Western News
Homeစီးပွားရေးရှမ်းပြည်အထူးဒေသ ၁ ကျန်းမာရေးစနစ်ကို CDM ဝန်ထမ်း ၅၀၀ ဖြင့် MNDAA စတင်

ရှမ်းပြည်အထူးဒေသ ၁ ကျန်းမာရေးစနစ်ကို CDM ဝန်ထမ်း ၅၀၀ ဖြင့် MNDAA စတင်

ကိုးကန့်တပ် MNDAA က တိုက်ခိုက်သိမ်းပိုက်ထားသော ရှမ်းပြည်အထူးဒေသ ၁ တွင် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစနစ်ကို CDM ကျန်းမာရေးဝန်ထမ်း ၅၀၀ ဝန်းကျင်ဖြင့် စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း အထူးဒေသ ၁ ၏ ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ CDM ဆရာဝန် ဒေါက်တာ ဘသက်က ပြောသည်။

၁၀၂၇ ပထမလှိုင်း ပြီးစီးချိန်ကတည်းက အထူးဒေသ ၁ တွင် ကျန်းမာရေးဌာနဖွင့်လှစ်လိုက်ပြီး CDM များအပါအဝင် ကျန်းမာရေးဝန်ထမ်းပေါင်း ၅၀၀ ဝန်းကျင်ဖြင့် စတင်လည်ပတ်ခဲ့ကြောင်း သိရသည်။

CDM ဆရာဝန် ဒေါက်တာ ဘသက်က “အထူးဒေသ ၁ ရဲ့ ကျန်းမာရေးဌာနကို ၁၀၂၇ Operation နောက်ပိုင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီမှာ အကောင်အထည်ဖော်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းပေါင်း ၅၀၀ ခန့်နဲ့ ကျနော်တို့ လည်ပတ်နေပါတယ်။ ကုသရေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုန်နဲ့ဆောင်ရွက်နေပြီးတော့ CDM ဝန်ထမ်းအများစုနဲ့ လည်ပတ်နေတာပေါ့။ ” ဟု ပြောသည်။

အထူးဒေသ ၁ ကျန်းမာရေးဌာနကို ရည်ရွယ်ချက် ၃ ခုနှင့် အကောင်အထည်ဖော်နေပြီး အထူးဒေသ ၁ အတွင်းမှာရှိသော တိုင်းရင်းသားအားလုံး လူမျိုးဘာသာမရွေးတန်းတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန်၊ အဘက်ဘက်က ယိုယွင်းနေသည့် ကျန်းမာရေးစနစ် အဆင်မြှင့်တင်ရန်နှင့် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစနစ်တစ်ခုကို တည်ဆောက်ရန်ဖြစ်ကြောင်း ဒေါက်တာ ဘသက်က ဆိုသည်။

ကျန်းမာရေး CDM ဝန်ထမ်းအားလုံး အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးလည်း ပါဝင်ကြောင်း သိရသည်။

လက်ရှိ MNDAA က သိမ်းပိုက်ထားသော လားရှိုးမြို့နယ်တွင် ပြည်သူ့ဆေးရုံကြီးကို ဩဂုတ်လ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီး လူမျိုးဘာသာမရွေး ကုသပေးလျက်ရှိကြောင်း ဆိုသည်။

“လားရှိုးပြည်သူ့ဆေးရုံကြီးကို ဩဂုတ်လ ၁၁ ရက်နေ့ကနေစပြီးတော့ ပြန်လည် လည်ပတ်နေပါပြီ။ လူနာတွေကလည်း တစ်ရက်ထက် တစ်ရက် ပိုပိုပြီးတော့များလာပါတယ်။ လက်ရှိ တက်ရောက်ကုသမှုမှာ မနေ့က တစ်ရက်တည်းတင် OPD လူနာက ၁၆၈ ဦးရှိပြီးတော့ အတွင်းလူနာက ၃၈ ဦးရှိနေပါပြီ။ အဲဒါအပြင် တိုက်ပွဲအတွင်းမှာ ဒဏ်ရာရထားတဲ့ စစ်သုံ့ပန်းတချို့ကိုလည်း ကုသမှုပေးနေပါတယ်။ လားရှိုးပြည်သူ့ဆေးရုံကြီးကို ခေတ်မီဆေးဝါးတွေ ခေတ်မီစက်ကိရိယာတွေ ဖြည့်စွက်ပြီးတော့ နိုင်ငံတကာအဆင့်မီ ဆေးရုံကြီးဖြစ်အောင် တည်ဆောက်သွားပါမယ်” ဟု ဒေါက်တာ ဘသက်က ပြောသည်။

MNDAA က လားရှိုးမြို့အပါအဝင် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဩဂုတ် လ ၃ ရက်နေ့တွင် တရားဝင် သိမ်းဆည်းရရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular