Western News
Homeစီးပွားရေးထိုင်း မြန်မာသံရုံးအရှေ့မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအချို့ သွားရောက်ဆန္ဒပြ

ထိုင်း မြန်မာသံရုံးအရှေ့မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအချို့ သွားရောက်ဆန္ဒပြ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးအရှေ့တွင် ဇူလိုင် ၇ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့ သွားရောက်ဆန္ဒပြခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြကြသည်။

အဆိုပါ ဆန္ဒပြလှုပ်ရှားမှုကို ထိုင်းနိုင်ငံရောက် Bright Future- တောက်ပသော အနာဂတ်အဖွဲ့မှ ဦးဆောင်၍ ဘန်ကောက်ရှိ မြန်မာသံရုံးအရှေ့တွင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများအား အသိအမှတ်ပြုကတ် “ပန်းရောင်ကတ်” နှင့် Work Permit ကို ထိုင်းအစိုးရမှ အသိအမှတ်ပြုပေးရေးကို တောင်းဆိုခဲ့ကြသည်။

နိုင်ငံအနှံ့သွားလာခွင့် CI စာအုပ် (အစိမ်းရောင် ပါ့စ်ပို့) ကို ပယ်ဖျက်ပြီး ပန်းရောင်ကဒ်ဖြင့်သာ နိုင်ငံအနှံ့သွားလာခွင့် ပြုလုပ်ပေးရန် မြန်မာရွှေ့ပြောင်းလုပ်သားများက တောင်းဆိုကြသည်။

ဆန္ဒပြရာတွင် ပါဝင်သူ အလုပ်သမားတစ်ဦးက ” အရင်ကဆို ပန်းရောင်ကဒ် နိုင်ငံအနှံ့သွားလာ အလုပ်လုပ်လို့ရတယ်။ အခု စစ်ကောင်စီက ထိုင်းနဲ့ညှိပြီးတော့ ပန်းရောင်ကဒ်တစ်ခုတည်းနဲ့ မရတော့ဘူး။ နိုင်ငံအနှံ့သွားအလုပ်လုပ်မယ်ဆိုရင် CI စာအုပ်လုပ်ရမယ်ပြောတယ်။ အလုပ်သမားတွေအတွက် ကုန်ကျစရိတ်က အများသွားပြီလေ။ CI စာအုပ်လုပ်ခက ဈေးကြီးတယ်။ ဒါ့ကြောင့် CI စာအုပ်လုပ်ရတဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကို ပယ်ဖျက်ပေးစေချင်တယ်။ ” ဟု ပြောသည်။

ပန်းရောင်ကတ် လုပ်ခ ပွဲစားဖြင့်ဆိုလျှင် အနည်းဆုံး ဘတ် ၁၀,၀၀၀ ကျော်ကုန်ပြီး CI စာအုပ်မှာလည်း အနည်းဆုံး ဘတ် ၁၀,၀၀၀ ကျော် ကုန်ကျရကာ မြန်မာငွေဖြင့်ဆိုလျှင် ပန်းရောင်ကတ်နှင့် CI စာအုပ်လုပ်ခ လက်ရှိပေါက်ဈေးအရ ကျပ် သိန်း ၂၀ ကျော်ကို မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ပေးနေရသည်။

ယခင်က ထိုင်းနိုင်ငံအနှံ့ကို ပန်းရောင်ကတ် တစ်ခုတည်းဖြင့် အဆင်ပြေသလို သွားလာလုပ်ကိုင်၍ ရခဲ့သော်လည်း လက်ရှိတွင် ပန်းရောင်ကတ်အပြင် CI စာအုပ်ပါမှ ခရီးသွားလာခြင်းနှင့် အလုပ်လုပ်ခြင်းတို့ကို ပြုလုပ်၍ ရသည်။

အလုပ်သမားအရေးကူညီနေသူတစ်ဦးက ” CI စာအုပ်ဆိုတာ စစ်ကောင်စီက ငွေရအောင်လို့ လုပ်လိုက်တာဖြစ်တယ်။ ထိုင်းအစိုးရနဲ့ညှိပြီး ရွှေ့ပြောင်းအလုပ်သမားတွေဆီက သတ်သတ်မဲ့ ငွေညှစ်လိုက်တာ။ CI စာအုပ်ဆိုတာ မြန်မာ ပါ့စ်ပို့တစ်ခုပဲ။ ထိုင်းကို တရားမဝင် ရောက်လာတဲ့သူတွေကို နိုင်ငံအနှံ့မှာ အလုပ်သွားလုပ်လို့ရအောင် ပါ့စ်ပို့ လုပ်ပေးလိုက်တာဖြစ်တယ်။ အရင်က ထိုင်းမှာ ပန်းရောင်ကတ်တစ်ခုတည်း ကိုယ့်ဟာနဲ့ကိုယ် အဆင်ပြေနေကြပြီ။ ဒါကို စစ်ကောင်စီက ပန်းရောင်ကတ်တစ်ခုတည်းနဲ့ မရဘူး။ CI လုပ်ရမယ်ဆိုပြီး လုပ်လိုက်တာ။ စစ်ကောင်စီရော၊ ထိုင်းအစိုးရရော ပွဲစားတွေရော အကုန်လုံး ပိုက်ဆံရသွားတာပေါ့။ အလုပ်သမားတွေမှာက ပိုက်ဆံပိုကုန်သွားတာပေါ့။ ” ဟု ပြောသည်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ ကျပ် ၂၀ ကျော် ကုန်ခံနိုင်မှ နိုင်ငံအနှံ့ ခရီးသွားလာခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်းတို့ကို ရရှိကြမည်ဖြစ်၍ ရွှေ့ပြောင်းလုပ်သားတိုင်း ပန်းရောင်ကတ်နှင့် CI စာအုပ်ကို တပြိုင်းတည်း မပြုလုပ်နိုင်ခြင်းမှာ ခက်ခဲမှုဖြစ်ပေါ်နေကြသည်။

စစ်ကောင်စီက ချမှတ်ထားသည့် အခွန် ၂၅ ရာခိုင်နှုန်းကို လုံး၀ မဆောင်ရန်နှင့် နှစ်နိုင်ငံနယ်စပ်များတွင် မြန်မာစစ်ဘေးရှောင်ဒုက္ခသည်များကို ထိုင်းအစိုးရက ကူညီစောင့်ရှောက်ပေးရေးတို့ကိုလည်း တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ဆက်လက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများထံမှ ကောက်ခံသော လစဉ်၀င်ငွေ၏ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က ခွင့်ပြုထားသောဘဏ်များသို့ စစ်ကောင်စီက ငွေပြန်လွှဲခိုင်းခြင်းကိုလည်း လုံး၀မပေးဆောင်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထို့နောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပတ်သက်ပြီး ထိုင်းအစိုးရအနေဖြင့် အာဏာသိမ်း စစ်ကောင်စီနှင့် ပေါင်းစပ်ညှိနိုင်းခြင်းမပြုလုပ်ဘဲ NUG အစိုးရနှင့် ညှိုနှိုင်းဖြေရှင်းပေးရန် မြန်မာရွှေ့ပြောင်းအလုပ်သမားများက တောင်းဆိုခဲ့ကြသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular