Western News
Homeစီးပွားရေးဓာတ်မြေသြဇာရှားပါး၍ ရခိုင်လယ်သမားများ ဆန်မှုန့်၊ ပဲနှင့် မုန်ညင်းဖတ်များကို အစားထိုးအသုံးပြု

ဓာတ်မြေသြဇာရှားပါး၍ ရခိုင်လယ်သမားများ ဆန်မှုန့်၊ ပဲနှင့် မုန်ညင်းဖတ်များကို အစားထိုးအသုံးပြု

ဓာတ်မြေသြဇာများ စျေးမြင့်ပြီးရှားပါးနေခြင်းကြောင့် ရခိုင်ပြည်အတွင်းက လယ်ယာလုပ်ကိုင်သူများမှာ မိမိတို့လယ်ယာများတွင် ဓာတ်မြေသြဇာအစားထိုးအနေဖြင့် ဆန်မှုန့်၊ ပဲဖတ်နှင့် မုန်ညင်းဖတ်များကြဲနေကြရကြောင်း လယ်ယာလုပ်ကိုင်သူများက ပြောသည်။

လယ်ယာများ ထွန်ယက်ပြီးနောက် အသုံးပြုသည့် မြေသြဇာမှာ ဒေသတွင်းရောင်းချကြခြင်းမရှိ၍ အစားထိုးအနေဖြင့် ဆန်မှုန့်များကြဲနေကြရခြင်းဖြစ်သည်ဟု မြောက်ဦးမြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။

“မြေသြဇာအမဲကရှာမရဘူးဗျ။ ကျနော်တို့ကအဲ့ဒါကို ထွန်ယက်ပြီးနောက်ပိုင်းမြေမှာကြဲချကြတာလေ။ အခုကမရှိတော့ ဆန်မှုန့်တွေပဲကြဲနေကြရတယ်။ ထိရောက်မထိရောက်တော့မသိဘူး။ ဒါပေမယ့် ဆန်မှုန့်ကြဲတာက ပိုးမွှားကျတယ်လို့လည်းကြားနေရတော့ စိုးရိမ်နေရသေးတယ်” ဟု ပြောသည်။

မြေသြဇာမှာရှားပါးသည့်အပြင် ရှိသည့်ဓာတ်မြေသြဇာများမှာလည်း စျေးမြင့်နေသည့်အတွက် ဒေသတွင်းမြေသြဇာအဖြစ် အသုံးပြု၍ရသည့် အရာများကိုသာ အားထားရမည်ဖြစ်သည်ဟု ကျောက်တော်မြို့မှ လယ်သမားတစ်ဦးက ဆိုသည်။

“ရှိတဲ့ မြေသြဇာတွေကလည်း စျေးက အင်မတန်မြင့်နေတော့ လယ်သမားတွေအနေနဲ့ ဝယ်သုံးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒေသမှာ မြေသြဇာအဖြစ် အဆင်ပြေနိုင်မယ်အရာတွေကိုပဲ သုံးကြရတော့မယ်။ အခုတော့ မျိုးစပါးကြဲပြီး ပဲဖတ်၊ တချို့ဆို မုန်ညင်းဖတ်တွေ ကြဲနေကြပြီ” ဟုပြောသည်။

ရခိုင်ကမြို့နယ်များတွင် လက်ရှိ ဓာတ်မြေသြဇာစျေးနှုန်းမှာ ကျပ် ၃ သိန်းမှ ၃ သိန်းခွဲအထိ ရှိနေပြီး အဆိုပါစျေးနှုန်းဖြင့် ဝယ်ယူသုံးစွဲသူမရှိသလောက်နည်းပါးကြောင်း ဓာတ်မြေသြဇာအရောင်းဆိုင်များမှ သိရသည်။

ရခိုင်တွင် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီအတွင်း ဓာတ်မြေသြဇာအပြင် တစ်ခြားသွင်းအားစုများမှာ စျေးအဆမတန်မြင့်နေခြင်းကြောင့် လယ်ယာလုပ်ကိုင်သူအများစုမှာ လယ်ဧကများ လျော့ချလုပ်ကိုင်ခဲ့ကြသည်။

ထိုကဲ့သို့ လျော့ချလုပ်ကိုင်သည့်အခြေနေနှင့် တိုက်ပွဲအခြေနေများကြောင့် လယ်ယာများမလုပ်ကိုင်နိုင်မှုအခြေနေများတွင် ယခုနှစ် စပါးအထွက်နှုန်းလည်း လျော့ကျနိုင်ကြောင်း ရခိုင်တောင်သူလယ်သမားသမဂ္ဂမှ ပြောဆိုထားသည်။

RELATED ARTICLES

1 COMMENT

Comments are closed.

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular