Western News
Homeစီးပွားရေးရခိုင်မှာ ငွေထုတ်ဈေး ၅ ရာခိုင်းနှုန်းထက် ပိုတောင်းလျှင် ဖမ်းမည်ဟု AA ပြင်ဆင်နေ

ရခိုင်မှာ ငွေထုတ်ဈေး ၅ ရာခိုင်းနှုန်းထက် ပိုတောင်းလျှင် ဖမ်းမည်ဟု AA ပြင်ဆင်နေ

ငွေထုတ်ခနှုန်းထား ကမောက်ကမ ဖြစ်နေသော ရခိုင်ပြည်တွင် ဘဏ်များကလွဲ၍ ပြင်ပငွေလွှဲငွေထုတ်ဆိုင်များ၊ လုပ်ငန်းများနှင့် ငွေကြေးဝန်ဆောင်မှုပြုလုပ်သူများအနေဖြင့် ကျပ်ငွေ ၁ သိန်းအပေါ် ၅ ရာခိုင်နှုန်းထက် အပိုတောင်းခံပါက ဖမ်းဆီးအရေးယူသွားမည်ဟု သိရသည်။

ရခိုင်ပြည်က မြို့နယ်တိုင်းလိုလိုတွင် ကျပ်ငွေ ၁ သိန်းထုတ်ယူလျှင် ဆိုင်ရှင်အား ကျပ် ၂၅၀၀၀ အထိ ပေးနေရပြီး ၂၅ ရာခိုင်နှုန်းအထိ ပေါက်ဈေးရှိနေ၍ အချိန်မီ ထိန်းသိမ်းနိုင်ရန် AA ၏ မြေပြင်တာဝန်ရှိသူများက ပြင်ဆင်နေကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

” အထက်က လာတာလား ဘာလားတော့ မသိဘူး။ AA ရဲ့ မြေပြင် အုပ်ချုပ်ရေးအဖွဲ့တွေက ငွေလွှဲငွေထုတ် အဆင်မပြေဖြစ်နေတာကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့လို့ ပြောနေတယ်။ ငွေထုတ်ဈေးက အရမ်းများနေတော့ ပြည်သူတွေကြားမှာ တော်တော် ပြဿနာတက်နေကြတယ်လေ။ ဒါကို AA ကလည်း သိမှာပေါ့။ ဒါ့ကြောင့် ၅ ရာခိုင်နှုန်းထက် ပိုတောင်းရင် အရေးယူမယ်ဆိုတာမျိုး စီစဉ်နေကြတယ်။ အသေးစိတ်ကတော့ ထုတ်ပြန်လာမယ်ထင်တာပဲ။ အခုက ဒီလောက်ပဲ ကြားထားပါတယ်။ ” ဟု ပြောသည်။

ယခု သတင်းစကားကို ကျောက်ဖြူ၊ မင်းပြားနှင့် ကျောက်တော် ဒေသရှိ AA အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများထံမှ Western News က သိရှိရပြီး အတည်ပြုနိုင်ရန် AA ပြောခွင့်ရ ဦးခိုင်သုခအား မေးမြန်းထားသော်လည်း အကြောင်းမပြန်သေးပေ။

ငွေထုတ်ယူနေရသူတစ်ဦးက ” ရခိုင်မှာ ဘဏ်လုပ်ငန်းကောင်းကောင်း မလည်ပတ်နိုင်တော့ ဒါကို စီးပွားရေး လုပ်ငန်းရှင်အချို့က အသုံးချလာကြတယ်။ ဟိုတစ်လောက ပြည်မဖက်က ဘဏ်လုပ်ငန်းတွေ အနည်းငယ် ဂယက်ထတော့ ဒီဖက်မှာ ပြင်ပ ငွေထုတ်မှုတွေ ၂၀ ရာနှုန်း မြှင့်တင်လိုက်တယ်။ တည်ငြိမ်လာပေမယ့်လည်း ရခိုင်ဘက်မှာ ငွေသားထုတ်တဲ့ ရာခိုင်နှုန်းက ပြန်ကျသွားတာမရှိဘူး။ တချို့နေရာတွေ ၂၀ ရာနှုန်း၊ တစ်ချို့နေရာတွေမှာဆိုရင် ၂၅ ရာခိုင်နှုန်းအထိ တောင်းကြတယ်။ တစ်ချို့ နေရာတွေမှာ ၁၀ ရာခိုင်းနှုန်းနဲ့ ရကြတယ်။ ရခိုင်က ပြင်ပ ငွေထုတ်၊ ငွေသွင်း လုပ်တဲ့သူတွေရဲ့ အကြောင်းပြန်ချက်က ငွေကြေးရှားပါးမှုဆိုပြီး အကြောင်းပြလာတယ်။ ပြီးတော့ ငွေသားတွေ မရှိဘူးဆိုပြီး အကြောင်းပြတယ်။ ဒါက မှန်ကန်မရှိဘူး။ အမှန်က သူတို့ဆီငွေသားတွေ အများကြီးရှိနေတယ်။ ” ဟု ပြောသည်။

နိုင်ငံခြားရောက် ရသေ့တောင် ဒေသခံလူငယ်တစ်ဦးက လကုန်၍ လစာငွေများကို အိမ်သို့ငွေလွှဲလျှင် ဆိုင်နှင့် မိသားစု တစ်ယောက်တစ်ဝက် ခွဲယူနေရကြောင်း ဆိုသည်။

ငွေလွှဲဝန်ဆောင်မှုများအပေါ် AA က ထိန်းချုပ်ရန် ပြင်ဆင်ခြင်းမှာ ကြိုဆိုလက်ခံကြောင်း မင်းပြားဒေသခံတစ်ဦးက ပြောသည်။

” ဒီလို အဆမတန် ရာခိုင်နှုန်းတောင်းပြီး ခေါင်းပုံဖြတ်နေတာကို အရေးယူဖမ်းဆီးဖို့ လိုပါတယ်။ အရေးကြီးလို့ သားသမီးတွေဆီက ကျနော်တို့ဆီကို ပိုက်ဆံ တစ်သိန်းလွှဲရင် သူတို့ကို ၂သောင်းခွဲပေးနေရတယ်။ ဒီလောက် ရာခိုင်နှုန်းပေးနေရတာက လုံးဝအဆင်မပြေပါဘူး။ ULA/ AA အစိုးရ ဘက်ကလည်း ဒါကို သေချာထည့်သွင်းစဉ်းစားပြီး ကိုင်တွယ်ဖို့ လိုပါတယ်။ ကြာရင် ဒါက တကယ် ဆိုးရွားလာနိုင်တယ်။ ” ဟု ပြောသည်။

ငွေထုတ်ခဈေးနှုန်း အဆမတန် မြင့်တက်နေသည့် မြို့များမှာ အထူးသဖြင့် အာရက္ခတပ်တော် AA ထိန်းချုပ် မြို့နယ် ၁၀ ခုစလုံးတွင် ဖြစ်ပေါ်နေခြင်းဖြစ်ပြီး စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့တွင်လည်း အနည်းဆုံး ၁၅ ရာခိုင်နှုန်းအထိကို မြင့်တက်နေခြင်းဖြစ်သည်။

တစ်ဖက်မှာလည်း ရခိုင်ပြည် မြို့နယ်အများစုတွင် ဘဏ်လုပ်ငန်းများ လည်ပတ်ခြင်းမရှိ၍ လက်ထဲရှိ ငွေကျပ်များဖြင့်သာ လည်ပတ်နေရခြင်းဖြစ်ပြီး ငွေလွှဲငွေထုတ်အေးဂျင့်များ၏ အခက်အခဲကို ယခုလို ပြောပြထားသည်။

လုပ်ငန်းရှင်တစ်ဦးက ” ငွေက အရမ်းရှားနေတာ။ ရခိုင်မြောက်ပိုင်းမှာ စစ်တွေကလွဲပြီး ဘယ်မြို့မှ ဘယ်ဘဏ်မှ မလည်ပတ်တော့ဘူး။ ကျနော်တို့မှာလည်း လက်ထဲရှိ ငွေပြတ်သွားရင် ဘဏ်က သွားထုတ်ရတယ်။ စစ်ဆေးရေးအရမ်းကျပ်တဲ့ စစ်တွေမြို့ကနေ သွားထုတ်ရတာရှိတယ်။ တစ်ခါတလေ ပြည်၊ ရန်ကုန်ဘက်ကို သွားထုတ်ရတာရှိတယ်။ လမ်းခရီးမှာ ငွေထုတ်တွေနဲ့ ဘယ်လောက်အန္တရာယ်များလဲ တွေ့ကြည့်ကြပါ။ အကောင့် တစ်ခုနဲ့တစ်ခု အလွှဲအပြောင်းက ဒီလောက် မပေးရဘူး။ ငွေသားယူမှပဲ ခရီးအကွာအဝေးအပေါ်မှာ မူတည်ပြီး ခရီးစရိတ် ကုန်ကျမှုအပေါ်မှာ တောင်းယူနေကြတာပါ။ ” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း ဘဏ်များ ကောင်းမွန်စွာ မလည်ပတ်ချိန် လက်ရှိ ငွေလွှဲငွေထုတ် အလုပ်ဖြစ်နေကြသည်မှာ KBZ Pay, Wave Money နှင့် မှတ်ပုံတင်ပြ သို့မဟုတ် ဖုန်းနံပါတ်ဖြင့် ထုတ်ယူ၍ ရသည့် ငွေကြေးဝန်ဆောင်မှု ဆိုင်များ ဖြစ်ကြပြီး ယင်းလုပ်ငန်းများဖြင့် ရခိုင်ပြည်၏ ငွေကြေးကို လည်ပတ်နေရခြင်းဖြစ်သည်။

အကယ်၍ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို အာရက္ခတပ်တော် AA အနေဖြင့် ထိန်းချုပ်မည်ဆိုပါက ငွေကြေးစီးဆင်းရာ လမ်းကြောင်းကို ဖွင့်ပေးရန် လိုအပ်သလို ဘဏ်ထဲရှိ ငွေကြေးများကို အချိန်မရွေးထုတ်ယူနိုင်သည့် အခြေအနေသို့ ဖန်တီးရန် လိုအပ်ကြောင်း ပြင်ပငွေလွှဲလုပ်ကိုင်သူများက တောင်းဆိုထားကြသည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့နယ်များတွင် ဘဏ်များ ဖွင့်ထားသော်လည်း မြို့အဝင်အထွက် ပိတ်ပင်ထားခြင်းနှင့် စစ်ဆေးမှုများ တင်းကျပ်ခြင်းကြောင့် ငွေထုတ်ယူ၍ မရရှိကြပေ။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular