Western News
Homeစစ်ရေးပါချုပ်နှင့် ဆရာ/ဆရာမများအား လက်နက်ကြီး ပစ်ခတ်ခြိမ်းခြောက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တောင်ကုတ်တက္ကသိုလ်ထဲ တပ်စွဲနေရာယူ

ပါချုပ်နှင့် ဆရာ/ဆရာမများအား လက်နက်ကြီး ပစ်ခတ်ခြိမ်းခြောက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တောင်ကုတ်တက္ကသိုလ်ထဲ တပ်စွဲနေရာယူ

ရခိုင်ပြည် တောင်ကုတ်မြို့ တောင်ကုတ်တက္ကသိုလ်ဝန်းထဲမှ ပါမောက္ခချုပ်နှင့် တက္ကသိုလ်ဆရာ/ဆရာမများကို လက်နက်ကြီးပစ်ခတ် ခြိမ်းခြောက်၍ နှင်ထုတ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် ဝင်ရောက် တပ်စွဲနေရာယူထားကြောင်း သတင်းရင်းမြစ်များက ပြောသည်။

တောင်ကုတ်တက္ကသိုလ်၌ တပ်စွဲနေရာယူမည်ဖြစ်၍ ပါမောက္ခချုပ်နှင့် တက္ကသိုလ်ဆရာ/ဆရာမများကို ပြီးခဲ့သည့်နှစ်ပတ်ကစ၍ ဖယ်ပေးရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြောကြားခဲ့ပြီး ပါမောက္ခချုပ်နှင့် ဝန်ထမ်းများက မဖယ်ပေးခဲ့ကြဟု သိရသည်။

သတင်းရင်းမြစ်တစ်ဦးက ” တောင်ကုတ်တက္ကသိုလ်ထဲမှာ နေကြတဲ့ ပါချုပ်အပါအဝင် ဝန်ထမ်းအားလုံး ဖယ်ပေးရမယ်လို့ စစ်ကောင်စီက ပြောတယ်။ တက္ကသိုလ်မှာ တပ်စွဲနေရာယူမယ်ပေါ့နော်။ အဲဒါ ပါချုပ်က ဒါက ပညာရေးကျောင်းဖြစ်တယ်။ စစ်စခန်းမဟုတ်ဘူး။ မဖယ်ပေးနိုင်ဘူးလို့ ငြင်းလိုက်တယ်။ အဲဒါကို စစ်ကောင်စီတပ်ရင်းတွေက မကျေနပ်လို့ မဖယ်ပေးရလားဆိုပြီး တောင်ကုတ်တက္ကသိုလ်ထဲကို လက်နက်ကြီးတစ်လုံး ပစ်ခတ် ခြိမ်းခြောက်လိုက်တယ်။ လက်နက်ကြီးကျပြီး ပါချုပ်အပါအဝင် တက္ကသိုလ် ဆရာ/ဆရာမ ဝန်ထမ်းအားလုံး တိမ်းရှောင်သွားတော့ စစ်တပ်က အဲဒီနေ့ ညမှာပဲ အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက် တပ်စွဲလိုက်တယ်။ ” ဟု ပြောသည်။

ပုံစာ – စစ်ကောင်စီလက်နက်ကြီးကြောင့် ဇွန်လ ၁၇ ရက်နေ့က သင်တန်းရေးရာဌာနမှူးအိမ်နှင့် ကာားပျက်စီးသွားသည့်မြင်ကွင်း။

ဇွန်လ ၁၇ ရက် နေ့လယ် ၁ နာရီကျော်အချိန်တွင် တောင်ကုတ်တက္ကသိုလ်ဝန်းထဲ တောင်ကုတ်မြို့ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုက လက်နက်ကြီး တစ်လုံးပစ်ခတ်လိုက်ပြီး ယင်းလက်နက်ကြီးမှာ တက္ကသိုလ်သင်တန်းရေးရာဌာနမှူးအိမ် ကျရောက်ပေါက်ကွဲခဲ့၍ အိမ်နှင့် ကားမှာ ထိခိုက်ပျက်စီးသွားခဲ့ရသည်။

နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ” တောင်ကုတ်တက္ကသိုလ်က တောင်ကုတ်မြို့အဝင်မှာရှိတာဆိုတော့ စစ်ကောင်စီအတွက် တပ်စွဲနေရာယူထားဖို့ အရမ်းကောင်းတဲ့ ဗျူဟာတစ်ခုပေါ့နော်။ တက္ကသိုလ်အနီးမှာလည်း တပ်စခန်းငယ် ဂိတ်ပုံစံ ချထားတဲ့ ဂိတ်တွေလည်းရှိနေတော့လေ။ သူတို့က ပညာရေးအဆောက်အအုံ ဘာညာ မသိတော့ဘူး။ တောင်ကုတ်မြို့ကို AA က တိုက်လာလို့ရှိရင် မြို့မကျအောင် ခံစစ်ပြင်ဆင်တဲ့ သဘောပေါ့နော်။ ” ဟု ပြောသည်။

ပါမောက္ခချုပ်အပါအဝင် တက္ကသိုလ်ဆရာ/ဆရာမများနှင့် အခြားသော ဝန်ထမ်းများမှာ တောင်ကုတ်မြို့ထဲ ပိတ်မိနေကြပြီး ဒေသခံပြည်သူများကိုလည်း မြို့က ထွက်ခွာခွင့်မပေးဘဲ စစ်ကောင်စီ ဂိတ်များက တားဆီးပိတ်ပင်ထားကြောင်း စုံစမ်းသိရသည်။

တောင်ကုတ်မြို့ထဲတွင် မြို့ခံအများစုက မြို့ပြင်သို့ထွက်ရောက် ဘေးကင်းရာနေရာသို့ ရောက်ရှိခဲ့ကြသော်လည်း ပြည်သူအနည်းစုမှာ မြို့ထဲ၌ ပိတ်မိနေကြဆဲဖြစ်ပြီး ပိတ်မိနေသူအရေအတွက်ကို အတိအကျမသိရပေ။

ဇွန်လ ၁၆ ရက် နေ့လယ်ကနေစ၍ ယနေ့အချိန်အထိ တောင်ကုတ်မြို့နယ်တွင် AA နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ယမ်းသန်းပစ်ခတ်နေခြင်းဖြစ်သည်။

ဇွန်လ ၁၅ ရက်နေ့ ညနေက AA နှင့် စစ်ကောင်စီတို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ တောင်ကုတ်မြို့နယ် ရွာသစ်ကယ်ကျေးရွာက အသက် ၁၇ နှစ်အရွယ် မောင်အောင်လှိုင်ဝင်းမှာ ဝမ်းဗိုက် ဗုံးစထိမှန်ပြီး သေဆုံးသွားကြောင်း သိရသည်။

AA က သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန် မိုင် ၄၅ မိုင်ခန့်ဝေးကွာသည့် တောင်ကုတ်မြို့နယ်တွင် တစ်ပြိုင်တည်း တိုက်ပွဲဖော်ဆောင်နေခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနေရာ မြို့၊ ရွာများကို ဦးတည်မတိုက်ခိုက်ရန် ဒေသခံများက တောင်းဆိုနေကြသည်။

” စစ်ကောင်စီကို မေတ္တာရပ်ခံချင်တာက တိုက်ပွဲနဲ့ဆိုင်တာကိုပဲ တိုက်ခိုက်ဖို့ ပြောလိုပါတယ်။ ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာ၊ မြို့တွေကို ဦးတည်ပစ်မှတ်ထား မတိုက်ခိုက်ဖို့ မေတ္တာရပ်ခံပါတယ်။ AA ကို မနိုင်လို့ ပြည်သူတွေကို တမင်ပစ်ခတ် တိုက်ခိုက်နေတာက စစ်တပ်ရဲ့ ကျင့်ဝတ်နဲ့ မကိုက်ညီဘူး။ ” ဟု မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးများ ပစ်ခတ်နေ၍ မြို့ခံများအားလုံးနှင့် အနီးအနား ကျေးရွာက ဒေသခံပြည်သူများမှာ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရကြရသည်။

အာရက္ခတပ်တော် AA ကလည်း စစ်ကောင်စီ (မြန်မာစစ်တပ်) အနေဖြင့် ရခိုင်တိုက်ပွဲများတွင် စစ်ကို စစ်နှင့်တူအောင် တိုက်ခိုက်ရန် လိုအပ်ပြီး စစ်ပွဲနှင့်မဆိုင်သည့် ရပ်ရွာ၊ မြို့နှင့် ဆေးရုံး၊ ဆေးခန်းများပါအဝင် ဘာသာရေးအဆောက်အဦးများ၊ ပြည်သူများနေထိုင်ရာဒေသများသို့ ဦးတည်မတိုက်ခိုက်ရန် တောင်းဆိုထားကြောင်း သိရသည်။

ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်စခန်းများအားလုံးကို တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အမြန်ဆုံး လက်နက်ချအညံ့ခံရန်နှင့် လက်နက်ချ အညံ့မခံပါက အသက်ဆုံးရှုံးရမည်ဟု AA က သတိပေးနေသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular