိုလ်မှူးကြီး သူရိန်ဦး ‌ဦးဆောင်သော အထိုင်ချစခန်းဖြစ်ကြောင်း အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေး ပူး‌ပေါင်းတပ်ဖွဲ့မှလည်း ၁၅ ဦး ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ စစ်သားများအနေဖြင့် စစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်သို့ ဝင်ရောက် ပူးပေါင်း ရန် K.N.U – ကရင်အမျိုးသားအစည်းအရုံး က ဖိတ်ခေါ်ထားကြောင်း သိရသည်။

စစ်တပ်က ဖမ်းဆီးထားသည့် စစ်တွေ ဒေသခံများ ညှဉ်းပန်းနှိက်စက်ခံနေရ၊ မိသားစုဝင်များနှင့် အဆက်သွယ် မရသေး

2
ပုံစာ - စစ်တွေမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လှည့်လည်နေသူကို တွေ့ရစဉ်။

ပြီးခဲ့သည့် ဇွန် ၁၆ ရက်နေ့ စစ်ကောင်စီတပ်က အကြောင့်မဲ့ ဖမ်းဆီးခြင်းခံရသည့် စစ်တွေမြို့အတွင်း အရပ်သားများ အများအပြားမှာ မိသားစုဝင်များနှင့် အဆက်သွယ်မရ၍ မိသားစုဝင်များမှာ စိုးရိမ်မှုများ ရှိနေကြသည်။

မင်းဂံ ရပ်ကွက် အကွက် ၈၊ ၉၊ ၁၀နှင့် အကွက် ၅ တို့ကို တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး အမျိုးသား၊ အမျိုးသမီး အယောက် ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က စစ်ကားအစီး ၁၀ ကျော်ဖြင့် ဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ရပ်ကွက်တွင် နေထိုင်သူများက ပြောသည်။

အဆိုပါ ဖမ်းဆီးခံထားရသူများကို စစ်တွေအကျဉ်းထောင် အပြင် ကိုဗစ်ကာလအတွင်းက ကိုဗစ်လူနာများကိုထားသည့် အဆောက်အအုံများတွင် စစ်တပ်လုံခြုံရေး အများအပြားဖြင့် ထိန်းသိမ်းထားကြောင်း Western News က စုံစမ်း သိရှိရသည်။

ပြန်လည်လွတ်မြောက်လာသူတစ်ဦးက “ကျနော့်ကို ဖမ်းကတည်းက မျက်လုံးကို အဝတ်နဲ့ စည်းထားတော့ ဘာမှ မြင်ရဘူး။ ကားပေါ်တင် ကတည်းက ခြေထောက်နဲ့ ကန်တာတွေ၊ ခေါင်းကို စစ်ဖိနပ်နဲ့ တက်နင်းထားလို့ ခန္ဓာကိုယ်တစ်ခုလုံး မခံမရပ်နိုင်အောင် နာနေတယ်။ အခန်းတစ်ခုကို ရောက်သွားတော့ မျက်နှာစည်းထားကိုဖြုတ်လိုက်တယ်။ ကျနော်နဲ့အတူ ကြိုးနဲ့ ချည်ထားတဲ့ သူတစ်ယောက်ကို ခြေထောက်ကန်လိုက်လို့ သူ့လက်ကျိုးသွားတယ်။ ပြီးတော့ ပါးကို ဖိနပ်ချွတ်ပြီးကေ ရိုက်ထားတာ တစ်ခုလုံးဖူးရောင်နေတယ်”ဟုပြောသည်။

စစ်ကောင်စီက ပြန်လွှတ်ပေးသည့်အချိန်တွင်လည်း မျက်နှာကို အဝတ်နှင့် စည်းထားပြီး ကားဖြင့် ခေါ်ထုတ်သွားကြောင်း ယင်းနောက်တွင် အသိတစ်ယောက် လာခေါ်ခိုင်းကြောင်းနှင့် ယင်းအသိမှ ပိုက်ဆံ ၇ သိန်းပေးပြီးမှ ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းမှ ဆက်လက်ပြောသည်။

ဖမ်းဆီးသည့် နေ့တွင် အမျိုးသားများကို စစ်ကားပေါ် တက်လာသည့်အချိန်မှစ၍ ခြေထောက်နှင့် မျက်နှာကို ကန်ကျောက်ခြင်း၊ ပါးကို ဖိနပ်ဖြင့် အကြိမ်ကြိမ်ရိုက်နှက်ခြင်း ခံခဲ့ရကြောင်း ပြန်လွတ်မြောက်လာသူ တစ်ဦးက Western News ကိုပြောသည်။

“ကျနော့်ဘယ်ကို ရောက်သွားလဲဆိုတာ ကျနော်လည်းမသိဘူး။ ကားပေါ်မှာ ကတည်းက ရိုက်နှက်တာ အခန်းထဲကို ရောက်သွားတဲ့အထိပါပဲ။ ဘယ်လိုမှ မခံစားနိုင်လို့ တစ်ခါတည်း သတ်လိုက်ပါလို့ ပြောလိုက်တယ်။ အေး မင်းတို့ရခိုင်တွေ အားလုံးသတ်မယ်။ တစ်ယောက်မှ မချန်ထားဘူး။ အကုန်လုံးကို သတ်ပစ်မယ်. စောင့်ကြည့်နေ”ဟု ပြောကြောင်း ပြန်လည် ပြောသည်။

စစ်တွေမြို့ မင်းဂံရပ်ကွက်ကို ဧည့်စာရင်းအကြောင်းပြကာ စစ်ကောင်စီတပ်က လူ ၂၀၀ ကျော်ကို ဖမ်းဆီးခံထားခြင်းဖြစ်ပြီး ယင်းအထဲမှ တစ်ချို့မှာ ငွေကြေး ၅သိန်းကနေ ၁၀ သိန်းအထိ ပေးရပြီး လွတ်လာသူများ ရှိကြောင်း လွတ်လာသူများက ပြောသည်။

ဖမ်းဆီးမှုများထဲတွင် ဆယ်ဂဏန်းမှ ရာဂဏန်းအထိအစုလိုက် ဖမ်းဆီးခံရမှုများရှိပြီး ထိုအထဲတွင် ဗျိုင်းဖြူကျေးရွာမှ ရွာလုံးကျွတ်နီးပါး ဖမ်းဆီးခံရမှုနှင့် မင်းဂံအကွက် (၉)၊ (၈)၊ (၁၀) တို့မှဖမ်းဆီးခံမှုမှာ လူရာဂဏန်းခန့် အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှုများဖြစ်သည်။

ဖမ်းဆီးခံရသူများကို စစ်ကောင်စီတပ်က မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း အတိကျမသိရကြောင်း သားဖြစ်သူ ဖမ်းဆီးခံ ရသည့် မင်းဂံရပ်ကွက်က မိခင်ဖြစ်သူ တစ်ဦးက ပြောသည်။

“ကျမမှာ သား ၁ ယောက်ပါသွားတာ။ ခုထိ မလွတ်လာသေးပါဘူး။ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာလည်း မသိဘူး။ ထိန်းသိမ်းခံထားရတဲ့အချိန်မှာ ပြင်းပြင်းထန်ထန်နှိပ်စက် ခံရတယ်လို့ ပြောတယ်။ အသက်မှ ရှင်လျက်ရှိကော ရှိဦးမလား။ ဒီစိတ်နဲ့ပဲ တစ်ရက်မှ စိတ်လက်ချမ်းသာတယ်လို့ မရှိသေးပါဘူး” ဟုပြောသည်။

ယင်းအပြင် အမျိုးသားဖြစ်သူဖမ်းဆီးခံထားရသည့် ဗျိုင်းဖြူကျေးရွာမှ အမျိုးသမီးတစ်ဦးကမူ စစ်တွေ အကျဉ်းထောင်ထဲရှိ ဗျိုင်းဖြူကျေးရွာသားအချို့ကို ဇွန် ၂၅ ရက်နေ့တွင် ရုံးထုတ်မည်ဟုသိထားကြောင်း ပြောသည်။

“ထောင်ချုပ်မှာရှိတဲ့ တစ်ချို့ကို ၂၅ ရက်နေ့ ရုံးထုတ်မယ်လို့သိထားရတယ်။ တွေ့ခွင့်လည်းမရသေးပါဘူး။ ကျန်းမာရေးအခြေနေတွေလည်းမသိရဘူး။ ထောင်ကနေ ဆေးရုံတွေကို လူနာတွေလည်းအမြဲရောက်နေတော့ ကျမယောက်ကျားများနှိပ်စက်ခံနေရပြီလားဆိုပြီးလဲစိုးရိမ်နေရတာလည်းအမြဲပါပဲ” ဟုပြောသည်။

Western News

မဲဆောက်မြို့တွင် ဇနီးသည်ကို ရိုက်နှက်သတ်ဖြတ်ခဲ့သူကို ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးရန် တောင်းဆို

0

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဇနီးသည်ကို ရိုက်နှက်သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲပြောဆိုထားသူကို ထိုင်းအာဏာပိုင်ဆီ အမြန်ဆုံး ပြန်လွှဲပေးရန် အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်နေသော Sisters 2 Sisters အဖွဲ့က တောင်းဆိုလိုက်သည်။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က စင်ကာပူမှာနေထိုင်သူ အသက် ၂၆ နှစ်အရွယ် မထက်ထက်ဇော်ဟာ သူ့၏ ခင်ပွန်းဖြစ်သူ ကိုဇော်ဝင်းထွဋ် (ခေါ်) ဝဠာ ရှိရာ မဲဆောက်မြို့ကို အလည်ရောက်လာချိန်မှာ ၎င်း၏ ခင်ပွန်းက ကိုယ်ထိလက်ရောက်ရိုက်နှက်မှုကြောင့် ဒဏ်ရာအများအပြားရရှိခဲ့ပြီး ဦးခေါင်းဒဏ်ရာကြောင့် သေဆုံးခဲ့ရကြောင်း မဲဆောက်ဆေးရုံကြီး၏ သေမှုမှတ်တမ်းအရ သိရသည်ဟု Sisters 2 Sisters ထုတ်ပြန်ချက်မှာ ရေးသားထားသည်။

ကိုဇော်ဝင်းထွဋ် (ခေါ်) ဝဠာကို မြန်မာဘက်ခြမ်းက ကော်သူးလေနယ်မြေမှာရှိသည့် Lion Ballalion တော်လှန်ရေးတပ်ဖွဲ့က ဇွန် ၁၅ ရက်နေ့ကတည်းက ဖမ်းဆီးထားသည်ဟု Sisters 2 Sisters အဖွဲ့က သိရှိထားပြီး ၎င်းပြစ်မှုကျူးလွန်ထားကြောင်း ဝန်ခံထားသည်ဟု ဆိုသည်။

ယင်းကြောင့် အမှုကို ဆက်လက်ဆောင်ရွက်နိုင်ရေး ကျူးလွန်သူကို ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးရန် တောင်းဆိုထားကြောင်း အဆိုပါ အမှုကို ထုတ်ဖော်ပြောဆိုခဲ့သူ Sisters 2 Sisters အဖွဲ့က မထိပ်ထားက ပြောဆိုသည်။

“ထိုင်းမှာဖြစ်တဲ့ အမှု ဖြစ်တဲ့အတွက် ထိုင်းတရားစီရေးနဲ့ပဲ သွားရမယ်၊ တရားခံက ထိုင်းမှာ ပန်းရောင်ကဒ်ထုတ်ထားတယ်။ ထိုင်းရဲ့ အလုပ်သမားဖြစ်တာပေါ့နော်၊ ထိုင်းပိုင်နက်မှာ ဖြစ်သွားတဲ့ ကိစ္စမို့ သူ့တရားစီရင်ရေးနဲ့ သူ့ဥပဒေအတိုင်း သွားဖို့၊ ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေး ရရှိဖို့အတွက် အစ်မတို့ တောင်းဆိုနေတာ ဖြစ်တယ်ပေါ့နော် ” ဟုဆိုသည်။

ကျူးလွန်သူဟု စွပ်စွဲခံထားရသော မထက်ထက်ဇော်၏ ခင်ပွန်းဖြစ်သူ ဝဠာသည် တော်လှန်ရေးမှာ ပါဝင်နေသူဖြစ်ပြီး တော်လှန်ရေးအစုအဖွဲ့များနှင့် ဆက်စပ်နေသူဖြစ်ကာ အမှုဖြစ်စဉ်နောက်ပိုင်းတွင် မြန်မာပြည်ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင် သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းအာဏာပိုင်များကမူ မှတ်တမ်းမှတ်ရာများ ရယူထားပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ရေးအတွက် ပြင်ဆင်နေကြောင်း သိရသည်။

လက်ရှိ အချိန် ၂ လကျော်ကြာသည့် အထိ သေဆုံးခဲ့ရသော မထက်ထက်ဇော်၏ ရုပ်အလောင်းသည် သင်္ဂြိုဟ်နိုင်ခြင်းမရှိသေးသလို ၎င်းကို သင်္ဂြိုဟ်ရန် မိသားစုဝင်များ၏ ခွင့်ပြုချက် (သို့) ကျူးလွန်သူ ပြောဆိုနေကြသော ၎င်း၏ ခင်ပွန်းဖြစ်သူကို ပေါ်လာမှသာ လုပ်ဆောင်ရမည်ဟုဆိုသည်။

အဆိုပါ အမျိုးသမီး၏ ရုပ်အလောင်းသည် မဲဆောက်ဆေးရုံကြီးတွင် ရှိနေဆဲ အခြေအနေ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရရှိသော အချက်အလက်အရ ဗိုလ်အယ်စေးဝါး ဦးဆောင်တဲ့ Lion Battalion Cammando စစ်ကြောင်းက “လတ်တလော အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်မှာ တရားခံဖြစ်သူကို ကျနော်တို့က ဖမ်းဆီးထိန်းသိမ်းထားပြီး သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းတွေထံ အပ်နှံနိုင်ရန် ကြိုးစားဆောင်ရွက်နေတယ် “ဟုပြောဆိုထားသည်။

နစ်နာသူ အမျိုးသမီး ရုပ်အလောင်းမြေမကျခြင်းအတွက် Lion Battalion စစ်ကြောင်းက များစွာ စိတ်မကောင်းဖြစ်ရပြီး တရားမျှတမှုအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု Lion Battalion Cammando စစ်ကြောင်းက Sisters 2 Sisters ဆီကို ပြန်လည်အကြောင်းကြားထားကြောင်း သိရသည်။


တနင်္သာရီတိုင်းမ်သည် Western News ၏ မဟာမိတ် ဖြစ်သည်။

လေကြောင်းနှင့် ရေလမ်းမှ သံတွဲသို့ စစ်ကောင်စီ တပ်အင်အား ထပ်ဖြည့်နေ

0
ပုံစာ-ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း စစ်ကောင်စီနေဗီတစ်စီးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယ အပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ - ပေးပို့)

သံတွဲမြို့နှင့် ငပလီ ကို AA က ဝိုင်းရံ ပိတ်ဆို့ထား

စစ်ရေးအရ အရှုံးများနှင့် ရင်ဆိုင်နေရသည့်သံတွဲ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနှင့် ရေလမ်းများမှ တစ်ဆင့် တပ်အင်အားများ ထပ်ဖြည့်နေကြောင်း စစ်ရေးလေ့လာသူများနှင့် တပ်တွင်းသတင်းရင်းမြစ်များက Western News ကိုပြောသည်။

လက်ရှိတွင် သံတွဲမြို့နှင့် ငပလီမြို့တွင် နှစ်ဖက်တိုက်ပွဲများ နေ့စဉ် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး ယင်းနှစ်မြို့လုံးကို အာရက္ခတပ်တော် AA က ဝိုင်းရံ ပိတ်ဆို့ထားကြောင်းနှင့် စစ်ကောင်စီက တပ်ရင်းများမှလည်း ခံစစ်ဖြင့် တိုက်ခိုက်နေသည်။

စစ်ကောင်စီက ထပ်ဖြည့်အင်အားများမှာ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများ ပါဝင်သလို အတင်းဓမ္မ စစ်သားစုဆောင်းခံရသူများလည်း ပါဝင်ကြောင်း လက်ရှိတွင် ၎င်းတို့ကို ဂွတပ်စခန်းများနှင့် သံတွဲ လေဆိပ် တပ်စခန်းများတွင် ထားရှိကြောင်း သိရသည်။

“ဧရာဝတီဖက်က မြန်အောင်၊ ကြံခင်းဖက်က တပ်အင်အားတွေ ထပ်ဖြည့်လာတယ်။ ပြီးတော့ ပြည်ဖက်က ပါတယ်။ လေကြောင်းက လာတာတွေ၊ ပြီးတော့ ရေကြောင်း သင်္ဘောနဲ့ လာချပေးတာတွေရှိနေတယ်။ သူတို့က ၅၅ တပ်ရင်းမှာ ဆင်းတာတွေရှိတယ်။ ဂွ င/သိုင်းချောင်းဖက်က လာတာတွေရှိတယ်။ ကုန်းလမ်းကတော့ လာလို့ မရဘူး။ အဲ့ဒီလမ်းတွေကို AA က ပိတ်ဆို့ထားတာရှိတယ်” ဟုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်က လက်နက်အင်အား တပ်အင်အားများကို ငပလီ ခလရ (၅၅) တပ်ရင်းနှင့် ငပလီ လေဆိပ်အနားက ခမရ (၅၆၆) တပ်ရင်းတို့ကို ဖြည့်တင်းနေခြင်းဖြစ်ပြီး ခမရ (၅၆၆) တပ်ရင်းကို ခံစစ်အနေဖြင့် ပြင်ဆင်ထားကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါတပ်အင်းအားကို ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့ စတင်၍ ဖြည့်တင်းလာခြင်းဖြစ်ပြီး ယခု ရက်ပိုင်းများမှာ တဖြည်းဖြည်း အင်းအား ပိုပြီး ဖြည့်တင်းလာခြင်း ဖြစ်ကြောင်း ယခု ရက်ပိုင်းများမှ နှစ်ဖက်တိုက်ပွဲများ ပိုမို့ ပြင်းထန်လာနိုင်ကြောင်း သိရသည်။

သတင်းရင်းမြစ်တစ်ဦးက “သုံးရက်လောက် ရှိပြီ။ လေကြောင်းကမလာတာ။ အကြောင်းတစ်ခုခုရှိနေလိမ့်မယ်။ AA ဖက်က လေဆိပ်နားမှာ တိုက်ပွဲ ဖော်နေတယ်။ အဲ့ဒါကြောင်းများလား အရင်ကလို လေယာဉ်မဆင်းတော့ဘူး။ အဲ့ဒီလေဆိပ် ဝန်းကနေ လက်နက်ကြီးနဲ့ တစ်လျှောက် ပစ်နေတယ် “ဟုပြောသည်။

ငပလီမြို့အနီး စစ်ကောင်စီတပ်ရင်းအနီးတစ်ဝိုက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး AA က ငပလီမြို့ထဲရှိ ခမရ ၅၆၆နှင့် ခလရ ၅၅ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

သံတွဲ စစ်ရှောင်ရွာကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်

0
Photo - CJ

(စစ်ရှောင် ၃ ဦးသေဆုံးခဲ့ရပြီး ၂ ဦးပြင်းထန်ဒဏ်ရာရ)

ရခိုင်ပြည် သံတွဲမြို့နယ် ရွှေလှေတိုက်နယ်ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ယမန်နေ့ ဇွန်လ ၂၀ ရက် ညတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို ယနေ့ ဇွန်လ ၂၁ ရက်နေ့ နေ့လယ်တွင်လည်း ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မေလအတွင်းက တိုက်ပွဲပြင်းထန်မှုကြောင့် ရွှေလှေတိုက်နယ်ကျေးရွာများက ပြည်သူသောင်းချီ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဇွန်လအစောပိုင်းကစ၍ တိုက်ပွဲငြိမ်သက်မှုကြောင့် ယင်းရွာသားများမှာ မိမိနေအိမ်သို့ ပြန်လည်ဝင်ရောက် နေထိုင်နေခြင်းဖြစ်သည်။

ဒေသခံတစ်ဦးက ” ရွှေလှေအနီးတဝိုက်မှာက တိုက်ပွဲမရှိတာ ရက်အတော်ကြာပြီပေါ့နော်။ အဲဒါရွာသားတွေကလည်း ပြန်နေလာနေတာပေါ့။ ရွာသားတွေတောင်မကပဲ ဂေါ့ကျေးရွာ၊ ငပလီမြို့ထဲက ပြည်သူတွေလည်း ရွှေလှေဘက်တွေမှာ စစ်ရှောင်နေတာတွေလည်း ရှိတယ်။ ဟိုဘက်မှာ တိုက်ပွဲဖြစ်ရင် ဒီဘက်ကိုရွှေ့တယ်။ ဒီဘက်မှာ တိုက်ပွဲဖြစ်ရင် ဟိုဘက်ကိုရွှေ့တယ်။ ပြည်သူတွေက ဒီလိုစစ်ရှောင်နေကြတာ။ အဲဒါကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်၊ လေယာဉ်နဲ့ လာပြီးဗုံးကြဲတိုက်ခိုက် လုပ်နေတာ။ ” ဟု ပြောသည်။

ဇွန်လ ၂၀ ရက်နေ့ ည ၁၁ နာရီကျော်အချိန်က သံတွဲမြို့ထဲ စစ်ကောင်စီတပ်ရင်း၊ အမြောက်ကုန်းများက ပစ်ခတ်သော လက်နက်ကြီးကြောင့် ရွှေလှေရွာက အပြစ်မဲ့အရပ်သား စစ်ရှောင် ၃ ဦးသေဆုံးသွားပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

သေဆုံးသူများမှာ အသက် ၈၈ နှစ်အရွယ် ဒေါ်ကြည်စိန်၊ အသက် ၅၄ နှစ်အရွယ် ဒေါ်စာသိန်း၊ အသက် ၅၀ ကျော်အရွယ် ဒေါ်ခင်ရီနှင့် ဒဏ်ရာရရှိသူများမှာ အသက် ၁၇ နှစ်အရွယ် မောင်ထွန်းလင်းဇော်၊ အသက် ၇၀ အရွယ် ဒေါ်မငယ်တို့ ဖြစ်သည်။

ငပလီမြို့အနီး စစ်ကောင်စီတပ်ရင်းအနီးတစ်ဝိုက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး AA က ငပလီမြို့ထဲရှိ ခမရ ၅၆၆ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းရသည်။