Western News
Homeစစ်ရေးသံတွဲမှာ စစ်ကောင်စီ လေကြောင်းပစ်ခတ်၍ အရပ်သား အမျိုးသမီး ၅ ဦးဒဏ်ရာရ

သံတွဲမှာ စစ်ကောင်စီ လေကြောင်းပစ်ခတ်၍ အရပ်သား အမျိုးသမီး ၅ ဦးဒဏ်ရာရ

ရခိုင်ပြည် သံတွဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီ လေကြောင်းဗုံးကြဲပစ်ခတ်၍ အပြစ်မဲ့ ကလေးငယ်များအပါအဝင် အမျိုးသမီး ၅ ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ယမန်နေ့ ဇူလိုင်လ ၂ နေ့လယ် ၁ နာရီအချိန်ခန့်တွင် အရပ်သားပြည်သူများနေထိုင်သည့် သံတွဲမြို့နယ် မြုံပြင်ကျေးရွာကို စစ်ကောင်စီလေတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီး ၅ ဦး ပြင်းထန်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

ဒဏ်ရာရသူများမှာ အသက် ၁၄ နှစ်ခန့် မယုယမြင့်မွန်၊ အသက် ၁၈ နှစ်ခန့် မကြည်ဖြူခင်၊ အသက် ၂၁ နှစ်ခန့် မဝေဝေထွေး၊ အသက် ၄၅ နှစ်ခန့် ဒေါ်မြလေးစိန်၊ အသက် ၇၆ နှစ်ခန့် ဒေါ်သိန်းဟန်တို့ ဖြစ်ကြသည်။

မြုံပြင်ရွာနှင့်နီးစပ်သူတစ်ဦးက ” ဟုတ်တဲ့ပါ။ ဒီမှာက ဖုန်းလိုင်း၊ အင်တာနက် အကုန်လုံးက ပြတ်တောက်နေတော့ သတင်းအတည်ပြုချက်က ခက်ခဲနေတယ်။ ဒေသတွင်း သတင်းအရတော့ မြုံပြင်က အမျိုးသမီး ၅ ယောက်က ဒဏ်ရာရတာပါ။ တချို့က ဒဏ်ရာပြင်းတယ်လို့ သိရတယ်။ သေဆုံးတာ မဟုတ်ပါဘူး။ ” ဟု ပြောသည်။

မြုံပြင်ရွာနှင့် ရွာအနီးအနားမှာ တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီက ဗုံးလာကြဲခြင်းဖြစ်ပြီး ဒဏ်ရာရခြင်းဖြစ်သည်ဟု သံတွဲမြို့နယ်အတွင်း စစ်ရှောင်များအား ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ထပ်မံအတည်ပြုပြောဆိုသည်။

” သေဆုံးတာတော့ မရှိဘူး။ ဒဏ်ရာရတာပဲ။ ဒဏ်ရာတွေကလည်း စိုးရိမ်ရတဲ့ ဒဏ်ရာမဟုတ်ဘူး။ ဗုံးစလေးတွေ စိုင်ပြီထိတာတော့၊ အိမ်တွေကို ထိတာတော့ အဲလိုမျိုး အခု သံတွဲဆေးရုံမှာ တင်ထားတယ်။ ခြေတွေ၊ လက်တွေ၊ ဦးခေါင်းတွေမှာတော့ မထိဘူး။ ခန္ဓာကိုယ်တွေမှာ ဗုံးစလေးတွေ ထိသွားတယ်လို့ ပြောတယ်။ သေဆုံးသွားတာမျိုးတော့ မဟုတ်ပါဘူး။ ဘာတိုက်ပွဲမှ မရှိဘူး။ လူတွေကလည်း အမှုမဲ့အမှတ်မဲ့ စားသောက်နေကြတော့ ဗုံးလာကြဲသွားတာပေါ့။ ဗုံးလာကြဲတော့ လူတွေက ဟိုပြေးဒီပြေး ပြေးကြတော့ ဗုံးစလေးတွေ ထိသွားတာပေါ့။ ” ဟု ပြောသည်။

သံတွဲမြို့ပြည်သူ့ဆေးရုံမှာ ဖွင့်ထားသော်လည်း ဆရာဝန်များမရှိကြောင်းနှင့် သူနာပြုအနည်းငယ်ဖြင့်သာ ဖွင့်လှစ်ထားရပြီး မြုံပြင်ရွာက အမျိုးသမီး ၅ ဦးမှာ အရေးပေါ်ဖြစ်နေ၍ သံတွဲဆေးရုံသို့ ပို့ဆောင်ကုသနေခြင်းဖြစ်သည်ဟု စစ်ရှောင်ကူညီနေသူက ဆိုသည်။

မြုံပြင်ရွာဗုံးကြဲခံရ၍ အမျိုးသမီး ၅ ဦး ဒဏ်ရာရသွားသည့်အပြင် နေအိမ် ၁၅ ဆောင်ထက်မနည်း ထိခိုက်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။

သံတွဲမြို့၊ ငပလီမြို့နှင့် တောင်ကုတ်မြို့တို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့မှာ စစ်ရေးပြင်းထန်လျှက်ရှိနေပြီး ဇွန်လကုန်ပိုင်းက သံတွဲမြို့နှင့် ငပလီမြို့အတွင်း တိုက်ပွဲများပြင်းထန်ခဲ့သည်။

စစ်ရေးအခြေအနေသိသူတစ်ဦးက ” ရခိုင် တောင်ပိုင်းဒေသမှာက တောင်ကုတ်၊ သံတွဲ၊ ကျောက်ဖြူ၊ ဂွတို့ဆိုတာ တော်တော်လေးကို အရေးပါတယ်။ စီမံကိန်းတွေရှိတဲ့ နေရာတွေလည်းဖြစ်တယ်။ ဒီမြို့တွေကို မကျဆုံးစေဖို့ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ အားလုံးနဲ့ ခုခံနေတယ်။ ဒါပေမယ့် သူတို့ ခုခံတာက ပြည်သူတွေကို ဓားစာခံအဖြစ်နဲ့ ခုခံနေတယ်။ ပြည်သူတွေ များများသေအောင် လုပ်တယ်။ ဒါဆို စစ်ရေးအရှိန် အထူးသဖြင့် AA ရဲ့ ထိုးစစ်တွေ ရပ်မလားပေါ့နော်။ အဲလိုမျှော်လင့်နေတာ။ ဒါပေမယ့် ဒါက စစ်ကောင်စီရဲ့ လုပ်ရပ်က မှားနေတယ်။ ပြည်သူတွေကို ထိခိုက်အောင်လုပ်လို့ AA ရဲ့ ထိုးစစ်က ရပ်မှာမဟုတ်ဘူး။ ဒါကို ပြည်သူတွေကလည်း သိတယ်။ ဒီတစ်ကြိမ်က ငါတို့ နောက်ဆုံးပဲလို့ တွေးထားကြတာ။ ” ဟု ပြောသည်။

အာရက္ခတပ်တော် AA သည် ရခိုင်ပြည် စစ်ကောင်စီ လက်အောက်က လွတ်မြောက်ရေးနှင့် ကွန်ဖန်ဒရိတ်ထက် မနိမ့်သော အဆင့်ဖြင့် အုပ်ချုပ်ခွင့်ရရှိရေး မြန်မာစစ်တပ်ကို တိုက်ခိုက်နေပြီး လက်ရှိတွင် မြို့ ၁၀ မြို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

ရခိုင်ပြည်အတွင်း AA သိမ်းပိုက်ထားသော မြို့များမှာ ချင်းပြည်ထဲက ပလက်ဝအပါအဝင် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နှင့် ရမ်းဗြဲမြို့တို့ဖြစ်သည်။

ကျန်ရှိနေသေးသော မောင်တော၊ စစ်တွေ၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ဂွနှင့် မာန်အောင်မြို့တို့ဖြစ်ပြီး ယင်းအထဲက မောင်တော၊ သံတွဲ၊ တောင်ကုတ်နှင့် ကျောက်ဖြူမြို့တို့တွင် စစ်ရေးပြင်းထန်လျှက်ရှိနေသည်။

မှတ်ချက် – သံတွဲ မြုံပြင်ရွာ လေကြောင်းဗုံးကြဲခံရခြင်းနှင့် ပတ်သက်ပြီး Western News အား မြေပြင်က ကနဦး သတင်းပေးပို့ချက်နှင့် သတင်းဖော်ပြချက်မှာ အမျိုးသမီး ၅ ဦး သေဆုံးဟု သတင်းကို ပြန်လည်ဆန်းစစ်ခဲ့ရာ သေဆုံးခြင်းမဟုတ်ဘဲ ဒဏ်ရာရခြင်းသာဖြစ်သည်ဟု သိရသည်။ သံတွဲ၊ ငပလီ၊ တောင်ကုတ်မြို့နယ်များတွင် အင်တာနက်၊ ဖုန်းလိုင်း အားလုံးနီးပါး ပြတ်တောက်နေ၍ သတင်းအချက်အလက်များ အတည်ပြုရန် အလွန်ခက်ခဲနေပါသည်။ ကနဦး သတင်းဖော်ပြချက် မှားယွင်းလွှဲချော်သွားသည့်အတွက် အမျိုးသမီးများ၏ မိသားစုဝင်များနှင့် ပရိတ်သတ်များအား Western News မှ တောင်းပန်အပ်ပါသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular