Western News
Homeစစ်ရေးဂွနှင့် ကျိန္တလီကြား စစ်ကောင်စီ စစ်ကြောင်းထိုး၊ ဒေသခံများ နေရပ်စွန့်ခွာ

ဂွနှင့် ကျိန္တလီကြား စစ်ကောင်စီ စစ်ကြောင်းထိုး၊ ဒေသခံများ နေရပ်စွန့်ခွာ

ရခိုင်ပြည် တောင်ပိုင်းဒေသ လူအင်အားနှင့် လက်နက်အင်အား အလုံးအရင်းဖြင့် ဖြည့်တင်းနေသော ဂွဒေသမှာ စစ်ကောင်စီတပ်ရင်းများ စစ်ကြောင်းထိုးနေကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

ဂွမြို့နှင့် ကျိန္တလီမြို့ကြားရှိ တပ်စခန်းများကို သွားလာလှုပ်ရှားခြင်းနှင့် အနီးအနားဒေသများကို နယ်မြေလုံခြုံရေးအကြောင်းပြ၍ စစ်ကြောင်းများ မကြာခဏ ထိုးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” ပြီးခဲ့တဲ့ နှစ်ရက်က ဂွနဲ့ ကျိန္တလီကြားမှာ တပ်ဖြန့်ထားတာတွေ့ရတယ်။ တပ်စခန်းတွေကို လက်နက်ပို့တာ၊ လူပို့တာနဲ့ အနီးအနားကျေးရွာတွေ၊ တောတောင်တွေကို စစ်ကြောင်းပတ်သွားတာ တွေ့ရတယ်။ လူတွေက စစ်ဖြစ်တော့မှာ ထင်ပြီး အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြပြီ။ ” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် AA ထံ သံတွဲမြို့ လက်လွှတ်ဆုံးရှုံးရမည့် အခြေအနေဖြစ်နေချိန် ဂွမြို့နယ်သို့ AA တပ်ဖွဲ့ဝင်များ မဝင်ရောက်နိုင်စေရန် ဂွမြို့နှင့်သံတွဲကြားက အရေးပါသော တံတား ၃ စင်းကို မိုင်းခွဲဖျက်ဆီးထားသည်။

ချင်းကွင်း၊ သရက်ပင်ကွင်း၊ ဆင်ဒင်ကလေး ရှိ တံတားများကို မိုင်းခွဲဖျက်ဆီးလိုက်ပြီး ဂွမြို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခံစစ်ပြင်ဆင်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” သံတွဲ-ဂွကြားမှာရှိတဲ့ တံတားတွေကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်တာ မှန်ပါတယ်။ ဂွမြို့ထဲမှာလည်း စစ်ရေးပြင်ဆင်မှု လုပ်နေပါတယ်။ ဂိတ်တိုးချတာ၊ လူအင်အားဖြည့်တာ၊ ဧရာဝတီဘက်က လာတဲ့ စစ်သင်္ဘောတွေ အသွားအပြန်လုပ်နေတာတွေရှိတယ်ဗျ။ ” ဟု ပြောသည်။

တိုက်ပွဲမှာ ဂွမြို့နယ်ဘက်သို့ ရောက်ရှိလာနေ၍ စစ်ကောင်စီကလည်း စစ်ရေးပြင်ဆင်မှုများကြောင့် ဒေသခံပြည်သူများမှာ မြို့ကိုစွန့်ခွာ စစ်ရှောင်နေကြကြောင်း သိရသည်။

နောက်ထပ် ဂွမြို့ခံတစ်ဦးက ” ဂွမှာက မနေသင့်တော့ဘူး။ တိုက်ပွဲက အနားရောက်နေပြီ။ စောစောစီးစီး စစ်ရှောင်တာ ကောင်းပါတယ်။ မဟုတ်ရင် ပိတ်မိသွားလိမ့်မယ်။ စစ်ကောင်စီတပ်သားတွေ အဝင်အထွက် မတင်းကျပ်ခင်မှာ ဘေးလွတ်ရာကို သွားတာ ကောင်းပါတယ်။ မြို့က လူတစ်ဝက်လောက်တော့ စစ်ရှောင်သွားကြပြီ။ ” ဟု ပြောသည်။

ဂွဒေသခံများမှာ ဘေးကင်းရာနေရာများသို့ စစ်ရှောင်သွားသည်မှာ ယခုရက်ပိုင်းအတွင်း ပိုများပြားလာပြီး အာရက္ခတပ်တော် AA ကလည်း မြို့နယ်တိုင်းက စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်မည်ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်ကြရန် တိုက်တွန်းထားသည်။

သံတွဲတွင် စစ်ကောင်စီ၏ ကျန်ရှိနေသေးသော မောင်ရွှေလေးရေတပ်၊ ဇလွန်ရွာတပ်စခန်းနှင့် ဂျိတ္တောရပ်ကွက်တို့တွင် AA နှင့် ယနေ့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular