Western News
Homeစစ်ရေးသံတွဲနှင့် ငပလီက စစ်ရှောင် ၂၀၀၀ ကျော် ဂွမြို့နယ်တွင် အကူအညီလိုအပ်နေ

သံတွဲနှင့် ငပလီက စစ်ရှောင် ၂၀၀၀ ကျော် ဂွမြို့နယ်တွင် အကူအညီလိုအပ်နေ

(သံတွဲမြို့က စစ်ပွဲဇုန်ဖြစ်နေ၍ ဒေသခံများ ယာယီထွက်ခွာပေးကြရန် တက်ကြွလှုပ်ရှားသူတစ်ဦးတိုက်တွန်း)

ရခိုင်ပြည် သံတွဲမြို့နယ်နှင့် ငပလီမြို့က ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် စစ်ရှောင် ၂,၀၀၀ ကျော် ဂွမြို့နယ်နှင့် ကျိန္တလီမြို့တွင် စားဝတ်နေရေး အခက်အခဲဖြစ်နေပြီး အကူအညီများလိုအပ်နေကြောင်း သိရသည်။

စစ်ရှောင်အခြေအနေသိသူတစ်ဦးက ” သံတွဲမြို့နယ်နဲ့ ငပလီမြို့ဘက်က နေရပ်စွန့်ခွာလာကြတဲ့ စစ်ရှောင်တွေ ဂွမြို့နယ်နဲ့ ကျိန္တလီမြို့တွေမှာ ဖြစ်သလို နေနေရပါတယ်။ တချို့အိမ်တွေမှာ တောင်းစားနေရတာတောင် မြင်ခဲ့ရတယ်။ တော်တော်လေး အခက်အခဲဖြစ်နေကြတာပါ။ နေစရာမရှိ စားစရာမရှိ။ တတ်နိုင်တဲ့သူတွေ ကူညီထောက်ပံ့ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ” ဟု ပြောသည်။

သံတွဲမြို့နယ် ကျေးလက်ဒေသရွာများတွင် စစ်ရှောင် ၁၀,၀၀၀ ကျော်ရှိပြီး သံတွဲမြို့ထဲတွင် ၅၀၀ နှင့်အထက်ရှိကာ ဂွမြို့နယ်နှင့် ကျိန္တလီမြို့တွင် စစ်ရှောင် ၂,၀၀၀ နှင့်အထက် ရှိကြောင်း စစ်ရှောင်ကူညီရေးဆောင်ရွက်သူများက ခန့်မှန်းပြောဆိုကြသည်။

သံတွဲမြို့နယ်က စစ်ရှောင်များအား ကူညီနေသူ ကိုတေဇာအောင်က ” စစ်ရှောင်တွေရဲ့ ဒုက္ခကတော့ ပြောစရာမလိုဘူး။ အရမ်းအခက်အခဲဖြစ်နေကြတယ်။ စားရေးသောက်ရေး နေရေးထိုင်ရေးပေါ့။ ကျနော်တို့က အလှူရှင်တွေရဲ့ အကူအညီနဲ့ တတ်နိုင်သလောက် ထောက်ပံ့ပေးနေတယ်။ အခက်အခဲဖြစ်တာက ဆန်ဝယ်လို့မရတဲ့ ပြဿနာပါ။ စပါးတွေပဲရှိကြတယ်။ ဆန်တွေက ရောင်းမယ့်သူ မရှိဘူး။ ဆန်စက်တွေကလည်း ပိတ်ထားတော့ အရမ်းခက်ခဲနေတယ်။ ” ဟု ပြောသည်။

စစ်ရှောင်များကို စားဝတ်နေရေးအပြင် ဆေးဝါးများ ထောက်ပံ့ပေးချင်သော်လည်း ဆေးဝါးဝယ်ယူ၍မရသည့် ပြဿနာ ရှိနေကြောင်း ကိုတေဇာအောင်က ပြောသည်။

သံတွဲ၊ ငပလီ၊ ဂွနှင့် ကျိန္တလီဒေသတို့တွင် ဖြစ်သလို နေထိုင်စားသောက်နေကြရသည့် စစ်ရှောင်များအတွက် တစ်ပိုင်တစ်နိုင် သို့မဟုတ် တသီးပုဂ္ဂလ အလှူရှင်များ၊ အစုအဖွဲ့များ၏ အလှူငွေများဖြင့်သာ ထောက်ပံ့ပေးနေရပြီး နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီများ ရရှိခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

တစ်ဖက်မှာလည်း သံတွဲမြို့ထဲနှင့် ငပလီမြို့ထဲက ရပ်ကွက်အချို့တွင် ဆက်လက်ရှိနေကြသည့် ဒေသခံပြည်သူများအနေဖြင့် စစ်ပွဲဇုန်ထဲ၌ မနေထိုင်ကြရန် လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက တိုက်တွန်းထားသည်။

” မိမိတို့ သံတွဲမြို့နယ်အတွင်း ရပ်ကွက်သူ/သားတွေနဲ့ ကျေးရွာသူ/သားတွေဟာ ထိခိုက်မှုတွေ ရှိနေတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းက ထုတ်ပြန်ချက်တွေကို လိုက်နာပြီတော့ စစ်ပွဲဇုံအတွင်းမှ ယာယီထွက်ခွာပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ် ” ဟု ပြောသည်။

စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားနေ ကျေးရွာများနှင့် စစ်ရှောင်ကျေးရွာများအား လက်နက်ကြီးပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်များကို နေ့စဉ်ပြုလုပ်နေပြီး အရပ်သား ထိခိုက်သေဆုံးမှုများနေသည်ဟု သိရသည်။

အာရက္ခတပ်တော် AA ကလည်း သံတွဲမြို့သိမ်းတိုက်ပွဲအား ပြင်းပြင်းထန်ထန် မတိုက်ခိုက်ချိန်က သံတွဲမြို့နယ်ထဲက ပြည်သူများအနေဖြင့် ဘေးကင်းရာနေရာများသို့ ထွက်ခွာကြရန် ထုတ်ပြန်တိုက်တွန်းခဲ့သည်။

လက်ရှိတွင် AA သည် ငပလီမြို့ထဲက စစ်ကောင်စီတပ်ရင်း နှစ်ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်စခန်းများနှင့် လက်ရှိ စစ်စခန်းများကို တိုက်ခိုက်ရှင်းလင်းနေကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular