Western News
Homeနိုင်ငံရေးနေပြည်တော်နှင့် ရန်ကုန်မှာ စစ်ကောင်စီက MNDAA ကို ဆန္ဒပြမည်

နေပြည်တော်နှင့် ရန်ကုန်မှာ စစ်ကောင်စီက MNDAA ကို ဆန္ဒပြမည်

နေပြည်တော်နှင့် ရန်ကုန်မြို့တွင် အာဏာသိမ်း စစ်ကောင်စီက ကိုးကန့်တပ် MNDAA ကို ဆန္ဒပြပွဲပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေကြောင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း တိုင်းနှင့်ပြည်နယ်အသီးသီးကို ညွှန်ကြားထားကြောင်း သိရသည်။

မြန်မာစစ်တပ်၏ တပ်ချုပ် မင်းအောင်လှိုင် ယာယီသမ္မတဖြစ်ပြီး ရက်ပိုင်းအတွင်း ကိုးကန့်တပ် MNDAA ပူးပေါင်းတပ်ဖွဲ့က လားရှိုးမြို့နှင့် လားရှိုးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ခဲ့သည်။

လားရှိုးမြို့နှင့် တိုင်းစစ်ဌာနချုပ် လက်လွှတ်ဆုံးလိုက်ရ၍ မင်းအောင်လှိုင်၏ ညွှန်ကြားချက်ဖြင့် MNDAA ကို ဆန္ဒပြရန်နှင့် စစ်ကောင်စီ ထောက်ခံပွဲများပြုလုပ်ရန် ယနေ့ ဩဂုတ်လ ၆ နံနက် ပိုင်းက နေပြည်တော်နှင့် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် နေ့စားခရ လူများ၊ မဘသများ စုဝေးနေကြောင်း မြို့ခံများက ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် MNDAA အား ဆန္ဒပြရန် ညွှန်ကြားခဲ့သလို ဆန္ဒပြပွဲတွင် လိုအပ်သော လူများ၊ သယ်ယူပို့ဆောင်ရေး ယာဉ်ကားများ စီစဉ်ပေးရန်နှင့် ရေသန့်ဘူးများ၊ ထမင်းဘူများပါ စီစဉ်ပေးရန် တိုင်းနှင့်ပြည်နယ်က စစ်ကောင်စီများကို ညွှန်ကြားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၉ နာရီအချိန် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဝါစိမ်းနီ အလံများ၊ စစ်တပ် အလံများ ကိုင်ဆောင်ထားသော လူများ တဖြည်းဖြည်း လူစုနေကြောင်း ရန်ကုန်မြို့ MFTB ဘဏ်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

“ပုံမှန်ဆိုရင် ဘဏ်က ကားတွေက မြို့တော်ခန်းမနားကားပါကင်မှာရပ်တာ။ ဒီနေ့တော့ သူတို့ ဆန္ဒပြပွဲတွေရှိလို့ ကားတွေ အခြား မှာရပ်ရတယ်။ မနက်က လာတော့ ဝါစိမ်းနီအလံနဲ့ လူတွေ အများကြီးပဲ တဖြည်းဖြည်း စုနေကြတာတွေ့တယ်။ MNDAA ကို ဆန့်ကျင်တယ်ဆိုတဲ့ ဆိုင်းဘုတ်တွေ ပိုစတာတွေလည်းတွေ့ရတယ်” ဟု အဆိုပါ ဝန်ထမ်းက ဆိုသည်။

ထို့ပြင် နေပြည်တော်မြို့တော်ခန်းမရှေ့တွင်လည်း MNDAA ဆန့်ကျင်ရှုတ်ချပွဲအတွက် စစ်ကောင်စီထောက်ခံသူများက လူစုနေကြပြီး နံနက် ၁၀ နာရီအချိန်တွင် ဆန္ဒပြပွဲ လုပ်ကြမည်ဖြစ်ကြောင်း သိရသည်။

စစ်တပ်ကို ထောက်ခံသော စစ်တပ်လော်ဘီများနှင့် အမျိုးသားရေးအစွန်းရောက် နောင်တော်လေး၊ ဇော်ဘုန်းဟိန်း၊ စံဝင်းတို့က ဟောပြောမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

(ရန်ကုန်ခေတ်သစ် မီဒီယာ သည် Western News ၏ မိတ်အဖွဲ့အစည်းဖြစ်သည်)

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular