Western News
Homeစစ်ရေးမူဆယ်မြို့က ရမခ တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင် လက်နက်ချရန် မြောက်ပိုင်းမဟာမိတ်ပြော

မူဆယ်မြို့က ရမခ တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင် လက်နက်ချရန် မြောက်ပိုင်းမဟာမိတ်ပြော

လားရှိုးကို မရောက်ဘဲ မူဆယ်မြို့တွင် ရှိနေသည့် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင် အမြန်ဆုံး လက်နက်ချရန် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့က သတိပေးကမ်းလှမ်းထားကြောင်း ခိုင်လုံသော စစ်ရေးသတင်းရင်းမြစ်များကြား သတင်းထွက်နေသည်။

လားရှိုးမြို့ကို MNDAA ပူးပေါင်းတပ်က သိမ်းပိုက်နေချိန် လားရှိုး-ရမခ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်ကို စစ်ကောင်စီက ဖြုတ်ချခဲ့ပြီး မူဆယ်မြို့အထိုင်ချ တပ်မ (၉၉) တပ်မမှူး ဗိုလ်မှူးချုပ်စိုးလှိုင် (DSA- 42) ကို ရမခ တိုင်းမှူးအဖြစ် အစားထိုးခန့်အပ်ခဲ့သည်။

သို့သော်လည်း လားရှိုး-ရမခ တိုင်းမှူးသစ် ဗိုလ်မှူးချုပ် စိုးလှိုင်မှာ လားရှိုးမြို့သို့ မသွားရောက်ဘဲ မူဆယ်မြို့မှနေ၍ ကွက်ကဲစီမံညွှန်ကြားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မူဆယ်မြို့အား သိမ်းပိုက်နိုင်ရန် ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းတပ်ဖွဲ့များက မူဆယ်မြို့က စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။

ယမန်နေ့ ည ၈ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် မူဆယ်မြို့နယ်၊ နမ့်ခွန်ကျေးရွာတွင် မြောက်ပိုင်းမဟာမိတ်တပ်များနှင့် စစ်​ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်သံများနှင့် လက်နက်ငယ်ပစ်ခတ်သံများ နာရီဝက်နီးပါး ကြာမြင့်ခဲ့ကြောင်း သိရသည်။

“မနေ့ညပိုင်း မူဆယ် ၁၀၅ မိုင်ဘက်နဲ့ နမ့်ခွမ်ရွာဘက်မှာ လက်နက်ကြီးပစ်ခတ်သံတွေကြားရတယ်။ မနေ့ည တိတိကျကျဆိုရရင်တော့ ည ၈ နာရီ ၃၇ မိနစ်မှာ စကြားရတာ။ လက်နက်သံတွေလည်းကြားရတယ်။ နာရီဝက်လောက်တော့ကြာမယ်။ ပြီးတော့ ပြန်ငြိမ်သွားတယ်။ ပစ်ခတ်မှုဖြစ်တုန်းက လက်နက်ကြီးပစ်သံတွေက ၁၀ မိနစ်တစ်ကြိမ် ထွက်ပေါ်တာ။ မူဆယ်မှာ ပြည်သူတွေကတော့ အထုပ်ပြင်ထားကြပြီ။ ဖြစ်လာရင်လည်း တရုတ်ဘက်ပြေးရုံအပြင် ပြေးစရာလည်းမရှိဘူး” ဟု မူဆယ်မြို့ခံ ပြည်သူတစ်ဦးက ပြောသည်။

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကာလတွင် မူဆယ်မြို့ ပတ်ပတ်လည်ရှိ ဒေသအားလုံးကို ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် KIA က သိမ်းပိုက်ထား၍ စစ်ကောင်စီမှာ မြို့ပေါ်သာ ထိန်းချုပ်နိုင်ကြောင်း သိရသည်။

ထိုကြောင့် မူဆယ်မြို့ပေါ်မြို့တွင်း တိုက်ပွဲများ ရှောင်ရှားနိုင်ရန်အတွက် ရမခ တိုင်းမှူးအပါအဝင် မူဆယ်မြို့ပေါ်က စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်သားများအားလုံး လက်နက်ချအညံ့ခံရန် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က ကမ်းလှမ်းနေသည်ဟု သိရသည်။

ရမခ ရှိ လားရှိုးမြို့ အသိမ်းခံရပြီးနောက် မူဆယ်မြို့သို့ တော်လှန်ရေးတပ်ဖွဲ့များ ဆက်လက်ချီတက်လာနေစဉ် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ် Mr. Deng Xijun နှင့် ဩဂုတ်လ ၈ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံမှုတွင် နှစ်နိုင်ငံ နယ်စပ်ရေးရာကိစ္စများ၊ နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ အခြားငွေကြေးလိမ်လည်မှုနှင့် တရားမဝင်လုပ်ငန်းများ ပပျောက်စေရေး၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ထည့်သွင်းဆွေးနွေးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular