Western News
Homeသတင်းရခိုင်ကဝန်ထမ်းများ စိတ်ဓာတ်တက်ကြွရေး စွမ်းရည်မြှင့်သင်တန်းများဖြင့် စစ်ကောင်စီ စည်းရုံး

ရခိုင်ကဝန်ထမ်းများ စိတ်ဓာတ်တက်ကြွရေး စွမ်းရည်မြှင့်သင်တန်းများဖြင့် စစ်ကောင်စီ စည်းရုံး

တပ်စခန်းများနှင့် မြို့များ သိမ်းပိုက်ခံရပြီး ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေးယန္တရားများ ပြိုလဲနေချိန် ပြည်နယ်အဆင့် စစ်ကောင်စီ ခေါင်းဆောင်များမှာ ကျန်ရှိဝန်ထမ်းများကို စွမ်းရည်မြှင့် သင်တန်းပေးအပ်ခြင်းနှင့် စကားဝိုင်းပြုလုပ်ပေးခြင်းဖြင့် စည်းရုံးနေကြောင်း သိရသည်။

စစ်ရေးပြင်းထန်လာခြင်းနှင့်အတူ AA ၏ တိုက်တွန်းနှိုးဆော်မှုများကြောင့် ရခိုင်ပြည်အတွင်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့များက ဝန်ထမ်းအများစုမှာ အလုပ်မှနှုတ်ထွက်ကာ ဘေးလွတ်ရာကို စစ်ရှောင်နေကြသည်။

AA ၏ ခြိမ်းခြောက်မှုကြောင့် စစ်ကောင်စီ လုပ်ငန်းများ မလည်ပတ်နိုင်သလို ဝန်ထမ်းများ ဘေးလွတ်ရာ စစ်ရှောင်မှု များပြားခြင်းကြောင့်လည်း အုပ်ချုပ်ရေးယန္တရား ပြိုလဲနေ၍ ကျန်ရှိဝန်ထမ်းများကို စွမ်းရည်မြှင့် သင်တန်းများဖြင့် စစ်ကောင်စီက စည်းရုံးနေခြင်းဖြစ်သည်။

စစ်ကောင်စီ လက်အောက်ရှိနေဆဲ စစ်တွေမြို့ခံ ပညာရေးဝန်ထမ်းတစ်ဦးက ” ဝန်ထမ်းတွေက တိုက်ပွဲကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိတယ်ဆိုပြီး ပြည်နယ်အစိုးရအဖွဲ့က စွမ်းရည်မြှင့် သင်တန်းတွေ ဌာနအလိုက် ပေးနေတာရှိတယ်။ စိတ်ဓာတ်တက်ကြွလာစေဖို့နဲ့ ဝန်ထမ်းတွေ အလုပ် ကောင်းကောင်း ပြန်လုပ်နိုင်အောင်ပေါ့နော်။ ” ဟု ပြောသည်။

ရခိုင်ပြည် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းနှင့် စကားဝိုင်းကို ယမန်နေ့ ဇူလိုင်လ ၂၂ ရက်မှ ၃၀ ရက်အထိ စစ်တွေမြို့ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတါင် ပြုလုပ်ပေးနေကြောင်း သိရသည်။

သင်တန်းနှင့် စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ ငါးလုပ်ငန်းဆိုင်ရာ ပညာရှင်များ ဖြစ်စေရန်နှင့် လတ်တလော ဖြစ်ပေါ်နေသော ဒေသမတည်ငြိမ်မှုများ ကာလအတွင်း ဝန်ထမ်းများ၏ စိတ်ဓာတ်များ အစဉ်တက်ကြွစွာ တာဝန်ထမ်းဆောင်စေရေးဖြစ်သည်ဟု ရခိုင်နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားစည်းရုံးခဲ့သည်။

စစ်ကောင်စီ ထိန်းချုပ်ထားဆဲ စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်၊ ဂွနှင့် မာန်အောင်ဒေသတို့တွင် ဝန်ထမ်းများ အလုပ်အပေါ် အာရုံစိုက်စေရန်နှင့် ဝန်ထမ်းမှ နှုတ်မထွက်ရေး ပြည်နယ်စစ်ကောင်စီမှာ ရရာနည်းလမ်းများဖြင့် စည်းရုံးနေခြင်းဖြစ်သည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲမှာ တဖြေးဖြေး ကျယ်ပြန့်လာပြီး ရခိုင်မြောက်ကနေ တောင်ပိုင်းမြို့များအထိ ရောက်ရှိနေကာ စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့များက ဒေသခံပြည်သူများအနေဖြင့် အချိန်မီ ဘေးလွတ်ရာကို သွားရောက်ခိုလှုံကြရန် AA အကြိမ်ကြိမ် အသိပေးတိုက်တွန်းနေသည်။

ကျန်ရှိဝန်ထမ်းများနှင့် ဒေသခံပြည်သူများမှာ မြို့ကစွန့်ခွာ တိမ်းရှောင်လို‌သော်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ တားဆီးပိတ်ပင်မှုနှင့် သေနတ်ပစ်ခတ် ခြိမ်းခြောက်မှုကို ခံနေရသည်ဟု သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular