Western News
Homeစစ်ရေးသံတွဲအကျဉ်းထောင်က ဝန်ထမ်း ၇၀ ကျော်ထွက်ပြေး

သံတွဲအကျဉ်းထောင်က ဝန်ထမ်း ၇၀ ကျော်ထွက်ပြေး

(ထောင်ပိုင်နှင့် တစ်ပွင့် အရာရှိတစ်ဦး အပါအဝင် ၅ ဦးသာကျန်ရှိ)

ရခိုင်ပြည် သံတွဲအကျဉ်းထောင်တွင် ထောင်ဝန်ထမ်း ၈၀ ဦးခန့်ရှိသည့်အနက် ၇၀ ကျော်မှာ ထွက်ပြေးသွားပြီး ထောင်ပိုင်နှင့် အရာရှိ မျိုးမင်းထွန်းဆိုသူအပါအဝင် ၅ ဦးသာ ကျန်ရှိတော့ကြောင်း ထွက်ပြေးလွတ်မြောက်လာသူများက ပြောသည်။

သံတွဲမြို့နယ် အခြေစိုက် တပ်ရင်းနှစ်ခုနှင့် စစ်စခန်းငယ်များကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးနောက် ကျန်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ သံတွဲအကျဉ်းထောင်၌ တပ်စွဲကာ ခံစစ်ပြင်ဆင်နေကြသည်။

သံတွဲထောင်ကို စစ်ကောင်စီက စစ်ရေးအတွက်အသုံးပြုနေ၍ အကျဉ်းထောင်ဝန်ထမ်းများမှာ စစ်ပွဲအတွင်း ကြားညှပ်မည်ကို စိုးရိမ်၍ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း လွတ်မြောက်လာသူ အကျဉ်းဝန်ထမ်းတစ်ဦးက ပြောသည်။

” ပြီးခဲ့တဲ့ နှစ်ရက်ကနေ သံတွဲအကျဉ်းထောင်ကနေ ထွက်ပြေးလာကြတာ။ စစ်တပ်က နေရာယူ တပ်စွဲထားတော့ ကျနော်တို့ ဝန်ထမ်းတွေက တိုက်ခိုက်သမားတွေ မဟုတ်ဘူးလေ။ တိုက်ပွဲမှာ အသက်မသေချင်လို့ ထွက်လာကြတာ။ ဝန်ထမ်း အားလုံး ၈၀ လောက်ရှိမယ်။ ၇၀ လောက်က ထွက်ပြေးလွတ်မြောက်ကုန်ပြီ။ ထောင်ပိုင်ရယ်၊ အရာရှိအချို့ရယ် မျိုးမင်းထွန်းရယ် ၅ ဦးလောက်ပဲ ကျန်တော့တယ်။ ” ဟု ပြောသည်။

သံတွဲအကျဉ်းထောင်ဝန်ထမ်းများမှာ အရပ်ဝတ်များဖြင့် ထွက်ပြေးသူများရှိသလို ယူနီဝတ်ပြီး ထွက်ပြေးသူများလည်းရှိကြောင်းနှင့် အများစုမှာ ဂွကတစ်ဆင့် ပြည်မဘက်သို့ ထွက်ပြေးကုန်ပြီဟု စုံစမ်းသိရသည်။

သံတွဲအကျဉ်းထောင်၌ ကျန်ရှိခဲ့သည့် ဝန်ထမ်း ၅ ဦးမှာ ထောင်ပိုင်၊ တစ်ပွင့်နှင့်အရာတစ်ဦး၊ မျိုးမင်းထွန်း၊ အခြားအဆင့် ၂ ဦးတို့ဖြစ်ကြောင်း လွတ်မြောက်လာသူများက ဆိုသည်။

သံတွဲအကျဉ်းဝန်ထမ်း ၈၀ ကျော်ထဲတွင် ဝန်ထမ်းအမျိုးသမီး ၂၀ ဦးထက်မနည်း ပါဝင်ပြီး ထွက်ပြေးသော ဝန်ထမ်းများကို စစ်ကောင်စီက လိုက်လံပစ်ခတ်မှုကြောင်း သိရသည်။

မကြားသေးခင်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော နိုင်ငံရေးလှုပ်ရှားသူတစ်ဦးကလည်း သံတွဲအကျဉ်းထောင်မှ ဝန်ထမ်းများ ထွက်ပြေးလွတ်မြောက်သွားကြသည်ကို ထပ်မံ အတည်ပြုပြောထားသည်။

” အဲသတင်းက မှန်တယ်ဗျ။ ကျနော်က သံတွဲအကျဉ်းထောင်ကနေ လွတ်လာတာဆိုတော့ အကျဉ်းဝန်ထမ်းတွေနဲ့ သိတယ်။ မနေ့ကတောင် ထွက်ပြေးလာတဲ့ ဝန်ထမ်း ၅ ဦးနဲ့ ဂွမြို့တစ်နေရာမှာ ဆုံသေးတယ်။ ဘာဖြစ်လို့ ထွက်ပြေးလာတာလဲမေးတော့ စစ်တပ်က ထောင်မှာ တပ်စွဲထားတယ်။ ပြီးတော့ အကျဉ်းဝန်ထမ်းတွေကို တိုက်ခိုက်ရေးမှာ အသုံးပြုဖို့ စီစဉ်နေတယ်။ ဒါ့ကြောင့် အကုန်လုံးနီးပါး ထွက်ပြေးလာကြတာလို့ ပြောတယ်။ ” ဟု ပြောသည်။

သံတွဲအကျဉ်းထောင်တွင် အကျဉ်းသား ၅၀၀ ဦးခန့်ရှိပြီး ယင်းအထဲတွင် နိုင်ငံရေးအကျဉ်းသား ၅၀ ဦးရှိကြောင်းနှင့် ရခိုင်အပါအဝင် မြန်မာနိုင်ငံအနှံ့က နိုင်ငံရေးလှုပ်ရှားသူများဖြစ်သည်ဟု စုံစမ်းသိရသည်။

နောက်ထပ် လွတ်မြောက်လာသူ ထောင်ဝန်ထမ်းတစ်ဦးက ” ထောင်ထဲမှာ ဝမ်းသွားနေတဲ့ အကျဉ်းသားတွေရှိတယ်။ အမျိုးသမီးတွေလည်း နေမကောင်းဖြစ်နေကြတာရှိတယ်။ ထမင်းလည်း ပုံမှန်မစားရဘူး။ ကျန်းမာရေးစောင့်ရှောက်မှုလည်း စစ်တပ်က တပ်စွဲကတည်းက မရှိတော့ဘူး။ အကျဉ်းသားတွေ တော်တော်လေး ဒုက္ခရောက်နေကြတယ်။ ” ဟု ပြောသည်။

ငပလီက ခမရ ၅၆၆ တပ်ရင်းနှင့် ခလရ ၅၅ တပ်ရင်း အပါအဝင် သံတွဲမြို့အနီးရှိ စစ်စခန်းငယ်များကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ကစဉ့်ကလျား ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သံတွဲမြို့ထဲရှိ တပ်ဖွဲ့ဝင်များမှာ စုပေါင်းပြီး သံတွဲအကျဉ်းထောင်၌ နောက်ဆုံး ခံစစ်ပြင်ဆင်နေကြခြင်းဖြစ်သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular