Western News
Homeမိုးလေဝသရခိုင်တောင်ပိုင်း မိုးသည်း၍ ရေကြီးနေ

ရခိုင်တောင်ပိုင်း မိုးသည်း၍ ရေကြီးနေ

(သံတွဲ၊ တောင်ကုတ်၊ ဂွ က စစ်ရှောင်များနှင့် ဒေသခံပြည်သူများ အကူအညီလိုအပ်)

ရခိုင်ပြည် တောင်ပိုင်းဒေသ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေတက်ပြီး သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်တို့တွင် ရေကြီးနေကြောင်း ဒေသခံများက ပြောသည်။

သံတွဲမြို့နယ်က ကျေးရွာအများအပြား ရေနစ်မြှုပ်နေသလို သံတွဲမြို့သစ်က ရပ်ကွက်များတွင်လည်း နေအိမ်အများအပြား ရေနစ်မြှုပ်သွားပြီဟု ဒေသခံတစ်ဦးက ပြောသည်။

တောင်ကုတ်မြို့နယ်တွင်လည်း ကျေးရွာအများအပြား ရေနစ်မြှုပ်နေကြောင်းနှင့် မြို့ပေါ်က ရပ်ကွက်အချို့ ရေဝင်ရောက်နေပြီဟု မြို့ခံတစ်ဦးက ပြောသည်။

” တောင်ကုတ် အ.ထ.က ၂ အုတ်တံတိုင်းတောင် မြှုပ်သွားပြီ။ သင်္ဘောဆိပ်ဆင်း လမ်းမကြီး၊ ဝဲကြီး၊ ချောင်းကောက်အပိုင်း မြှုပ်လုလု ဖြစ်နေပြီ။ ဒီရေက မကျဘူး။ တက်ပဲ တက်လာနေတယ်။ ” ဟု ပြောသည်။

ဂွမြို့နယ် ကျိန္တလီမြို့အနီးအနားက ကျေးရွာအချို့ကို ရေဝင်ရောက်ပြီး နေအိမ်အများအပြား နစ်မြှုပ်နေကြောင်း သိရသည်။

တိုက်ပွဲများကြောင့် စစ်ရှောင်နေရသော ပြည်သူများနှင့် ဒေသခံပြည်သူများမှာ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လိုအပ်နေသည်ဟု ကျိန္တလီမြို့ခံတစ်ဦးက ပြောသည်။

” သံတွဲတိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ တောင်ကုတ်ဘက်ကို သွားရှောင်နေသူ ရှိသလို ဂွမြို့နယ်မှာလည်း ရှိကြတယ်။ သံတွဲမြို့နယ်ထဲမှာလည်းရှိနေကြတယ်။ နဂိုကတည်းကမှ အဆင်ပြေသလို ဖြစ်သလို နေထိုင်စားသောက်ရတာ။ အခု မိုးကလည်းသည်း ရေကလည်းကြီးတော့ ဘယ်မှာနေလို ဘယ်လိုစားသောက်ရမလဲ မတွေးရဲတော့ဘူး။ တော်တော်လေးကို ဒုက္ခရောက်နေကြတာ။ ” ဟု ပြောသည်။

ဒေသခံပြည်သူများမှာ ဘုန်းတော်ကြီးများ၌ သွားရောက်ခိုလှုံသူများရှိသလို သွားစရာ လှေမရှိ၍ ကျေးရွာအတွင်း ရေထဲရှိနေကြကြောင်းနှင့် နစ်မြှုပ်နေသော နေအိမ်များတွင် ချောင်းရေကျမည်ကို စောင့်နေကြသည်ဟု စုံစမ်းသိရသည်။

အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများအနေဖြင့် လာရောက်ကူညီပေးကြရန်လည်း သံတွဲ၊ တောင်ကုတ်၊ ဂွဒေသခံများက တောင်းဆိုနေကြသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular