Western News
Homeစစ်ရေးသံတွဲမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ အရပ်သား ၂ဦးသေဆုံး

သံတွဲမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ အရပ်သား ၂ဦးသေဆုံး

ရခိုင်ပြည်၊ သံတွဲမြို့ ဂျိတ္ကတောင် ဘုန်းကြီးကျောင်းအနီး ရွှေကျောင်းပြင်ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ပြင်းထန် ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။

ဇွန် ၂၂ ရက်နေ့ ည ၇နာရီကျော်လောက်အချိန် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် သံတွဲမြို့ ရွှေကျောင်းပြင်ကို လာရောက် ဗုံးကြဲသွားခြင်း ဖြစ်ပြီး နေအိမ်အများအပြားလည်း ပျက်စီးသွားကြောင်း ဒေသခံများက ပြောဆိုသည်။

“၇ နာရီကျော်လောက်က ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးလာကြဲတာပါ။ အဲ့ဒီမှာ နေအိမ် လေးလုံးလောက် ပျက်စီးသွားတယ်။ နေရာမှာ နှစ်ယောက်သေတယ်။ ပြီးတော့ နှစ်ယောက် ဒဏ်ရာ ပြင်းထန် ရထားတယ်။ ဒဏ်ရာ ပြင်းထန်တဲ့ နှစ်ယောက်ကိုတော့ သံတွဲခရိုင်ဆေးရုံကို ပို့ထားလိုက်တယ်”ဟုပြောသည်။

သေဆုံးသူမှာ ရွှေကျောင်းပြင်မှ အသက် ၅၄ နှစ်အရွယ် ဒေါ် မေသန်းလွှင်၊ အသက် ၂၈ နှစ်အရွယ် မောင်ချစ်သက်ပိုင်တို့ ဖြစ်ကြပြီး ပြင်းထန် ဒဏ်ရာ ရရှိသူများမှာ အသက် ၅၄နှစ်အရွယ် ဒေါ်မလှဝင်းနှင့် ၅၇ နှစ်အရွယ် ဒေါ်နု တို့ ဖြစ်ကြသည်။

ယနေ့ နံနက်ပိုင်းအထိ သတင်းများအရ သံတွဲမြို့ပေါ်တွင် လက်နက်ကြီး၊ လက်နက်ငယ်သံများလည်း ပစ်ခတ်မှုများ ရှိကြောင်း ဒေသခံများ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို မသိရသေးကြောင်း ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။

နောက်ထပ် ဒေသခံတစ်ဦးက ” လက်နက်ကြီး လက်နက်ငယ်တွေကလည်း တစ်လျောက် ပစ်နေကြတယ်။ တပ်တော်ကလည်း လူထုကိုရှောင်ခိုင်းထားတယ်”ဟုပြောသည်။

စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ သံတွဲနှင့် ငပလီတို့မှာ နှစ်ဖက်တိုက်ပွဲများ ယခု ရက်ပိုင်းတွင် ပြင်းပြင်းထန်ထန် ဖြစ်နေကြ၍ ဒေသခံများမှာနီးစပ်ရာ ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာများကို ထွက်ပြေးနေကြသည်။

ဇွန် ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် သံတွဲမြို့နယ်၊ ကျောင်းတိုက်နှင့် နတ်ပြင်ကျေးရွာများမှ ဒေသခံအရပ်သား ၂ဦး သေဆုံးခဲ့ပြီး တစ်ချို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများကြောင့် သံတွဲမြို့နယ်နှင့် ငပလီတို့မှာ အရပ်သား သေဆုံးမှု ၆၀ ကျော်ထက် မနည်း ရှိနေပြီး ဒဏ်ရာရရှိသူများလည်း ရာနှင့်ချီ ရှိနေကြောင်း လူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူများက Western News ကို ပြောသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular