Western News
Homeစစ်ရေးဟိုင်ဂင်အပစ်ရပ် သဘောတူညီချက် ချိုးပေါက်၍ စစ်ကောင်စီနှင့် အချိန်မရွေး တိုက်ပွဲများ ပြန်ဖြစ်နိုင်ဟု TNLA သတိပေး

ဟိုင်ဂင်အပစ်ရပ် သဘောတူညီချက် ချိုးပေါက်၍ စစ်ကောင်စီနှင့် အချိန်မရွေး တိုက်ပွဲများ ပြန်ဖြစ်နိုင်ဟု TNLA သတိပေး

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာနေ၍ ဟိုင်ဂင်အပစ်ရပ်ရေး သဘောတူညီချက် ကျိုးပေါက်ပြီးအချိန်မရွေး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနိုင်ကြောင်း TNLAမှ သတိပေးသည်။

လူထု အပေါ် ဖိနှပ်မှုများ ပိုမို လုပ်ဆောင်လာနေ၍ တိုက်ပွဲများ အချိန်မရွေး ပြန်လည် ဖြစ်ပွားနိုင်၍ ပြည်သူများ စစ်ရေးသတိရှိကြရန် TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ထိုသို့ သတိပေးလိုက်ခြင်းဖြစ်သည်။

“စကစ က သူထိုးထားတဲ့ သဘောတူထားတဲ့ ဟိုင်ဂင် သဘောတူညီချက်ကို တကယ် လိုက်နာနိုင်ပါ့မလား။ ကျနော်တို့ သံသယတော့ ရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က စကစ က လိုအပ်သလို စစ် ကစားနေမှာဖြစ်တဲ့ အတွက်ကြောင့် လူထုကို အထူးမှာကြားချင်တာကတော့ တော် လှန်ရေး သတိ စစ်ရေး သတိတော့ မပြတ်ဖို့ လိုပါတယ်။ အခြေအနေ တင်းမာမှုတွေက အချိန်မရွေး ပေါ်ပေါက်လာနိုင်တဲ့ အနေအထား ရှိတယ်လို့ ပြောချင်ပါတယ်။ လူထု အပေါ်မှာ ဖိနှပ်မှု တအားများလာမယ်ဆိုရင်တော့ ဒါက ကျနော်တို့က လူထုကို ကာကွယ်ရမယ့်တာဝန်ရှိတယ်။ ကျနော်တို့ ခုခံကာကွယ်ရမယ့် တာဝန်တွေရှိပါတယ်။ ဒါကြောင့်မို့ အဲလိုဖြစ်လာမယ်ဆိုရင် တိုက်ပွဲတွေက အချိန်မရွေး ပြန်ဖြစ်လာနိုင်တယ်” ဟု ပြောဆိုသည်။

တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာနိုင်ခြင်းကြောင့် ပြည်သူများ အနေဖြင့် မိမိကိုယ့်ကို လုံခြုံရေး ဂရုစိုက်ရန် လိုအပ်ပြီး စစ်တပ် အဓိက ခြိမ်းခြောက်နိုင်သော လေကြောင်း စစ်ဆင်ရေးနှင့် လက်နက်ကြီးပစ်ခတ်မှုများကို ဒဏ်ကို ခံနိုင်ရန် ကြိုတင်စီမံမှုများ လိုအပ်ကြောင်း ဗိုလ်ချုပ် တားဘုန်းကျော်က ဆက်လက် ပြောဆိုသည်။

“ကျောက်မဲ၊ သီပေါ၊ လားရှိုး စသဖြင့် မိုးကုတ်၊ မိုးမိတ် တအာင်းဒေသတွင်းထဲမှာ တပ်မဟာ ၂ တပ်မဟာ ၄ ကျန်နေတဲ့ ဒေသတွင်းထဲမှာ အဲတာ စကစနဲ့ နီးစပ်နေတဲ့ နေရာဖြစ်တယ်ဆိုတော့ အထူး စိတ်ပူစိုးရိမ်နေရတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အထူးသတိထားရမယ့် အခြေအနေဖြစ်တယ်လို့ မြင်ပါတယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ကရင်နီပြည်၊ ရခိုင်ပြည်၊ ကချင်ပြည်၊ ကရင်ပြည် ၊ မြန်မာပြည်၏ အညာဒေသများနှင့် မြန်မာပြည် အနှံ့အပြားတွင်လည်း တိုက်ပွဲ ထိတွေ့မှုများ ကြီးမားလာပြီး တိုက်ပွဲကြီးမားလာသည်နှင့်အတူ စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများလည်း ပိုပြီးတိုးလာသည့်အတွက် စိုးရိမ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

တရုတ်နိုင်ငံက ကြားဝင်ထားသော်လည်း စစ်ကောင်စီတွင် အာဏာရှင် စရိုက်ရှိနေသည့်အတွက် ဟိုင်ဂင်အပစ်ရပ်ရေး သဘောတူညီချက်သည် စိန်ခေါ်မှုများစွာရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

“အာဏာရှင်ရဲ့ စရိုက်အမှန်ဖော်ပြနေတဲ့ ကိစ္စတွေဖြစ်တယ်။ ဒါက ကျနော်တို့ မဟာမိတ် သုံးဖွဲ့နဲ့ လက် မှတ်ရေးထိုးထားတဲ့ ဟိုင်ဂင်သဘောတူညီချက်ကို အများကြီး စိန်ခေါ်မှုတွေ ဖြစ်နေတယ်လို့ တွေ့မြင်ရပါတယ်။ ဟိုင်ဂင်သဘောတူညီချက်အတွက် ကျနော်တို့ အများကြီး ပြန်သုံးသပ်ရမယ့်အနေအထားဖြစ်ပါတယ်။ ကျနော်တို့ မဟာမိတ် မြောက်ပိုင်းသုံးဖွဲ့ကတော့ ကျနော်တို့ ကိုယ်တိုင် ရေးထိုးထားတဲ့ လက် မှတ်ဖြစ်တဲ့အတွက်ကြောင့် ဟိုင်ဂင်သဘောတူညီချက်အတိုင်းပဲ ရပ်တည်မှာ ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ ပြန်ကြည့်ကြည့်တာက တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရွှီကျွင်း ကလည်း ဟိုင်ဂင်သဘောတူညီချက်ကို ခိုင်မှာအောင် အစွမ်းကုန် ကြိုးစားနေတာတွေ့ရတယ်။ တရုတ်က ကြားဝင်ထားတဲ့ ဟိုင်ဂင် သဘောတူညီချက် ရှိထားတော့ ကျနော်တို့ စစ်ရေးအရ ပြင်းထန်တဲ့ အခြေအနေ ထိတိုင်အောင် စကစ စစ်ကောင်စီ က လုပ်လိမ့်မယ်မဟုတ်ဘူးလို့တော့ ကျနော်တို့ အဲဒီလို ထင်ပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့ က စစ်ရေးသတိတော့ အမြဲတမ်းရှိရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

TNLA အနေဖြင့် မဟာမိတ်တပ်ဖွဲ့များနှင့် တင်းမာမှုများရှိနေမှုအပေါ် ဗဟိုအဆင့်နှင့်အောက်ခြေ အဆင့်တွင်ပါ ပူးပေါင်းဆောင်ရွက်ပြီး တင်းမာမှုများကို လျှော့ချသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသွားသည်။
“ကျနော်တို့ တအာင်းတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ က ကျနော်တို့ကြာရှည်စွာ လက်တွဲလာတဲ့ မဟာမိတ်အဖွဲ့အစည်းတွေဖြစ်ပါတယ်။ ကျနော်တို့ မဟာမိတ် အဖွဲ့အစည်းတွေဖြစ်တဲ့အတိုင်း နှစ်ဖက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။ ဗဟိုအဆင့်ရော အောက်ခြေအဆင့် အသီးသီးမှာရော ပူးပေါင်းဆောင်ရွက်မှုတွေရှိပါတယ်။ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ အောက်ခြေကို ပြဿနာတွေ ဒီထက်ကြီးထွားမသွားအောင် အကောင်းဆုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ကျနော်တို့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံရေးရည်မှန်းချက်လည်း အကောင်အထည် ဖော်ဖို့လိုတယ်။ တဆက်တည်းမှာပဲ ကျနော်တို့ မဟာမိတ်နဲ့လည်း ပြဿနာတွေ ဒီထက်ပိုမကြီးထွားအောင် ဆောင်ရွက်ဖို့လည်း ကျနော်တို့ တပ်မှူး၊ တပ်ဖွဲ့တွေ ကျနော်တို့ အုပ်ချုပ်ရေးနဲ့ ဌာနဆိုင်ရာအဖွဲ့အသီးသီးကိုလည်း အမြဲတစေလမ်းညွှန်မှာကြားပါတယ်”ဟု ၎င်းက ဆက်လက် ပြောဆိုသွားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က မြို့နယ် ၇ ခုဖြစ်သည့် နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံ မြို့နယ်များကို တိုက်ခိုက်သိမ်းပိုက်ရရှိထားသည်။

ရန်ကုန်ခေတ်သစ်သည် Western News ၏ မဟာမိတ်ဖြစ်သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular