Western News
Homeစစ်ရေးသံတွဲမှာ လက်နက်ကြီးကျည်ထိ၍ အသက် ၆၀ ကျော်အရွယ် လင်မယားနှစ်ဦးထိခိုက်

သံတွဲမှာ လက်နက်ကြီးကျည်ထိ၍ အသက် ၆၀ ကျော်အရွယ် လင်မယားနှစ်ဦးထိခိုက်

(မျက်လုံးဒဏ်ရာ ပြင်းထန်သော အမျိုးသမီးကို ရန်ကုန်သို့ ပို့ဆောင်)

ရခိုင်ပြည် သံတွဲမြို့ပေါ်က ရပ်ကွက်များကို စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀ ကျော်အရွယ် လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့ ညက စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးမှာ အမှတ် ၅ ရပ်ကွက် ညောင်ပင်ဈေးက အောင်မင်္ဂလာလမ်းကို ကျရောက်ခဲ့သည်။

ဒေသခံတစ်ဦးက ” ညောင်ပင်ဈေးက လင်မယားနှစ်ဦး လက်နက်ကြီးကျည်ထိလို့ ပြင်းထန်ဒဏ်ရာ ရရသွားတယ်။ ဇနီးဖြစ်သူ အမျိုးသမီးမှာ မျက်လုံးမှာ တော်တော်လေး ဒဏ်ရာ ပြင်းထန်တယ်။ အဲဒါ ဒီနေ့ ရန်ကုန်မှာ ကုဖို့ ပို့လိုက်ပြီလို့ သိရတယ်။ အမျိုးသားက ခန္ဓာကိုယ်မှာ ဒဏ်ရာရတယ်။ ” ဟု ပြောသည်။

ညောင်ပင်ဈေးက မျက်လုံးထိ အမျိုးသမီးမှာ အသက် ၆၀ အရွယ် ဒေါ်ကြည်ထွေး ဖြစ်ပြီး ခြောက်ထောက် ဒဏ်ရာရရှိသွားသော သူ့အမျိုးသားမှာ အသက် ၆၃ နှစ်အရွယ် ဦးငပိန် (ခေါ်) ဦးမြင့်နိုင် ဖြစ်သည်။

နောက်ထပ် ဒေသခံတစ်ဦးက ” မနေ့ညက သံတွဲမြို့ပေါ်က ရပ်ကွက် ၄ ခုလောက်မှာ လက်နက်ကြီးကျတာ။ သမုတ်ချောင်း၊ ညောင်ပင်ဈေး၊ အောင်မင်္ဂလာလမ်း၊ ငကျော်တောင်နဲ့ မြို့ပြင်တွေမှာ လက်နက်ကြီး ၅ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တယ်။ လူနေအိမ်တွေလည်း ၁၀ ဆောင်ထက်မနည်း ထိခိုက်ပျက်စီးသွားတယ်။ ” ဟု ပြောသည်။

ဇူလိုင်လ ၂ ရက်နေ့ကလည်း လေကြောင်း ဗုံးကြဲပစ်ခတ်မှုကြောင့် သံတွဲမြို့နယ် မြုံပြင်ကျေးရွာက အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သံတွဲမြို့ပေါ်တွင် လူအများစုက အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြပြီး ဆေးရုံဝန်ထမ်း၊ ရုံးဝန်ထမ်းအချို့နှင့် ဒေသခံပြည်သူ ရာဂဏန်းခန့် ကျန်ရှိနေသေးကြောင်း စုံစမ်းသိရသည်။

သံတွဲမြို့ အနီးတစ်ဝိုက်နှင့် ငပလီမြို့ထဲတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများ ပြင်းထန်လျှက်ရှိနေပြီး ငပလီအခြေစိုက် ခမရ ၅၆၆ တပ်ရင်းနှင့် သံတွဲလေဆိပ်ကို AA က သိမ်းပိုက်ထိန်းချုပ်ထားကြောင်း သိရသည်။

ဆက်လက်ပြီး သံတွဲမြို့နယ်တွင် တစ်ခုတည်း ကျန်ရှိနေသေးသည့် ခလရ ၅၅ ကို သိမ်းပိုက်နိုင်ရန် AA က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေကာ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားများကိုလည်း လိုက်လံရှင်းလင်းနေကြောင်း AA က ထုတ်ပြန်ထားသည်။

သံတွဲမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အပြင်းအထန် ခုခံနေသော်လည်း AA ဘက်က စစ်ရေးအသာစီးနေကာ စစ်ကောင်စီက အရပ်သားပြည်သူများအပေါ် ဦးတည်တိုက်ခိုက်လျှက်ရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular