Western News
Homeစစ်ရေးဂွမြို့ကို AA မဝင်နိုင်ရန် စစ်ကောင်စီက တံတားများကို မိုင်းခွဲဖျက်ဆီးနေ

ဂွမြို့ကို AA မဝင်နိုင်ရန် စစ်ကောင်စီက တံတားများကို မိုင်းခွဲဖျက်ဆီးနေ

ရခိုင်ပြည် ဂွမြို့နယ်ကို အာရက္ခတပ်တော် AA အလွယ်တကူ မဝင်ရောက်နိုင်ရန် သံတွဲ-ဂွကြားရှိ တံတား ၃ စင်းထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းခွဲဖျက်ဆီးနေကြောင်း သိရသည်။

ချင်းကွင်း၊ သရက်ပင်ကွင်း၊ ဆင်ဒင်ကလေး ရှိ တံတားများကို မိုင်းခွဲဖျက်ဆီးလိုက်ပြီး ဂွမြို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခံစစ်ပြင်ဆင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” သံတွဲ-ဂွကြားမှာရှိတဲ့ တံတားတွေကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်တာ မှန်ပါတယ်။ ဂွမြို့ထဲမှာလည်း စစ်ရေးပြင်ဆင်မှု လုပ်နေပါတယ်။ ဂိတ်တိုးချတာ၊ လူအင်အားဖြည့်တာ၊ ဧရာဝတီဘက်က လာတဲ့ စစ်သင်္ဘောတွေ အသွားအပြန်လုပ်နေတာတွေရှိတယ်ဗျ။ ” ဟု ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်က မြို့နယ်တိုင်းလိုလိုတွင် AA ထိုးစစ်အား ကာကွယ်ရန် ခေါင်းစဉ်ဖြင့် မြို့အဝင်တံတားများ၊ လမ်းမများကို မိုင်းခွဲဖျက်ဆီးခြင်း ဆက်တိုက်ပြုလုပ်လာသည်။

သံတွဲမြို့ကို လက်လွှတ်ဆုံးရှုံးရပြီးနောက် ဂွမြို့နယ်တွင် နောက်ဆုံးခံတပ်အဖြစ် စစ်ကောင်စီက ပြင်ဆင်နေခြင်းဖြစ်ပြီး ဂွမြို့သည် ဧရာတီတိုင်းနှင့် ဆက်စပ်နေသော ရခိုင်ပြည်၏ အစွန်ဆုံးမြို့လည်းဖြစ်သည်။

တိုက်ပွဲမှာ ဂွမြို့နယ်ဘက်သို့ ရောက်ရှိလာနေ၍ စစ်ကောင်စီကလည်း စစ်ရေးပြင်ဆင်မှုများကြောင့် ဒေသခံပြည်သူများမှာ မြို့ကိုစွန့်ခွာ စစ်ရှောင်နေကြကြောင်း သိရသည်။

နောက်ထပ် ဂွမြို့ခံတစ်ဦးက ” ဂွမှာက မနေသင့်တော့ဘူး။ တိုက်ပွဲက အနားရောက်နေပြီ။ စောစောစီးစီး စစ်ရှောင်တာ ကောင်းပါတယ်။ မဟုတ်ရင် ပိတ်မိသွားလိမ့်မယ်။ စစ်ကောင်စီတပ်သားတွေ အဝင်အထွက် မတင်းကျပ်ခင်မှာ ဘေးလွတ်ရာကို သွားတာ ကောင်းပါတယ်။ မြို့က လူတစ်ဝက်လောက်တော့ စစ်ရှောင်သွားကြပြီ။ ” ဟု ပြောသည်။

ဂွဒေသခံများမှာ ဘေးကင်းရာနေရာများသို့ စစ်ရှောင်သွားသည်မှာ ယခုရက်ပိုင်းအတွင်း ပိုများပြားလာပြီး အာရက္ခတပ်တော် AA ကလည်း မြို့နယ်တိုင်းက စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်မည်ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်ကြရန် တိုက်တွန်းထားသည်။

လက်ရှိ သံတွဲနှင့် ဂွကြားတွင်ရှိသော သဗြုချိုင်ကမ်းခြေရှိ မောင်ရွှေလေးရေတပ်ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular