Western News
Homeစစ်ရေးချင်းအချင်းချင်း ပူးပေါင်းရန် CB ကို CNF ဖိတ်ခေါ်

ချင်းအချင်းချင်း ပူးပေါင်းရန် CB ကို CNF ဖိတ်ခေါ်

(CNF က အာဏာရှင်ဆန်သော အစိုးရသစ် ဖွဲ့စည်းနေဟု CB က ပြန်ပြော)

ချင်းတိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် ချင်းညီနောင်အဖွဲ့ CB ကို ချင်းအမျိုးသားတပ်ဦး CNF က ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။

ချင်းပြည်ထဲက စစ်ကောင်စီများကို တိုက်ထုတ်ရန်နှင့် ချင်းပြည် ချင်းလူထုလက်ထဲသို့ အပြည့်အဝ ရောက်ရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ချင်းညီနောင်အဖွဲ့ CB ကို CNF နိုင်ငံခြားရေးတာဝန်ခံလည်းဖြစ် ချင်းလူ့အခွင့်အရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူးလည်းဖြစ်သည့် ဆလိုင်းဘွေလျန်မန်း က အာအက်ဖေနှင့် အင်တာဗျူးတစ်ခုတွင် ထည့်သွင်းပြောဆို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

” ကျနော်တို့ NUG နဲ့တောင် ပေါင်းတာပဲ။ ကျနော်တို့ ချင်းညီကိုအချင်းချင်းကြားထဲမှာ တိုက်စရာခိုက်စရာအကြောင်းမရှိဘူး။ အဲဒါကြောင့် ဒီကနေပဲ အခွင့်ကောင်းယူပြီး ကျနော် ချင်းညီကိုတွေကိုလည်း ပြောချင်ပါတယ်။ ပူးပေါင်းလိုက်ရအောင်။ ငါတို့ပူးပေါင်းလိုက်ရင် အများကြီးထိရောက်မှုရှိနိုင်တယ်။ ဖိတ်ခေါ်ချင်ပါတယ်။ ” ဟု ပြောသည်။

CNA/CNF ဦးဆောင်သော ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော ချင်းပြည်အစိုးရအဖွဲ့မှာ ပါဝင်ရန် ချင်းညီနောင်အဖွဲ့ဝင်များကို ဖိတ်ခေါ်ခဲ့သော်လည်း တက်ရောက်ခြင်း မရှိခဲ့ကြောင်း ဆလိုင်းဘွေလျန်မန်း က ဆိုသည်။

ချင်းညီနောင်အဖွဲ့နှင့် ချင်းပြည်အစိုးရတို့ကြားတွင် မတူပီမြို့သိမ်းတိုက်ပွဲပြီးနောက် အချင်းချင်းတင်းမာမှု ပိုမိုပြင်းထန်လာပြီး အာရက္ခတပ်တော် AA က ချင်းနိုင်ငံရေးတွင် ဝင်ရောက်စွပ်ဖက်နေသည်ဟု CNF နိုင်ငံခြားရေးတာဝန်ခံ ဆလိုင်းဘွေလျန်မန်း က စွပ်စွဲထားသည်။

” ချင်းလဲန်းကောင်စီ ချင်းပြည်အစိုးရထဲမှာ မပါဝင်သေးတဲ့ အဖွဲ့သေးသေးလေးပေါ့။ အဲဒါတွေကို ပုံချဲ့ပြီးတော့ သိပ်ကြီးသလိုပေါ့နော်။ လုပ်တယ်။ သူတို့ (AA) နဲ့တွဲပြီး လုပ်တယ်။ ချင်းထဲမှာ ၅၃ မျိုးရှိတယ်လို့ ပြောတယ်။ ၅၃ မျိုးထဲမှာ ၆ ဖွဲ့လောက်နဲ့ ပေါင်းပြီးတော့ အဲဒီလိုမျိုး ချင်းပြည်သူတွေရဲ့ နိုင်ငံရေးထဲမှာ ဝင်ရောက်စွပ်ဖက်တယ်ဆိုတာကိုတော့ သိပ်ပြီးတော့ တရားမကျဘူးလို့ မြင်ပါတယ်။ ” ဟု ဆလိုင်းဘွေလျန်မန်းက အာအက်ဖေနှင့် အင်တာဗျူးမှာ AA အား ပြောဆိုခဲ့ခြင်းဖြစ်သည်။

မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်အဖွဲ့၏ မဟာမိတ် AA စစ်ကြောင်းကို ချင်းလဲန်းကောင်စီ ဦးဆောင်သော CNA စစ်ကြောင်းက ကြားဖြတ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် CNA/CNF, ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ တို့နှင့် ချင်းညီနောင်အဖွဲ့တို့မှာ စစ်ရေးအရ တင်းမာနေကြသည်။

သို့သော်လည်း CNA ဝင်ရောက်နှောင့်ယှက်မှုကြားက ချင်းညီနောင်အဖွဲ့သည် AA အပါအဝင် အခြားသော မဟာမိတ်တပ်ဖွဲ့များ၏ အကူအညီဖြင့် မတူပီမြို့ကို သိမ်းယူနိုင်ခဲ့ပြီး လက်ရှိတွင် ချင်းညီနောင်အဖွဲ့ကသာ မတူပီမြို့ကို အုပ်ချုပ်ရေးစီမံနေသည်ဟု သိရသည်။

ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့် ချင်းလွှတ်တော်ကိုယ်စားလှယ်တချို့သည် ချင်းတစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့် အရပ်သားအုပ်ချုပ်မှုစံနှုန်းများကို လျစ်လျူရှုပြီး အာဏာရှင်ဆန်သော ချင်းပြည်အစိုးရသစ် တစ်ခုကို အလျင်စလို တည်ထောင်ရန် ကြိုးစားနေကြောင်း ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ချက်များဖြင့် ပြောဆိုထားကြောင်း သိရသည်။

ချင်းအမျိုးသားအလံအဖြစ် CNF အဖွဲ့၏ အလံကို သတ်မှတ်ခြင်းမှာ အဖွဲ့အစည်းတစ်ခု၏ အလံဖြစ်နေသည့်အတွက် ချင်းညီနောင်များမှာ ချင်းပြည်အစိုးရအဖွဲ့ထဲ မပါဝင်ရသည့် အကြောင်းအရင်းထဲက တစ်ခုဖြစ်ကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular