Western News
Homeကျန်းမာရေးရခိုင်မှာ ဆေးဝါး ပြတ်လပ်သွားပြီ

ရခိုင်မှာ ဆေးဝါး ပြတ်လပ်သွားပြီ

ရခိုင်ပြည်မှာ အရေးပေါ်လူနာများနှင့် နာတာရှည်ရောဂါဝေဒနာခံစားရသူများ အသုံးပြုရသော ဆေးဝါးများ လုံးဝ ပြတ်လပ်သွားပြီဟု လူနာများနှင့် ဆေးဆိုင်များက ပြောဆိုကြသည်။

လူနာတစ်ဦးအတွက် လိုအပ်သည့်ဆေးဝါးများကို တစ်မြို့လုံးရှိဆေးဆိုင်တိုင်းနီးပါးတွင် ဝယ်ယူသော်လည်း စုံလင်စွာမရရှိနိုင်တော့သည့် အခြေနေမျိုးအထိ ဖြစ်နေသည်ဟု စစ်တွေမှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ဆေးဝါးတွေက တော်တော်ကို ပြတ်နေတာပါ။ ဆေးဝါးသယ်လို့ရမယ့် လမ်းကြောင်းကို မရှိတော့ပါဘူး။ အခုအခြေနေက ဘယ်လိုဖြစ်နေလဲဆိုတော့ မြို့မှာရှိတဲ့ ဆိုင်တိုင်းမှာ ဆေးလိုက်ဝယ်ပေမယ့် လိုအပ်တဲ့ဆေးဝါးအစုံအလင်ကို ရနိုင်ဖို့ ခဲယဉ်းတဲ့အခြေနေကို ရောက်နေတာပါ” ဟုပြောသည်။

၂၀၂၃ တကျော့ပြန်တိုက်ပွဲ စတင်ချိန်ကတည်းက အာဏာသိမ်း စစ်ကောင်စီမှ ရခိုင်ပြည်အတွင်း ရေလမ်း၊ ကုန်းလမ်းအားလုံးကို ပိတ်ဆို့ခဲ့၍ ယင်းအချိန်ကစပြီး ဆေးဝါးများပြတ်လပ်နေခဲ့သည်။

ရခိုင်ပြည် မြောက်ပိုင်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် အိန္ဒိယ-ပလက်ဝ-ရခိုင် နယ်စပ်ကို ဖွင့်ပေးကာ အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနှင့် စက်သုံးဆီများ တင်သွင်းခွင့်ရရှိခဲ့သော်လည်း လက်ရှိတွင် အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်လူငယ်များက နယ်စပ်ဂိတ်များကို ပိတ်ပင်ထားကြသည်။

ပြတ်လပ်နေသည့် ဆေးဝါးများကို မြောက်ဦးဒေသခံ လူနာတစ်ဦးက ယခုလိုပြောပြသည်။

” အရေးပေါ်အတွက်ဆို ဆေးဝါရည်၊ ဂွမ်း၊ ပိုးသတ်ဆေးရည်၊ အကိုက်အခဲပျောက်ဆေး၊ ပါရာစီတမော့၊ ပတ်တီး၊ နှာစီးချောင်းဆိုးပျောက်ဆေး စသဖြင့်ပေါ့။ နာတာရှည်ရောဂါ ဒါမှမဟုတ် ပုံမှန်သောက်နေရတဲ့ လူနာတွေအတွက်ဆိုရင် နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာသမား စတဲ့ ဒီရောဂါခံစားနေရတဲ့သူတွေမှာ ဆေးလုံးဝရှာလို့ မရတော့ဘူး။ သူတို့ အသက်အန္တရာယ်က အရမ်းစိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေပြီ။ ဒီအထဲမှာ နှလုံးရောဂါသည်က အဆိုးဆုံးပဲ။ သူ့ဆေးတွေဆို လုံးဝ မရှိတော့တာ။ ” ဟု ပြောသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် မွေးကင်းစကလေးပါအဝင် ၅ နှစ်အောက်ကလေးငယ်များမှာ ကာကွယ်ဆေး မထိုးရခြင်းနှင့် သောက်ဆေးမရရှိခြင်းမှာ ၅ လခန့် ကြာမြင့်နေပြီဟု စုံစမ်းသိရသည်။

ဆေးဝါးပြတ်လပ်မှုများတွင် ရောဂါအမျိုးအစားပေါ်တည်၍ အစားထိုးအသုံးပြု၍ရသည်အခြေနေများရှိသော်လည်း ဆေးဝါးတစ်မျိုးတည်း စွဲမြဲသောက်သုံးနေရသည့် ရောဂါဝေဒနာရှင်များအတွက်မူ ဆေးဝါးပြတ်လပ်မှုမှာ ပိုဆိုးရွားသည်ဟု မြောက်ဦးမှ ဆေးဖက်ဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောသည်။

“ပြတ်နေတဲ့ဆေးတွေကတော့အများကြီးပဲ။ ဒါပေမယ့် အစားထိုးအနေနဲ့ တစ်ချို့ဆေးတွေအသုံးပြုနေရတာ တွေရှိတယ်။ ဒါကရောဂါအပေါ်မူတည်ပြီးပေါ့နော်။ ဆေးအမျိုးအစား တစ်မျိုးတည်းပဲသုံးလို့ရတဲ့ ဥပမာ HIV တို့ Tb တို့လို ရောဂါဝေဒနာရှင်တွေဆိုရင် သူတို့အတွက် ဆေးဝါးပြတ်လပ်မှုက တော်တော်ဆိုးတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲ နယ်မြေဖြစ်ဖြစ်၊ AA ထိန်းချုပ်နယ်မြေပဲဖြစ်ဖြစ် ဆေးရုံ၊ ဆေးခန်းများမှာ ဆေးဝါးအပြည့်အစုံ၊ ဆရာဝန်၊ သူနာပြု အပြည့်အစုံဖြင့် လည်ပတ်နေခြင်း မရှိကြပေ။

စစ်ကောင်စီထိန်းချုပ်ထားဆဲ မြို့များတွင် တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်၍ မြို့ကိုစွန့်ခွာနေကြသလို AA ထိန်းချုပ်နယ်မြေထဲတွင်လည်း စစ်ကောင်စီက ဆေးရုံ၊ ဆေးခန်းများကို ဦးတည်ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေ၍ နေရာတိုင်း၊ မြို့နယ်တိုင်းတွင် ဆေးရုံ၊ ဆေးခန်း ဖွင့်လှစ်နိုင်ခြင်းမရှိပေ။

လက်ကျန်ဆေးဝါးများကို ဝယ်လိုအားမြင့်နေခြင်းနှင့် ဆေးဝါးသယ်ယူရ ခက်ခဲသည့် အကြောင်းပြချက်တို့ဖြင့် ဆေးဆိုင်များက ဈေးမြှင့်တင်ရောင်းချနေ၍ သုံးစွဲသူ လူနာများနှင့် မသိသားစုဝင်များမှာ အခက်အခဲဖြစ်နေကြရသည်။

ရခိုင်ပြည်အတွင်း လူသားချင်းစာနာထောက်ထားမှုဖြင့် ကျန်းမာရေးကူညီဆောင်ရွက်ပေးနေသည့် နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ကလည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

ရခိုင်ပြည်အတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်နှင့်အတူ အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနှင့် စက်သုံးဆီ၊ ဆန် စသဖြင့် ပြတ်လပ်နေပြီး အိန္ဒိယနယ်စပ်က ပစ္စည်းသယ်ယူခွင့် ရရေးအတွက် အာရက္ခတပ်တော် AA အနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးသင့်ကြောင်း ဒေသခံပြည်သူများ လိုလားနေကြသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular