Western News
Homeစစ်ရေးAA က တစ်နိုင်ငံလုံးလွှမ်းခြုံသည့် အာဏာကို လုပ်မည်မဟုတ်ဟု ICG မြန်မာအကြံပေးပြော

AA က တစ်နိုင်ငံလုံးလွှမ်းခြုံသည့် အာဏာကို လုပ်မည်မဟုတ်ဟု ICG မြန်မာအကြံပေးပြော

အာဏာသိမ်း စစ်ကောင်စီ ကျဆုံးရှုံးသွားမည်ကို မြင်ချင်သော်လည်း စစ်ကောင်စီနေရာတွင် အစားထိုးနေရာယူမည်ဆိုသည်မှာ အာရက္ခတပ်တော် AA ၏ မူလရည်မှန်းချက် မဟုတ်ကြောင်း International Crisis Group (ICG) မြန်မာ့အရေး အကြီးတန်း အကြံပေး ရစ်ချက်ဟော်ဆီက ပြောသည်။

အာရက္ခတပ်တော် AA အနေဖြင့် ၎င်းတို့၏ မူလရည်မှန်းချက်ဖြစ်သော အာရက္ခအိပ်မက်ကို အကောင်အထည်ဖော်မှာ ရင်ဆိုင်ကိုင်တွယ်ရမည့်အရာ များပြားလှကြောင်း ရစ်ချက်ဟော်ဆီက သုံးသပ်ထားသည်။

နိုင်ငံတကာ ပဋိပက္ခများကို ဖြေရှင်းနိုင်ရေး နည်းလမ်းများ အကြံပြုရန် ဖွဲ့စည်းထားသည့် ဘရပ်ဆဲလ်စ်မြို့ အခြေစိုက် ICG အဖွဲ့မှ မြန်မာ့အရေး အကြီးတန်းအကြံပေး ရစ်ချက်ဟော်ဆီက ဘီဘီစီနှင့် တာဗျူးတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အာရက္ခတပ်တော် အနေဖြင့် နေပြည်တော်အထိ ချီတက်ပြီး စစ်ကောင်စီကို စစ်ရေးအရ အပြီးတိုင် အနိုင်ယူမည်ဟု ဆုံးဖြတ်ချက်မျိုး၊ ရည်မှန်းချက်မျိုး AA မှာ ထားရှိမှာမဟုတ်ကြောင်း ရစ်ချက်ဟော်ဆီက ဆိုသည်။

” သူတို့ (AA) ဟာ တိုင်းပြည်တစ်ခုလုံးကို ခြုံလွှမ်းနိုင်တဲ့ “အာဏာ” အတွက် လုပ်ဆောင် နေကြတာ မဟုတ်ဘူးလို့ ကျွန်တော် သုံးသပ်မိပါတယ်။ တခြား အဖွဲ့တွေ ဆိုရင်လည်း အလားတူပါပဲ။ စစ်ကောင်စီ ကျရှုံးသွားမှာကို မြင်ချင်ကြမှာ မလွဲပါဘူး။ ဒါပေမယ့် စစ်ကောင်စီကို ဖယ်ရှားပြီး စစ်ကောင်စီနေရာမှာ အစားထိုး နေရာယူဖို့ ဆိုတာဟာ သူတို့ရဲ့ မူလ အခြေခံ ရည်မှန်းချက် မဟုတ်ဘူးလို့ မြင်ပါတယ်။ ” ဟု ပြောသည်။

အာရက္ခတပ်တော် AA က လက်ရှိတွင် ရခိုင်ပြည်ထဲမှာ စစ်ရေးလှုပ်ရှားနေသည့်အပြင် ချင်း၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ ကချင်နှင့် ရှမ်း စသည့် ဒေသများတွင်လည်း မြန်မာစစ်တပ်အား မဟာမိတ်တပ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေသည်။

မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်များကို မဟာမိတ်တပ်များနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းမှာ စစ်ကောင်စီ အမြစ်ပြတ်ရေးအတွက်ဟု ကြွေးကြော်ထားသော်လည်း နိုင်ငံ့အာဏာအား လက်လွှဲရယူမည့် ရည်မှန်းချက် AA က ပြောဆိုထားခြင်းမရှိပေ။

Western News နှင့် တွေ့ဆုံခဲ့သည့် စစ်ကိုင်းဒေသက NUG လက်အောက်ခံ PDF လူငယ်တစ်ဦးက အာရက္ခတပ်တော် AA သည် လူငယ်မျိုးဆက်အတွက် အားကျအတုယူဖွယ် ကောင်းသော အဖွဲ့ဟု ပြောဆိုဖူးသည်။

” AA က ကျနော်တို့ မျိုးဆက်လူငယ်တွေအတွက် အရမ်းအားကျရတဲ့ အဖွဲ့ပါ။ တိုက်ခိုက်ရေး အရမ်းပြည့်ဝပြီးတော့ စစ်ရေး၊ နိုင်ငံရေးကို ကိုယ့်ရည်မှန်းချက်နဲ့ မသွယ်ဖီအောင် လုပ်နိုင်တယ်။ တခြားလက်နက်ကိုင်တွေကိုလည်း တတ်နိုင်တဲ့ဘက်က အကူအညီပေးတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆိုရင် ကျနော်တို့ လူငယ်တွေကြားမှာ PDF တွေကြားမှာ အရမ်းတော်တဲ့အကြောင်း အမြဲပြောဖြစ်တယ်။ ဒီပုဂ္ဂိုလ်ရဲ့ စီမံချက်တွေ၊ တွေးခေါ်မှုတွေက အရမ်းလေးစားစရာကောင်းတယ်။ ကျနော်တို့ ဘယ်လောက်ထိပြောလဲဆိုရင် AA က မြန်မာတစ်နိုင်ငံလုံးကို သိမ်းလာမှာလားဆိုတာမျိုး စဉ်းစားနေကြတာရှိတယ်။ ဒါကတော့ သုံးသပ်ချက်ပါ။ ” ဟု ပြောသည်။

စစ်ကောင်စီအား ဖယ်ရှားရေးနှင့် မြန်မာစစ်တပ်အား အဆုံးတိုင် တိုက်ခိုက်မည့် ရည်မှန်းချက်ဖြင့် ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှာ စစ်ရေးအတွေ့အကြုံ ရသထက်ရလာသော်လည်း စစ်ကောင်စီ၏ နေပြည်တော် အပါအဝင် အခိုင်အမာ ခြေကုပ်နေရာများ၊ အချက်အခြာနေရာများကို တိုက်ခိုက်သိမ်းပိုက်ရန်အထိ လက်ရှိ အနေအထားကနေ အများကြီးပိုပြီး တည်ဆောက်ရဦးမည်ဟု ICG မြန်မာ့အရေး အကြီးတန်းအကြံပေး ရစ်ချက်ဟော်ဆီက သုံးသပ်သည်။

လက်ရှိတွင် မြန်မာစစ်တပ် စစ်ကောင်စီသည် PDF အပါအဝင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်သည့် အနေအထားမှာ မရှိတော့ကြောင်းနှင့် စစ်ကောင်စီသည် ရွေးကောက်ပွဲလို ပုံစံတစ်မျိုးမျိုးဖြင့် လုပ်လာနိုင်ကြောင်း ရစ်ချက်က ဆိုသည်။

တော်လှန်ရေးအဖွဲ့အစည်းများမှာ စစ်ကောင်စီအမြစ်ပြတ်ရေးကို လိုလားသော်လည်း တိုင်းရင်းသား နယ်မြေဒေသ တစ်ခုချင်းစီအပေါ် ပိုပြီးအာရုံစိုက်ကြသည့် အခင်းအကျင်းမှာ လွယ်လွယ်ဖြင့် ပြောင်းသွားကြမည်မဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခ နှစ်ပေါင်း ၈၀ နီးပါး ရှိနေပြီကို မမေ့သင့်ဟု ရစ်ချက်ဟော်ဆီက သုံးသပ်ထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular