Western News
Homeသတင်းရှမ်းမြောက် တိုက်ပွဲ ၄ ရက်အတွင်း အရပ်သား ၂၀ ဦး သေဆုံး၊ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိ

ရှမ်းမြောက် တိုက်ပွဲ ၄ ရက်အတွင်း အရပ်သား ၂၀ ဦး သေဆုံး၊ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိ

စစ်ဆင်ရေး ၅ ရက်အတွင်း စစ်ကောင်စီက တံတား ၅ စင်းကို ဖျက်ဆီးခဲ့

ရှမ်းပြည်မြောက်ပိုင်းတွင် တအာင်းတပ်မတော် TNLAနှင့် စစ်‌ကောင်စီတပ်တို့အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှု‌များကြောင့် ဒေသခံ ၂၀ ကျော်ရှိ သေဆုံးသည်ဟု TNLA က ပြန်သည်။

ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့က စတင်ပြီး ၁၀၂၇ စစ်ဆင်ရေး တကျော့ပြန်တိုက်ပွဲအတွင်းမှာ ဇွန် ၂၅ ရက်ကနေ ၂၈ ရက်အထိ ၄ ရက်တာအတွင်း ပြည်သူ ၂၀ ဦး သေဆုံးခဲ့ရပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ဇွန် ၂၈ ရက်နေ့ တရက်ထဲတွင် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ် မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁၁ ဦးအထိ သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

ကျောက်မဲမြို့၊ နယ်မြေ ၈ မှာ လက်နက်ကြီးကျရောက်မှုကြောင့် မယ်သီလရှင် ၁ ပါး အပါအဝင် အမျိုးသမီး ၄ ဦး၊ အမျိုးသား ၂ ဦး သေဆုံးပြီး အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့သည့် အပြင် နေအိမ် ၄ လုံး ပျက်စီးသွားကြောင်း TNLA က ထုတ်ပြန်ထားသည်။

မိုးကုတ်မြို့ အရှေ့ပိုင်းမှာလည်း စစ်ကောင်စီ ဂျက်ဖိုက်တာနှင့် ဗုံးကြဲခဲ့၍ ကျည်စထိမှန်ပြီး ကိုရင် ၁ ပါး ပျံလွန်သွားပြီး ၄ ပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လူးထရပ်ကွက်ရှိ အဘွား ၁ ဦးနှင့် ကလေးငယ် ၁ ဦး သေဆုံးသွားသည့် အပြင် မိုးကုတ် အနောက်ဘက် နေအိမ်တလုံးပေါ်မှာ လက်နက်ကြီး ကျရောက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည်။

ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်က ဒေသခံ သောင်းနှင့် ချီတို့လည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

TNLA တပ်မဟာ ၆ စစ်ဒေသ၊ လားရှိုးမြို့နယ် မန်စံရေကျ၊ မန်ပွဲနှင့် လားရှိုးကို ဆက်သွယ်ထားသည့် တံတား ၂ စင်းကိုလည်း ဇွန် ၂၇ မှာ စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း ယမန့်နေက တအာင်းတပ်မတော်က ထုတ်ပြန်သည်။

မန်စံရေကျကြိုးတံတားနှင့် ခိုလိတ်ရထားလမ်းတံတားတို့ဖြစ်ပြီး တံတားပျက်သွားမှုကြောင့် ယင်းတံတားကို အဓိကထား အားထားနေရသော ခိုလိတ်၊ မန်းပွဲ၊ မန်းပွဲလုံ၊ မန်းပွဲဘူတာ စသည် ကျေးရွာက ဒေသခံများ သွားလာရေး၊ ရိက္ခာသယ်ယူရေး ရပ်တန့်သွားခဲ့ရသည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ပထမဆုံးတိုက်ပွဲရက်ဖြစ်သော ဇွန် ၂၅ မှာလည်း အများပြည်သူအသုံးပြုနေသည့် ခိုလိတ်အုပ်စုရှိ မန်ပွဲရွာတံတား၊ ဆွတ်လန်းတံတားနှင့် မန်စံရေကျတံတားတို့ကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့သည်။

ထို့ကြောင်း စစ်ဆင်ရေး ၅ ရက်တာအတွင်း စစ်ကောင်စီ ဖျက်ဆီးလိုက်သည့် တံတား ၅ စင်းအထိ ရှိသွားပြီးဟု TNLA က ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular