Western News
Homeစီးပွားရေးစစ်ကောင်စီ ဖမ်းသွားသည့် ရခိုင်လူငယ် ၃ ဦး ပြန်လွတ်လာ၊ ပိုက်ဆံ ၄ သိန်းခွဲပေးခဲ့ရ

စစ်ကောင်စီ ဖမ်းသွားသည့် ရခိုင်လူငယ် ၃ ဦး ပြန်လွတ်လာ၊ ပိုက်ဆံ ၄ သိန်းခွဲပေးခဲ့ရ

အိမ်နီးနားချင်းတိုင်ကြား၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသော ကျောက်ဖြူဒေသခံ ရခိုင်လူငယ် ၃ ဦး ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက်က ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သူများက ပြောသည်။

ဇူလိုင်လ ၁၇ ရက်နေ့ ည ၈ နာရီက ရန်ကုန်တိုင်း လှိုင်မြို့နယ် အမှတ် ၁၆ ရပ်ကွက် မာလာမြိုင်လမ်းက ရခိုင်လူငယ် ၂ ဦးနှင့် သမိုင်းက ရခိုင်လူငယ် ၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။

အဆိုပါ ရခိုင်လူငယ် ၃ ဦးမှာ အပြစ်တစ်စုံတစ်ရာ မရှိ၍ဟုဆိုကာ လှိုင်မြို့နယ် ဘာတာရဲစခန်းက ကျပ်ငွေ ၄ သိန်းတောင်းယူပြီး ပြန်လွှတ်ပေးလိုက်သည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။

” လှိုင်နဲ့ သမိုင်းက ဖမ်းသွားတဲ့ လူငယ် ၃ ဦး ပြန်လွတ်လာပါပြီ။ ဒီနေ့ အိမ်ကို အားလုံး ပြန်ရောက်ကြပါပြီ။ ဘာအပြစ်မှမရှိလို့ လွှတ်ပေးလိုက်တာပါ။ ဒါပေမယ့် ပိုက်ဆံ ၄ သိန်းခွဲ ပေးခဲ့ရပါတယ်။ ဘေးအိမ်တွေက တိုင်လို့ အဖမ်းခံရတာလို့ သိထားပါတယ်။ ” ဟု ပြောသည်။

အိမ်နီးနားချင်းများက အဆိုပါ ရခိုင်လူငယ်များကို မည်သည့်အကြောင်းအရင်းကြောင့် စစ်ကောင်စီထံ တိုင်ကြားရသည်ကို အတိအကျမသိရကြောင်းနှင့် လူငယ်များမှာ ကျောက်ဖြူမြို့နယ်က ရန်ကုန်မြို့သို့ စစ်ရှောင်လာသူများဖြစ်ကြောင်း သိရသည်။

လွတ်မြောက်လာသူများနှင့် နီးစပ်သည့် နောက်ထပ် တစ်ဦးက ” ဘာမှ အပြစ်မရှိတာ သိကြပါတယ်။ ဒါပေမဲ့ တိုင်းကြားလို့ စစ်ကောင်စီက လာဖမ်းတော့ ဘူးမသိဘမသိ ခံလိုက်ရတာပေါ့။ တိုင်တဲ့လူက ဒလန်ပဲဖြစ်မှာပါ။ ” ဟု ပြောသည်။

ဇူလိုင်လ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရန်ကုန်လေဆိပ်တွင် ကျောက်ဖြူမြို့က လိုက်ပါလာသော ရခိုင်တိုင်ရင်းသာ ဒေါက်တာ ဦးကိုအား အကြောင်းမဲ့ ဖမ်းဆီးသွားသည်။

ဒေါက်တာဦးကိုသည် Posco International (OGT) မှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံရသည်ကို မသိရှိရကြောင်းနှင့် လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးကြောင်း ဒေါက်တာမိတ်ဆွေများထံမှ သိရသည်။

အာဏာသိမ်း စစ်ကောင်စီ သည် ရခိုင်မှာ စစ်ရှုံးနေချိန် ရန်ကုန်၌ ရွှေ့ပြောင်းနေထိုင်ကြသည့် ရခိုင်တိုင်းရင်းသားများနှင့် မိသားစုဝင်များကို အကြောင်းမဲ့ဖမ်းဆီးခြင်း ဆက်တိုက် ပြုလုပ်နေသည်။

ရန်ကုန်မြို့၌ စစ်ရှောင်နေကြသည့် ရခိုင်ပြည်သူများ ဧည့်စာရင်းတိုင်ကြားလာပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင် အဆင့်ဆင့်သို့ အကြောင်းကြားရမည်ဟု စစ်ကောင်စီက ၎င်းတို့ လက်အောက်ခံ ဌာနများကို ညွှန်ကြားထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular