Western News
Homeစစ်ရေးစစ်တပ်က ဖမ်းဆီးထားသည့် စစ်တွေ ဒေသခံများ ညှဉ်းပန်းနှိက်စက်ခံနေရ၊ မိသားစုဝင်များနှင့် အဆက်သွယ် မရသေး

စစ်တပ်က ဖမ်းဆီးထားသည့် စစ်တွေ ဒေသခံများ ညှဉ်းပန်းနှိက်စက်ခံနေရ၊ မိသားစုဝင်များနှင့် အဆက်သွယ် မရသေး

ပြီးခဲ့သည့် ဇွန် ၁၆ ရက်နေ့ စစ်ကောင်စီတပ်က အကြောင့်မဲ့ ဖမ်းဆီးခြင်းခံရသည့် စစ်တွေမြို့အတွင်း အရပ်သားများ အများအပြားမှာ မိသားစုဝင်များနှင့် အဆက်သွယ်မရ၍ မိသားစုဝင်များမှာ စိုးရိမ်မှုများ ရှိနေကြသည်။

မင်းဂံ ရပ်ကွက် အကွက် ၈၊ ၉၊ ၁၀နှင့် အကွက် ၅ တို့ကို တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး အမျိုးသား၊ အမျိုးသမီး အယောက် ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က စစ်ကားအစီး ၁၀ ကျော်ဖြင့် ဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ရပ်ကွက်တွင် နေထိုင်သူများက ပြောသည်။

အဆိုပါ ဖမ်းဆီးခံထားရသူများကို စစ်တွေအကျဉ်းထောင် အပြင် ကိုဗစ်ကာလအတွင်းက ကိုဗစ်လူနာများကိုထားသည့် အဆောက်အအုံများတွင် စစ်တပ်လုံခြုံရေး အများအပြားဖြင့် ထိန်းသိမ်းထားကြောင်း Western News က စုံစမ်း သိရှိရသည်။

ပြန်လည်လွတ်မြောက်လာသူတစ်ဦးက “ကျနော့်ကို ဖမ်းကတည်းက မျက်လုံးကို အဝတ်နဲ့ စည်းထားတော့ ဘာမှ မြင်ရဘူး။ ကားပေါ်တင် ကတည်းက ခြေထောက်နဲ့ ကန်တာတွေ၊ ခေါင်းကို စစ်ဖိနပ်နဲ့ တက်နင်းထားလို့ ခန္ဓာကိုယ်တစ်ခုလုံး မခံမရပ်နိုင်အောင် နာနေတယ်။ အခန်းတစ်ခုကို ရောက်သွားတော့ မျက်နှာစည်းထားကိုဖြုတ်လိုက်တယ်။ ကျနော်နဲ့အတူ ကြိုးနဲ့ ချည်ထားတဲ့ သူတစ်ယောက်ကို ခြေထောက်ကန်လိုက်လို့ သူ့လက်ကျိုးသွားတယ်။ ပြီးတော့ ပါးကို ဖိနပ်ချွတ်ပြီးကေ ရိုက်ထားတာ တစ်ခုလုံးဖူးရောင်နေတယ်”ဟုပြောသည်။

စစ်ကောင်စီက ပြန်လွှတ်ပေးသည့်အချိန်တွင်လည်း မျက်နှာကို အဝတ်နှင့် စည်းထားပြီး ကားဖြင့် ခေါ်ထုတ်သွားကြောင်း ယင်းနောက်တွင် အသိတစ်ယောက် လာခေါ်ခိုင်းကြောင်းနှင့် ယင်းအသိမှ ပိုက်ဆံ ၇ သိန်းပေးပြီးမှ ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းမှ ဆက်လက်ပြောသည်။

ဖမ်းဆီးသည့် နေ့တွင် အမျိုးသားများကို စစ်ကားပေါ် တက်လာသည့်အချိန်မှစ၍ ခြေထောက်နှင့် မျက်နှာကို ကန်ကျောက်ခြင်း၊ ပါးကို ဖိနပ်ဖြင့် အကြိမ်ကြိမ်ရိုက်နှက်ခြင်း ခံခဲ့ရကြောင်း ပြန်လွတ်မြောက်လာသူ တစ်ဦးက Western News ကိုပြောသည်။

“ကျနော့်ဘယ်ကို ရောက်သွားလဲဆိုတာ ကျနော်လည်းမသိဘူး။ ကားပေါ်မှာ ကတည်းက ရိုက်နှက်တာ အခန်းထဲကို ရောက်သွားတဲ့အထိပါပဲ။ ဘယ်လိုမှ မခံစားနိုင်လို့ တစ်ခါတည်း သတ်လိုက်ပါလို့ ပြောလိုက်တယ်။ အေး မင်းတို့ရခိုင်တွေ အားလုံးသတ်မယ်။ တစ်ယောက်မှ မချန်ထားဘူး။ အကုန်လုံးကို သတ်ပစ်မယ်. စောင့်ကြည့်နေ”ဟု ပြောကြောင်း ပြန်လည် ပြောသည်။

စစ်တွေမြို့ မင်းဂံရပ်ကွက်ကို ဧည့်စာရင်းအကြောင်းပြကာ စစ်ကောင်စီတပ်က လူ ၂၀၀ ကျော်ကို ဖမ်းဆီးခံထားခြင်းဖြစ်ပြီး ယင်းအထဲမှ တစ်ချို့မှာ ငွေကြေး ၅သိန်းကနေ ၁၀ သိန်းအထိ ပေးရပြီး လွတ်လာသူများ ရှိကြောင်း လွတ်လာသူများက ပြောသည်။

ဖမ်းဆီးမှုများထဲတွင် ဆယ်ဂဏန်းမှ ရာဂဏန်းအထိအစုလိုက် ဖမ်းဆီးခံရမှုများရှိပြီး ထိုအထဲတွင် ဗျိုင်းဖြူကျေးရွာမှ ရွာလုံးကျွတ်နီးပါး ဖမ်းဆီးခံရမှုနှင့် မင်းဂံအကွက် (၉)၊ (၈)၊ (၁၀) တို့မှဖမ်းဆီးခံမှုမှာ လူရာဂဏန်းခန့် အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှုများဖြစ်သည်။

ဖမ်းဆီးခံရသူများကို စစ်ကောင်စီတပ်က မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း အတိကျမသိရကြောင်း သားဖြစ်သူ ဖမ်းဆီးခံ ရသည့် မင်းဂံရပ်ကွက်က မိခင်ဖြစ်သူ တစ်ဦးက ပြောသည်။

“ကျမမှာ သား ၁ ယောက်ပါသွားတာ။ ခုထိ မလွတ်လာသေးပါဘူး။ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာလည်း မသိဘူး။ ထိန်းသိမ်းခံထားရတဲ့အချိန်မှာ ပြင်းပြင်းထန်ထန်နှိပ်စက် ခံရတယ်လို့ ပြောတယ်။ အသက်မှ ရှင်လျက်ရှိကော ရှိဦးမလား။ ဒီစိတ်နဲ့ပဲ တစ်ရက်မှ စိတ်လက်ချမ်းသာတယ်လို့ မရှိသေးပါဘူး” ဟုပြောသည်။

ယင်းအပြင် အမျိုးသားဖြစ်သူဖမ်းဆီးခံထားရသည့် ဗျိုင်းဖြူကျေးရွာမှ အမျိုးသမီးတစ်ဦးကမူ စစ်တွေ အကျဉ်းထောင်ထဲရှိ ဗျိုင်းဖြူကျေးရွာသားအချို့ကို ဇွန် ၂၅ ရက်နေ့တွင် ရုံးထုတ်မည်ဟုသိထားကြောင်း ပြောသည်။

“ထောင်ချုပ်မှာရှိတဲ့ တစ်ချို့ကို ၂၅ ရက်နေ့ ရုံးထုတ်မယ်လို့သိထားရတယ်။ တွေ့ခွင့်လည်းမရသေးပါဘူး။ ကျန်းမာရေးအခြေနေတွေလည်းမသိရဘူး။ ထောင်ကနေ ဆေးရုံတွေကို လူနာတွေလည်းအမြဲရောက်နေတော့ ကျမယောက်ကျားများနှိပ်စက်ခံနေရပြီလားဆိုပြီးလဲစိုးရိမ်နေရတာလည်းအမြဲပါပဲ” ဟုပြောသည်။

Western News

RELATED ARTICLES

2 COMMENTS

Comments are closed.

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular