Western News
Homeနိုင်ငံရေးမြန်မာနိုင်ငံတွင် အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ရန် နိုင်ငံပေါင်း ၃၇ ခုက တောင်းဆို

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ရန် နိုင်ငံပေါင်း ၃၇ ခုက တောင်းဆို

Western News| ဇူလိုင် ၁၆

နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုများ လုပ်ဆောင်နေသော အာဏာသိမ်း စစ်ကောင်စီအနေဖြင့် အကြမ်းဖက်လုပ်ရပ်များ ချက်ချင်းရပ်တန့်ရန် အမေရိကန်၊ ယူကေနှင့် ဥရောပ အပါအဝင် နိုင်ငံပေါင်း ၃၇ နိုင်ငံက တောင်းဆိုလိုက်သည်။

မြန်မာစစ်တပ်က ပြည်သူများကို ဗုံးကြဲခြင်း၊ နေအိမ်များ မီးရှို့ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းနှင့် စစ်သားစုဆောင်းခြင်းတို့ကို လုပ်ဆောင်နေ၍ နိုင်ငံပေါင်း ၃၇ ခုမှ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များက ဇွန်လ ၁၅ ရက်နေ့တွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုများနှင့် ပဋိပက္ခများ တိုးမြင့်လာနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း နက်နက်ရှိုင်းရှိုင်း တိုးလာနေခြင်းကို အလွန်စိုးရိမ်ပူပန်ကြောင်း ပူးတွဲကြေညာချက်က ဆိုသည်။

ရခိုင်ပြည်ထဲက မွတ်ဆလင်များအပါအဝင် စစ်ရှောင်ပြည်သူများကို စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် အသုံးပြုနေသလို အတင်းအဓမ္မ စစ်သားသစ်စုဆောင်းနေကြောင်း ကြေညာချက်ပါ နိုင်ငံများက ဆိုသည်။

ယင်းအပြင် စစ်ဘေးရှောင်စခန်းများ ပတ်ဝန်းကျင်တွင် မြေမြုပ်မိုင်းများ ထောင်ခြင်း၊ စစ်ဘေးရှောင်စခန်းများကို စစ်ဘက်အခြေစိုက် စခန်းများအဖြစ် အသုံးပြုလာခြင်းတို့ အပေါ်လည်း စိုးရိမ်ကြောင်း ထုတ်ပြန်ပြောသည်။

လူနည်းစုများမှ ကလေးငယ်များနှင့် ပြည်သူများကို စစ်သားအဖြစ် အတင်းအကျပ်စုဆောင်းခြင်းက လူမျိုးရေးတင်းမာမှုများ ပိုမိုဖြစ်ပွားစေပြီး လူသားချင်းစာနာထောက်ထားမှု အခြေအနေကို ပိုမိုဆိုးရွားစေမည့် အန္တရာယ်ရှိကြောင်း ပြောသည်။

မြန်မာစစ်တပ်က အထူးသဖြင့် အရပ်သားများနှင့် အရပ်ဘက် ပစ္စည်းများကို ခွဲခြားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲခြင်း၊ အရပ်သားနေအိမ်များကို မီးရှို့ခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးသူများနှင့် လုပ်ငန်းစဉ်များကို တိုက်ခိုက်ခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကန့်သတ်ချက်များခြင်းတို့မှာ လက်ခံနိုင်စရာမရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များက သတိပေးထားသည်။

၂၀၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် စစ်ကောင်စီက စစ်အာဏာသိမ်းရန် ကြိုပမ်းပြီးနောက် လူသားချင်းစာနာထောက်ထားမှု လိုအပ်နေသော လူဦးရေ ၁၈ ဒသမ ၆ သန်းအထိ တိုးလာနေသည်။

အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံသူ ၆၆,၀၀၀ အပါအဝင် လူပေါင်း ၂ ဒသမ ၉ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသလို မွတ်ဆလင်ဒုက္ခသည်မှာလည်း ၁ သန်းကျော် တိုးလာနေကြောင်း သိရသည်။

အမျိုးသမီးများ၊ ကလေးများ၊ တိုင်းရင်းသားများနှင့် အခြားလူနည်းစုဝင်များ အပါအဝင် လိုအပ်နေသော လူသားအားလုံးထံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အပြည့်အဝ၊ လျင်မြန်၊ လုံခြုံပြီး အဟန့်အတားမရှိ ရောက်ရှိရေး ပူတွဲပါနိုင်ငံများက ထပ်မံတောင်းဆိုထားသည်။

စစ်ကောင်စီနှင့် သက်ဆိုင်သူများအားလုံး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေးဥပဒေကို လေးစားလိုက်နာရန်၊ အရပ်သားများကို အကာအကွယ်ပေးရန်နှင့် ကုလ ဆုံးဖြတ်ချက် ၂၆၆၉ ကို အပြည့်အဝ အကောင်အထည်ဖော်ရန် သံအမတ်များက ပူးတွဲတောင်းဆိုခဲ့ကြသည်။

မြန်မာ့အရေး ပူးတွဲတောင်းဆိုသည့် နိုင်ငံပေါင်း ၃၇ ခုတွင် Albania, Australia, Canada, New Zealand, Republic of Korea, Switzerland, Turkiye, Ukraine, United Kingdom, United States, Austria, Belgium, Bulgaria, Croatia, Republic of Cyprus, Czech Republic, Denmark, Estonia, Finland, France, Germany, Greece, Hungary, Ireland, Italy, Latvia, Lithuania, Luxembourg, Malta, Netherlands, Poland, Portugal, Romania, Slovakia, Slovenia, Spain, Sweden တို့ ဖြစ်သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular