Western News
Homeနိုင်ငံရေးစစ်တွေမြို့တွင် စစ်ကောင်စီ ဖမ်းဆီးမှု ဆက်ရှိနေသေး

စစ်တွေမြို့တွင် စစ်ကောင်စီ ဖမ်းဆီးမှု ဆက်ရှိနေသေး

ရခိုင်ပြည် စစ်တွေမြို့တွင် လူငယ်များကို အဓိက ပစ်မှတ်ထားကာ နေ့ညမရွေး မတရားဖမ်းဆီးမှုများကို စစ်ကောင်စီက ဆက်လက် လုပ်နေသေးကြောင်း ပိတ်မိနေသည့် စစ်တွေဒေသခံများက ပြောသည်။

၆၀ ရာခိုင်နှုန်းခန့်ရှိသော စစ်တွေမြို့က ဒေသခံပြည်သူများမှာ တကျော့ပြန်တိုက်ပွဲစသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မေလ နောက်ဆုံးထား၍ မြို့ကိုစွန့်ခွာ စစ်ရှောင်သွားကြပြီး ကျန်ရှိဒေသခံများထဲမှ လူငယ်အများအပြားကို အာဏာသိမ်း စစ်ကောင်စီက ဆက်တိုက် ဖမ်းဆီးနေခြင်းဖြစ်သည်။

စစ်တွေမြို့အတွင်း ဖမ်းဆီးခံ သက်ကြီးရွယ်အချို့နှင့် အမျိုးသမီး အချို့ အပါအဝင် လူငယ်အရေအတွက်မှာ ထောင်ဂဏန်းကို ကပ်သွားပြီဟု Western News ၏ မှတ်တမ်းမှတ်ရာ စာရင်းအရ သိရသည်။

ဇူလိုင် ၁၆ ရက်နှင့် ၁၇ ရက်နေ့က စစ်တွေမြို့ အိုးတန်း၊ မောလိပ်၊ လမ်းမကြီး ရပ်ကွက်မှ လူငယ် ၂၀ ဦးခန့်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။

စစ်တွေမြို့ထဲ ပိတ်မိနေသူတစ်ဦးက “မနေ့က နေ့လည် ၁ နာရီဝန်းကျင်မှာ စဖမ်းတာပါ။ အိုးတန်း၊ မောလိပ်နဲ့ လမ်းမကြီးဘက်တွေ ပါတယ်။ စစ်ကား ၂ စီးနဲ့ပတ်ပြီးသွားတယ် တွေ့တဲ့လူတွေကို မှတ်ပုံတင်စစ်တယ် သူတို့ မင်္သကာရင် ဖမ်းသွားတယ်” ဟု ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသော ထောင်ဂဏန်းရှိသည့် လူငယ်များထဲမှ ၂၀၀ ခန့်ရှိသော အရေအတွက်မှာ ပြန်လည်လွတ်မြောက်လာသော်လည်း လွတ်မြောက်သူအများစုသည် ငွေပေးပြီးမှ လွတ်မြောက်လာသူများဖြစ်ကြသည်။

၂၀၂၄ ခုနှစ် မေလ နောက်ဆုံးအပတ်က ဖမ်းဆီးခံခဲ့ရသော စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာသား ၂၀၀ ခန့်ထဲက ၈၀ ဦးခန့်မှာ ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်ခံခဲ့ရပြီး ၅၀ ဦးခန့်မှာ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁)(၂) နှင့် အကြမ်းဖက်မှုပုဒ်မ ၅၀၅ (က) တို့ဖြင့် တရားစွဲဆိုခံထားရသည်။

ဗျိုင်းဖြူရွာသားများမှာ စစ်တွေမြို့နယ်တရားရုံးတွင် စွဲဆိုခံထားရပြီး တရားလိုမရောက်ဘဲ ရုံးချိန်း ၃ ကြိမ်အထိ သွားခဲ့ပြီဖြစ်ကြောင်းနှင့် စစ်တွေမြို့နယ်တရားသူကြီးက တရားဝင်စစ်ဆေးမှုများ မပြုလုပ်သေးကြောင်း သိရသည်။

စစ်တွေမြို့ထဲက ပိတ်မိ သို့မဟုတ် ကျန်ရှိဒေသခံပြည်သူများမှာ နေ့စဉ်နှင့်အမျှ မတရားဖမ်းဆီးခံနေရ၍ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဆိုးဝါးစွာ ခံစားနေရသည်ဟု မြို့က ထွက်မရသေးသည့် အရပ်သားတစ်ဦးက ပြောသည်။

“စစ်တွေမှာ အဖမ်းမခံရတဲ့ လူရယ်လို့ မရှိတော့ဘူးလို့ တောင်ပြောချင်တယ်။ ဒီလို အဖမ်းခံရတော့ လူတွေက ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ မယုံကြတော့ဘူး။ ကိုယ့်နဲ့ မသိတဲ့ တစ်စိမ်းတစ်ယောက် ယောက် ကိုယ့်ပတ်ဝန်းကျင်မှာ မြင်ရင် လန့်နေကြပြီ။ ဒီမှာက တကယ့်ကို စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိတဲ့ ဒေသတစ်ခုဖြစ်သွားပြီ” ဟု ပြောသည်။

စစ်တွေမြို့ထဲ ယခုအချိန်ထိ ပိတ်မိနေကြသည့် ဒေသခံပြည်သူများမှာ မြို့ကိုစွန့်ခွာ စစ်ရှောင်လိုကြသော်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် တင်းကျပ်စွာ စစ်ဆေးခြင်းနှင့် ဂိတ်များ တိုးချထားခြင်းကြောင့် ထွက်မရောက်ဖြစ်နေကြသည်။

စစ်တွေမြို့ထဲက ပိတ်မိနေပြည်သူများ စစ်ရှောင်ရန်ဆန္ဒပြင်းပြနေချိန် ရခိုင်ပြည်အတွင်းရှိ UN အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ‌ပေး အဖွဲ့အစည်းများက ၎င်းတို့၏ ဒေသခံဝန်ထမ်းများကို စစ်တွေမြို့ထဲသို့ မဖြစ်မနေ လာရောက်တာဝန်ထမ်းဆောင်ရန် ညွှန်ကြားနေသည်။

Western News

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular