Western News
Homeကျန်းမာရေးသံတွဲမှာ စစ်ရှောင်အမျိုးသမီးများ လစဉ်သုံးပစ္စည်း အရေးတကြီးလိုအပ်နေ

သံတွဲမှာ စစ်ရှောင်အမျိုးသမီးများ လစဉ်သုံးပစ္စည်း အရေးတကြီးလိုအပ်နေ

ရခိုင်ပြည် သံတွဲမြို့နယ်က စစ်ရှောင်စခန်း အနည်းဆုံး ၁၆ ခုက အမျိုးသမီးများမှာ လစဉ်သုံးပစ္စည်း အရေးတကြီးလိုအပ်နေသည်ဟု ကာယကံရှင်များနှင့် အကူအညီပေးနေသူများထံမှ သိရသည်။

စစ်ရှောင်စခန်း ၁၆ ခုမှာ လူဦးရေ ၂၀၀၀ ကျော်ရှိသည့်အနက် ၁၀၀၀ ကျော်မှာ အမျိုးသမီးများဖြစ်နေ၍ လစဉ်သုံးပစ္စည်းများ အရေးတကြီးလိုအပ်နေသည်ဟု ကူညီဆောင်ရွက်ပေးနေသူ ကိုတေဇာအောင်က ပြောသည်။

” ပြီးခဲ့တဲ့ တစ်ပတ်က ကျနော်တို့ လုပ်ထားတဲ့ စာရင်းအရဆိုရင် စစ်ရှောင်စခန်း ၁၆ ခုမှာ လူဦးရေ ၂၀၀၀ ကျော်ရှိတယ်။ အဲဒီထဲမှာမှ အမျိုးသမီးဦးရေက ၁၀၀၀ ကျော်တယ်ပေါ့နော်။ ပြောရရင် ၆၀ ရာခိုင်နှုန်းလောက် အမျိုးသမီးဖြစ်နေတယ်။ အဲဒီထဲမှာမှ အရွယ်ကောင်းအမျိုးသမီးတွေပါတယ်။ ပြီးတော့ လကုန်ခါနီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ အရေးပေါ် လစဉ်သုံးပစ္စည်းတွေ လိုအပ်နေတယ်ပေါ့လေ။ အဲဒီအတွက် ကျနော်တို့က အရေးပေါ်အနေနဲ့ အဲဟာကို ဦးစားပေးပြီး ကူဖို့လုပ်နေကြတာပါ။ ” ဟု ပြောသည်။

သံတွဲမြို့မှာ မြို့ပျက်ကြီးကဲ့သို့ ဖြစ်ပျက်နေပြီး ဈေးဆိုင်များလည်း ပိတ်ထားသည့်အပြင် အမျိုးသမီးလစဉ်သုံးပစ္စည်းနှင့် ကလေးဒိုင်ဗာများ တင်သွင်းခွင့်ကို စစ်ကောင်စီက တားဆီးပိတ်ပင်ထားကြောင်း သိရသည်။

” တချို့ရွာကြီးတွေက ကုန်စုံဆိုင်တွေက ကျနော်တို့ ရသလောက် ဝယ်နေတယ်။ စုနေတယ်။ အခုလောလောဆယ်က ဒီနေ့စာရင်းအထိဆိုရင် pad အရေအတွက် ၂၀၀ လောက်ဝယ်လို့ ရထားပြီ။ အဲဒါလေးတွေကို ကျနော်တို့ စခန်းတွေကို ဝေမျှသွားမယ်။ ထပ်ပြီးတော့လည်း ဝယ်ဖို့ စီစဉ်နေတယ်။ အမျိုးသမီးလစဉ်သုံးပစ္စည်းက သဘောတရားက သူ့ကြီးပဲ ပေးလို့မရပါဘူး။ အမျိုးသမီးအတွင်းခံလည်း ပေးရပါတယ်။ အဲဒီတော့ အမျိုးသမီးအတွင်းခံတွေကိုလည်း ရအောင်ဝယ်ပေးဖို့ ကြိုးစားနေကြပါတယ်ပေါ့နော်။ ” ဟု ကိုတေဇာအောင်က ဆက်ပြောသည်။

လက်ရှိတွင် သံတွဲက စစ်ရှောင်အမျိုးသမီးများမှာ လစဉ်သုံးပစ္စည်းများမရှိ၍ ယခင်ရှေ့နည်းအတိုင်း အသုံးပြုနေရပြီး ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်ရသည်ဟု သံတွဲဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

” ဓမ္မတာလာတဲ့အချိန်မှာ လစဉ်သုံးပစ္စည်းမရှိရင် ရောဂါပိုးမွှားတွေက အလွယ်တကူဝင်ရောက် ကူးစက်နိုင်တယ်။ အခု အရင်နည်းတွေအတိုင်း အဝတ်စုတ်တွေကို လျှော်ဖွတ်ပြီး ထပ်ခါထပ်ခါ သုံးနေရတာက အဆင်မပြေဘူးလေနော်။ ဘယ်လောက်ပဲလျှော်ဖွတ်လျှော်ဖွတ် အရမ်းကြီး သန့်စင်သွားတာမျိုး မဟုတ်ဘူးပေါ့နော်။ တစ်ခါသုံး pad ထုတ်တွေက ပိုကောင်းတာပေါ့နော်။ ကျန်းမာရေးအတွက် မစိုးရိမ်ရဘူးပေါ့နော်။ ” ဟု ပြောသည်။

အဆိုပါ စစ်ရှောင်စခန်း ၁၆ ခုက မိသားစုများမှာ အထူးသဖြင့် အမျိုးသမီးများမှာ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်၊ လက်နက်ကြီးအန္တရာယ် ချက်ချင်းကျရောက်မှုကြောင့် အသက်လုထွက်ပြေးလာရ၍ အသုံးအဆောင်ပစ္စည်းများ မယူခဲ့ရသူ များပြားသည်ဟု သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular