Western News
Homeစစ်ရေးAA က ရခိုင်လူမျိုးကို ဖျက်ဆီးနေဟု မင်းအောင်လှိုင် စွပ်စွဲပြောဆို

AA က ရခိုင်လူမျိုးကို ဖျက်ဆီးနေဟု မင်းအောင်လှိုင် စွပ်စွဲပြောဆို

(စစ်ကောင်စီက နယ်မြေ ပြန်လည်တည်ငြိမ်အေးချမ်းရန် ဆောင်ရွက်နေဟုဆို)

အာရက္ခတပ်တော် AA အနေဖြင့် ကိုယ့်ရခိုင်လူမျိုးကို ကိုယ်ပြန်ဖျက်ဆီးနေကြောင်းနှင့် ရခိုင်ပြည် နယ်မြေ ပြန်လည်တည်ငြိမ်အေးချမ်းရန် ဆောင်ရွက်နေဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စွပ်စွဲပြောဆိုလိုက်သည်။

ယနေ့ ဩဂုတ်လ ၅ ရက်နေ့ ညနေ မိန့်ခွန်းကြားပြောရာတွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ မြို့ရွာတွေသာမက တည်ငြိမ်စွာ အေးချမ်းစွာ နေထိုင်လိုတဲ့ ရခိုင်ပြည်နယ် တောင်ပိုင်းရှိမြို့များကိုလည်း အပြင်းအထန် တိုက်ခိုက်လျက်ရှိတာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးသာ ၉၀ ရာခိုင်နှုန်း နေထိုင်တာကြောင့် AA အဖွဲ့ခေါင်းဆောင်များရဲ့ လုပ်ရပ်များဟာ ကိုယ့်လူမျိုးကို ကိုယ်ပြန်ဖျက်ဆီးနေသလို ဖြစ်နေတာလည်းတွေ့ရပါတယ်” ဟု ပြောသည်။

အာရက္ခတပ်တော် AA သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နယ်ခြားစောင့်စခန်းငယ် ဒုံးပိုက်ရဲကင်းစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် ရခိုင်ပြည် မတည်ငြိမ်အောင် ပြုလုပ်ခဲ့သည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဆိုသည်။

” အဲဒီနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ နယ်မြေလုံခြုံ ရေး ဆောင်ရွက်နေတဲ့ လုံခြုံရေးစခန်းတွေ၊ တပ်စခန်းတွေကို တိုက်ခိုက်ပြီး ဒေသခံ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝများ၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍအစုံကို ဖျက်ဆီး ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒေသခံပြည်သူများအနေနဲ့ ရန်ကုန်၊ နေပြည်တော်နဲ့ အခြားမြို့တွေကို တိုက်ပွဲရှောင်များအဖြစ် တိမ်းရှောင်ထွက်ပြေးခဲ့ကြရပါတယ်” ဟု စွပ်စွဲပြောဆိုထားသည်။

အာဏာသိမ်း စစ်ကောင်စီက မည်သို့ပင် စွပ်စွဲပြစ်တင်ပြောဆိုမှုူများ ပြုလုပ်ပါစေ ရခိုင်ပြည်မြောက်ပိုင်းဒေသကို ထိန်းချုပ်သိမ်းပိုက်ထားနိုင်ကြောင်းနှင့် လက်ရှိတွင် ရခိုင်ပြည်တောင်ပိုင်းဒေသကို ထိန်းချုပ်နိုင်တော့မည်ဟု ရခိုင်ပြည်သူတစ်ဦးက ဂုဏ်ယူစွာဖြင့် ပြောကြားထားသည်။

” စစ်ကောင်စီက ပြည်သူပါလာမလား၊ ထောက်ခံလာမလား ကြွားလုံးထုတ်ပြီး ပြောနေတာပါ။ အရှုံးကို ဝန်မခံချင်လို့ ဒီလိုလုပ်နေတာပါ။ ဘယ်လိုပဲပြောပြော ရခိုင်ပြည်မှာ စစ်တပ်ဟာ AA ပဲ ရှိရမယ်။ ” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီကို ဒေသခံပြည်သူလူထုက လိုလားမှုမရှိကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ညှဉ်းပန်းနှိပ်စက်မှုကို နေ့တိုင်းခံစားနေရ၍ စစ်ကောင်စီများအားလုံး ရခိုင်ပြည်ထဲက ထွက်သွားကြရန် လိုလားနေကြကြောင်း ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းထဲမှ လူငယ်တစ်ဦးက ပြောသည်။

“မင်းအောင်လှိုင်ပြောတဲ့ စကားက ရယ်စရာပဲ။ AA က ရခိုင်တွေကို ဖျက်ဆီးနေတာ မဟုတ်ဘူး။ ကမ္ဘာမှာ ဂုဏ်ယူရအောင် လုပ်နေတာ။ စစ်ကောင်စီကသာ နေ့တိုင်း ဒေသခံတွေကိုဖမ်း၊ နှိပ်စက်၊ ထောင်ချနေတာ။ ရခိုင်မှာ စစ်ကောင်စီ တစ်ယောက်မှ မရှိလေ ကောင်းလေပဲ။ စစ်ကောင်စီ ရခိုင်က ထွက်ဖို့ပဲ ရခိုင်ပြည်သူတွေက လိုလားနေကြတာ” ဟု ပြောသည်။

ရခိုင်တကျော့ပြန်တိုက်ပွဲနောက်ပိုင်း AA က ပလက်ဝ၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တောနှင့် ရမ်းဗြဲမြို့တိုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ရှိတွင် မောင်တောနှင့် သံတွဲမြို့ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

မောင်တောနှင့် သံတွဲမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး AA ၏ ထိုးစစ်ကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုံစလုံးဖြင့် ခုခံနေသော်လည်း တပ်ဖွဲ့ဝင်များကျဆုံးကာ အရှုံးနှင့်ရင်ဆိုင်နေရသည်ဟု စစ်ရေးသိသူများက ပြောသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတစ်ဝှမ်း စစ်ရှုံးနေသည့်အပြင် ရှမ်းပြည် လားရှိုးမြို့နှင့် လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်လွှတ်ဆုံးရှုံးလိုက်ရ၍ တော်လှန်ရေးအဖွဲ့အစည်းများအား ပြစ်တင်ပြောဆိုနေသည်။

ကရင်က KNU ကို ပြစ်တင်ပြောဆိုနေသလို၊ ကချင်က KIA ၊ ရှမ်းပြည်က MNDAA နှင့် TNLA, ရခိုင်က AA နှင့် စစ်ကိုင်းက PDF များနှင့် ချင်းပြည်က CNA, CDF များကို မင်းအောင်လှိုင် ပြစ်တင်ပြောဆိုနေသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular