Western News
Homeနိုင်ငံရေးရခိုင်ပြည် သူ့ကျွန်ဘဝ သက်ဆိုးရှည်အောင် ALP လုပ်နေဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ပြော

ရခိုင်ပြည် သူ့ကျွန်ဘဝ သက်ဆိုးရှည်အောင် ALP လုပ်နေဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ပြော

ရခိုင်ပြည်နှင့် ရခိုင်ပြည်သူလူထု စစ်အာဏာရှင်အောက်တွင် သက်ဆိုးရှည်စေရန်နှင့် သူတပါးလက်အောက်မှ မလွတ်မြောက်စေရန် ဒေါ်စောမြရာဇာလင်းဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က လုပ်ဆောင်နေကြောင်း ရခိုင့်နိုင်ငံရေးအသိုင်းအဝိုင်းက ပြောဆိုကြသည်။

စစ်ကောင်စီ ထိန်းချုပ်ထားသော မောင်တောမြို့ကို အာရက္ခတပ်တော် AA က သိမ်းမည်ဖြစ်၍ မြို့တွင်းတိုက်ပွဲများ ဖော်ဆောင်သွားမည်ဟု AA ကြေညာချက်ကို ဒေါ်စောမြရာဇာလင်း ALP က ကန့်ကွက်နေသည်။

ဇွန်လ ၁၈ ရက်နေ့က ထုတ်ပြန်သော ဒေါ်စောမြရာဇာလင်း ALP ထုတ်ပြန်ချက်တစ်ခုတွင် မောင်တောမြို့တွင်း၌ တိုက်ပွဲဖော်ဆောင်ရန် ပြင်ဆင်နေကြသည်များကို များစွာစိတ်မချမ်းမသာ ဖြစ်ရသည်ဟု ပြောဆိုထားသည်။

မြို့သိမ်းတိုက်ပွဲများဒဏ်ကြောင့် ရခိုင်ပြည်သူများမှာ ယခုအချိန်အထိ နေရပ်မပြန်နိုင်သေးဘဲ မိုးရာသီကာလအတွင်း နေထိုင်စရာမရှိ၊ စားသောက်စရာမရှိသော အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ALP က ဆိုသည်။

ထိုကြောင့် မောင်တောဒေသတွင် မွတ်ဆလင်၊ ရခိုင်နှင့် ဟိန္ဒူ အပါအဝင် ဒိုင်းနက် စသော လူမျိုးစုများနေထိုက်လျှက်ရှိပြီး ၎င်းတို့အားလုံး ဘေးကင်းရန် အရေးကြီးကြောင်းနှင့် ပြည်သူတို့ဘဝကို စာနာထောက်ထားကာ မြို့တွင်းတိုက်ပွဲ ဖော်ဆောင်မှု မပြုလုပ်ကြရန် AA နှင့် စစ်ကောင်စီကို ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP က တားဆီးနေသည်။

ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP ၏ တားဆီးပိတ်ပင်ခြင်းမှာ ရခိုင်ပြည်နှင့် ရခိုင်ပြည်သူလူထုများကို သူ့ကျွန်ဘဝတွင် သက်ဆိုးရှည်နေထိုင်စေရန် ပြုလုပ်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဝါရင့် ရခိုင့်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

” ဒေါ်စောမြရာဇာလင်း ပြောဆိုချက်က လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်း၊ အခြေအနေနဲ့ လုံးလုံးကြီးကွဲလွဲနေတယ်။ မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းထားတယ်။ ဒါကို မြန်မာပြည်သူလူထုတစ်ရပ်လုံးက တော်လှန်တိုက်ပွဲဝင်နေကြတယ်။ ရခိုင်မှာလည်း အဲလိုပဲ အာရက္ခတပ်တော် AA က ရခိုင်ပြည်သူများကို နှစ်ရှည်လများ ဒုက္ခသည်ပေးနေသော စစ်အုပ်စုကို တိုက်ခိုက်နေတာဖြစ်တယ်။ စစ်ကောင်စီကင်းစင်မှလည်း ရခိုင်ပြည်က လွတ်မြောက်မှာ။ ရခိုင်ပြည်သူရဲ့ ရေရှည်အကျိုးကို မျှော်မှန်းပြီး တော်လှန်ရေး လုပ်နေကြတာဖြစ်တယ်။ သူ့ကျွန်ဘဝက လွတ်မြောက်ချင်လို့။ အဲဒါကို ဒေါ်စောမြရာဇာလင်း ALP က ရခိုင်ပြည်သူတွေကို သူ့ကျွန်ဘဝက မလွတ်မြောက်လိုတဲ့ ဆန္ဒသဘောနဲ့ ဒီလို ကလေး လေးတစ်ယောက်လို ပြောဆိုနေတာက အင်မတန်ညံ့ဖျင်းတဲ့ အတွေးအခေါ်လို့ ပြောရမယ်။ ” ဟု ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီဟု အမည်ခံထားပြီး လွတ်မြောက်လိုခြင်းမရှိသော ဒေါ်စောမြရာဇာလင်း၏ ထုတ်ပြန်ချက်မှာ စစ်ကောင်စီထံမှ အကျိုးတစ်စုံတစ်ရာ မျှော်ကိုးနေပုံရသည်ဟု ပြည်ပရောက် ရခိုင်နိုင်ငံရေးသမားတစ်ဦးက သုံးသပ်သည်။

” ဒေါ်စောမြရာဇာလင်းက အခု စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးယူထားတယ်။ ဒါ့ကြောင့် ရခိုင်ပြည်သူတွေ အသက်အန္တရာယ်ကင်းဖို့ ငြိမ်းချမ်းစေဖို့ စစ်မတိုက်နဲ့လို့ စစ်ကောင်စီကို မတိုက်နဲ့လို့ သွယ်ဝိုက်ပြောလိုက်တာဖြစ်တယ်။ ဒါပေမယ့် ရခိုင်ပြည်သူတွေဟာ စစ်ကောင်စီရဲ့ လက်အောက်မှာ ဘယ်လောက်ထိ သတ်ဖြတ်ခံနေရအုံးမှာလဲ။ ဘယ်လောက်ထိ လူ့အခွင့်အရေးချိုးဖောက်ခံရပြီး ဆင်းရဲမွဲတေမှုနဲ့ နေနေရမှာလဲ။ စစ်ကောင်စီကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးဟာ နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲ၊ နှိပ်စက်သတ်ဖြတ်မှုပေါင်းမျိုးစုံနဲ့ ခံနေကြရတယ်။ ဒါကိုတော်လှန်ပုန်ကန်မှ လွတ်လပ်မှုနဲ့ ဖွံ့ဖြိုးမှုရှိသော လူ့ဘောင်တစ်ရပ်ကို ဖော်ဆောင်နိုင်မှာလေ။ ဒါပေမယ့် ALP ရဲ့ ပြောဆိုချက်ဟာ သံသယဖြစ်စရာရှိတယ်။ စစ်ကောင်စီဆီက ဘာတွေရနေလို့ ဒီလို အတွေးအခေါ်တွေကို ချပြရတာလဲဆိုတာ ဘာကိုမျှော်ကိုးနေလို့ ဒီလိုလုပ်ရတာလဲဆိုတာ စဉ်းစားစရာရှိတယ်။ ” ဟု ပြောသည်။

ရခိုင်ပြည် လွတ်မြောက်လိုခြင်းမရှိသော အမည်ခံ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်းအနေဖြင့် စစ်ကောင်စီအား ထောက်ခံအားပေးခြင်းနှင့် ရခိုင်ပြည်သူများအပေါ် အလိုတူအလိုပါ ပြစ်မှုကျူးလွန်နေပါက ရခိုင်ပြည်သူလူထုနှင့် ပိုမိုဝေးကွာနိုင်ကြောင်း သုံးသပ်သူများက ပြောဆိုကြသည်။

မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်နေ့အတွင်း စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသား ၇၈ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး အလောင်းဖျောက်ထားခြင်းနှင့် နောက်ထပ် ရွာသား ၆၀ ခန့်ကို ဖမ်းဆီးနှိပ်စက်နေခြင်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP က ကျူးလွန်ခဲ့သည်ဟု AA က ပြောဆိုထားသည်။

တော်လှန်ရေးအစဉ်အလာရှိသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အမည်ကို အသုံးပြု၍ ဖက်ဆစ်တပ်များနှင့် ပူးပေါင်းကာ လူထုဆန့်ကျင်ရေးလုပ်ငန်းများ၌ ပါဝင်နေမည်ဆိုပါက ရခိုင်အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းမှ သွေဖီသွားမည်ကို အထူးပင်သတိထားရမည်ဟု ဒေါ်စောမြရာဇာလင်း ALP ကို ရခိုင်ကျောင်းသားအဖွဲ့ AASYC ကလည်း သတိပေးထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular