Western News
Homeသတင်းမောင်တောမှာ လက်နက်ကြီးကျ၍ မွတ်ဆလင်များ ဒါဇင်နှင့်ချီသေဆုံး

မောင်တောမှာ လက်နက်ကြီးကျ၍ မွတ်ဆလင်များ ဒါဇင်နှင့်ချီသေဆုံး

အာဏာသိမ်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် မောင်တောမြို့နယ်မှာ လက်နက်ကြီးနှင့် ဗုံးသီးများကြောင့် ဩဂုတ်လ ၅ ရက်နေ့က မွတ်ဆလင် ဒါဇင်နှင့်ချီသေဆုံးသွားကြောင်း စုံစမ်းသိရသည်။

တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း စစ်သွားရှောင်ရန် နတ်မြစ်အနီး ရာနှင့်ချီသော မွတ်ဆလင်မိသားစုများ စောင့်ဆိုင်းနေစဉ် ဩဂုတ်လ ၅ ရက် ညနေပိုင်းက လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့၍ သေဆုံးရခြင်းဖြစ်ကြောင်း အသက်ရှင်လာသူ မွတ်ဆလင်များထံမှ သိရသည်။

” ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တိုက်ပွဲ အရမ်းပြင်းထန်နေတော့ အခုလည်း ပြင်းထန်နေကြတော့ မောင်တောဒေသမှာ လုံးဝနေလို့မရတာကြောင့် ရာနှင့်ချီတဲ့ မွတ်ဆလင်မိသားစုတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားဖို့ နတ်မြစ်ကမ်းမှာ စောင့်နေကြတာ။ ၅ ရက်နေ့က ညနေမှာ စက်လှေစောင့်နေတဲ့အချိန် လက်နက်ကြီးလား၊ ဒရုန်းကနေ ပစ်ခတ်တာလား မသိဘူး။ ပေါက်ကွဲတာ။ အဲမှာ လူတွေ အများကြီးသေသွားတာ။ ” ဟု အသက်ရှင်လာသူတစ်ဦးက ပြောသည်။

သေဆုံးသူများထဲတွင် မွေးကင်းစကလေးငယ်များ၊ ၅ နှစ်အောက်/၅ နှစ်အထက် ကလေးငယ်များ၊ အမျိုးသမီးကြီး/ငယ်များ အပါအဝင် မွတ်ဆလင် ၂၀၀ သေဆုံးသွားသည်ဟု အသက်ရှင်လာသူများက ပြောဆိုကြသည်။

ထိုသေဆုံးအရေအတွက်ကို Western News က နာမည်နှင့်တကွက် အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်ပြီး ဒါဇင်နှင့်ချီ သေဆုံးသွားသည်ကိုတော့ ကနဦး အတည်ပြုနိုင်သည်။

မောင်တောမြို့အနီး တိုက်ပွဲများပြင်းထန်နေ၍ အဆိုပါ လက်နက်ကြီးကျည်မှာ စစ်ကောင်စီ၏ ကျည်လား၊ AA ၏ ကျည်လား ဆိုသည်ကို တိတိကျကျ မသိရ၍ မည်သည့်အဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်ကို Western News အနေဖြင့် အတည်မပြုနိုင်သေးပေ။

မြေပြင်သတင်းများနှင့် အသက်ရှင်လာသူ မွတ်ဆလင်များက အာရက္ခတပ်တော် AA ၏ လက်နက်ကြီးကျည်ဖြစ်သည်ဟု စွပ်စွဲနေသူများ ရှိသလို စစ်ကောင်စီ၏ လက်နက်ကြီးကျည် ဖြစ်သည်ဟုလည်း ပြန်လှန်ပြောဆိုနေကြသည်။

နောက်ထပ် မောင်တောက မွတ်ဆလင်လူငယ်တစ်ဦးက ” မောင်တောမှာ မွတ်ဆလင်တွေ တော်တော်လေး ဒုက္ခရောက်နေကြတယ်။ စစ်ကောင်စီဆီမှာလည်း အသုံးချခံ၊ AA ဆီမှာလည်း မယုံသလို ဆက်ဆံခံနေရတယ်။ စစ်ရှောင်မယ်ဆိုရင်လည်း ဟိုကတား၊ ဒီကတားနဲ့ အခု နတ်မြစ်အနီးမှာ ဘင်္ဂလားဒေ့ရှ်ဘက်သွားဖို့ စောင့်နေကြတာ လူဦးရေ ထောင်နဲ့ချီ ရှိနေတယ်။ မြို့ထဲမှာလည်း ပိတ်မိနေတာရှိတယ်။ ဒီကြားထဲ ARSA, RSO လက်နက်ကိုင်တွေက ရွာထဲလာ စည်းရုံး လက်နက်ကိုင်တွေကြားမှာ ကျနော်တို့က တော်တော်လေးကို ဒုက္ခရောက်နေကြတာ။ ” ဟု ပြောသည်။

ဩဂုတ်လ ၅ ရက်နေ့ ညနေက မောင်တောဒေသခံ မွတ်ဆလင်များ ဒါဇင်နှင့်ချီသေဆုံးသွားခြင်းနှင့်ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီက နိုင်ငံပိုင်မီဒီယာများကတစ်ဆင့် AA ပစ်ခတ်သော လက်နက်ကြီးကြောင့် သေဆုံးခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အာရက္ခတပ်တော် AA အနေဖြင့် ယနေ့အချိန်အထိ တရားဝင်ထုတ်ပြန်ပြောဆိုခြင်းများကို မတွေ့ရသေးပေ။

Western News ကလည်း မောင်တောက မွတ်ဆလင်များ သေဆုံးခြင်းနှင့်ပတ်သက်၍ AA ပြောခွင့်ရ ဦးခိုင်သုခအား တယ်လီဂရမ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားပေးခြင်းမရှိပေ။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular