Western News
Homeစစ်ရေးလက်နက်မဲ့ တပ်သားနှစ်ဦးကို ဖမ်းဆီးပြီး CNA က လုပ်ကြံဖန်တီးနေဟု AA ပြောခွင့်ရပြော

လက်နက်မဲ့ တပ်သားနှစ်ဦးကို ဖမ်းဆီးပြီး CNA က လုပ်ကြံဖန်တီးနေဟု AA ပြောခွင့်ရပြော

ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲပြီးနောက် လက်နက်ကိုင်ဆောင်ထားခြင်းမရှိသော အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင် ၂ ဦးကို ချင်းအမျိုးသားတပ်မတော် CNA/CNF က ဖမ်းဆီးသွားကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

မတူပီမြို့သိမ်းပြီးနောက် ၂ ရက်အကြာတွင် CNA/CNF ရှိရာ ကျေးရွာသို့ လမ်းမှားရောက်သွားခြင်းကြောင့် AA တပ်သား ၂ ဦးမှာ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဦးခိုင်သုခက ပြောကြောင်း APM ဖော်ပြချက်အရ သိရသည်။

အဆိုပါ AA တပ်ဖွဲ့ဝင် ၂ ဦးကို CNA က ညှဉ်းပန်းနှိပ်စက်ပြီး ၎င်းတို့ လိုချင်သောပုံစံမျိုး ထွက်ဆိုခိုင်းထားကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက တုန့်ပြန်ထားသည်။

” အဲဒီရဲဘော်နှစ်ယောက်ကို CNF/CNA ရဲဖော်တွေက နှိပ်စက်ညှဉ်းပန်းမှု မျိုးစုံလုပ်ထားတယ်ဆိုတာ ကျနော်တို့ ခိုင်မာတဲ့ Source က ရထားတာရှိပါတယ်။ သူတို့ဟာ (CNA) မတရားညှဉ်းပန်းနှိပ်စက်ပြီး သူတို့လိုချင်သလို မတရားထွက်ဆိုခိုင်းထားတာဖြစ်ပါတယ်။ အထူးသဖြင့် AA ရဲဖော်တွေ မူးယစ်ဆေးဝါသုံးပြီး စစ်တိုက်ခိုင်းတယ်ဆိုတဲ့ ပုံစံမျိုးပေါ်လာအောင် လုပ်ကြံပြီးတော့ အဓမ္မပြောခိုင်းထားတာ ဖြစ်ပါတယ်။ ” ဟု ပြောသည်။

AA တပ်သားနှစ်ဦးမှာ လမ်းမှား၍ CNA ထံရောက်ရှိသွားချိန် ၎င်းတို့မှာ လက်နက်ကိုင်ဆောင်ထားခြင်းမရှိဘဲ လက်နက်မဲ့ဖြစ်ခြင်းနှင့် စစ်ဖြစ်နေတုန်းမှာ ဖမ်းသွားခြင်းလည်း မဟုတ်သည့်အတွက် စစ်သုံ့ပန်းမဟုတ်ဘဲ မတရားဖမ်းဆီးခံရခြင်းသာ ဖြစ်သည်ဟု ဦးခိုင်သုခက ဆိုသည်။

CNA ဦးဆောင်သော အင်တာဗျူးအဖွဲ့သည် Chinland Information Center မှတစ်ဆင့် ဖမ်းဆီးခံ AA တပ်သားနှစ်ဦး၏ ထွက်ဆိုချက်ဟုဆိုကာ အာရက္ခတပ်တော် AA မှာ မူးယစ်ဆေးဝါးသုံးစွဲ၍ စစ်တိုက်သည်ဟု စွပ်စွဲထားသလို ကန်ပက်လက်ကောင်စီအဖွဲ့ဝင်တစ်ဦး ကိုးကား၍ ချင်းအမျိုးသမီးများအား မုဒိမ်းကျင့်သည်ဟု စွပ်စွဲထားသည်။

အာရက္ခတပ်တော် AA အတွင်း မူးယစ်ဆေးဝါးသုံးစွဲခြင်းမရှိသလို အမျိုးသမီးများအား မုဒိမ်းခြင်းအပါအဝင် ချင်းပြည်အတွင်း မတရားမှု လုပ်ထားခြင်း တစ်ခုမှမရှိဟု AA ပြောခွင့်ရ ဦးခိုင်သုခက တုန့်ပြန်ပြောသည်။

” AA အဖွဲ့ဝင်တွေဟာ ချင်းအမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်။ ချင်းရွာတွေက ဝက်၊ ကြက် တွေကို မတရားယူတဲ့ ပုံစံမျိုး လုပ်ကြံ အင်တာဗျူးထားတာ တွေ့ရပါတယ်။ ကျနော်တို့ဟာ အဲဒီလိုလုပ်တာ လုံးဝမရှိပါဘူး။ ULA/AA က ရဲဘော်တွေဟာ ဘယ်ချင်းပြည်သူ တစ်ဦးတစ်ယောက်ကိုလည်း မတရားလုပ်တာ မရှိသလို ဘယ် ချင်းအမျိုးသမီး တစ်ဦးတစ်ယောက်ကိုလည်း အတင်းအဓမ္မ အဲဒီလို ကျူးလွန်တာမျိုး မရှိပါဘူး။ ” ဟု ပြောသည်။

CNA/CNF က ULA/AA အား မတရားစွပ်စွဲ လုပ်ကြံတိုက်ခိုက်ပြီး ဝါဒဖြန့်နေခြင်းသာဖြစ်ပြီး စွပ်စွဲသည့် လုပ်ရပ်မျိုးကို အာဏာသိမ်း စစ်ကောင်စီက လုပ်လေ့ရှိကြောင်းနှင့် ယခု CNA/CNF ကပါ လုပ်လာကြောင်း ဦးခိုင်သုခက ပြောဆိုထားသည်။

ချင်းညီနောင်အဖွဲ့ကလည်း CNA သည် AA တပ်ဖွဲ့ဝင်နှစ်ဦးကို မတရားဖမ်းဆီးပြီး မဟုတ်မမှန် လိမ်လည်ထွက်ဆိုစေပြီး လူမှုန်ကွန်ရက်စာမျက်နှာများပေါ်တွင် ဖြန့်ဝေနေသည်ဟု ဩဂုတ်လ ၃ ရက်နေ့က ထုတ်ပြန်ထားသည်။

CNF/CNA ၏ လုပ်ရပ်သည် ချင်းပြည်သူများကို ကိုယ်စားမပြုဘဲ တော်လှန်ရေးကို တက်ကြွစွာ ပါဝင်လုပ်ဆောင်နေသည့် ပြည်တွင်း၊ ပြည်ပရှိ ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကိုများ အချင်းချင်းအကြား စည်းလုံးညီညွတ်ရေးနှင့်တကွ ချင်းတစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကိုပါ ထိခိုက်စေကြောင်း ချင်းညီနောင်အဖွဲ့က ပြောဆိုထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular