Western News
Homeကျန်းမာရေးမြန်မာကို မျောက်ကျောက်ရောဂါ မကူးစက်ရေး စစ်ကောင်စီ ကျန်းမာရေးဌာန ပြင်ဆင်

မြန်မာကို မျောက်ကျောက်ရောဂါ မကူးစက်ရေး စစ်ကောင်စီ ကျန်းမာရေးဌာန ပြင်ဆင်

အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင် မျောက်ကျောက် (Monkeypox) ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တက်လာ၍ မြန်မာနိုင်ငံသို့ မကူးစက်စေရေး ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို စစ်ကောင်စီ ကျန်းမာရေးဌာနက ပြင်ဆင်နေသည်။

မျောက်ကျောက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းအစည်းအဝေးကို ယမန်နေ့ ဩဂုတ်လ ၁၉ ရက်တွင် စစ်ကောင်စီ ကျန်းမာရေး ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံဖြတ်ကျော် ဝင်၊ ထွက်ပေါက်များ၊ နယ်စပ်ဂိတ်များတွင် Mpox (မျောက်ကျောက်) ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ပြည်တွင်း/ ပြည်ပ ခရီးသွားလာမှုကို မထိခိုက်စေဘဲ အထူးအလေးထား၍ ဆောင်ရွက်သွားမည်ဟု ဒေါက်တာ သက်ခိုင်ဝင်းက ဆိုသည်။

ဝန်ကြီးဌာနများပူးပေါင်းပြီးလည်း အရှိန်အဟုန်မြှင့်တင်၍ စနစ်တကျအကောင်အထည်ဖော် ကာကွယ်ထိန်းချုပ် ဆောင်ရွက်သွားမည်ဟု သိရသည်။

Mpox (မျောက်ကျောက်) ရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်ကြောင်းကို ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ၌ ၁၉၇၀ ပြည့်နှစ်တွင် စတင်တွေ့ရှိခဲ့သည်။

ဗဟိုအာဖရိကနှင့် အနောက်အာဖရိကတွင် ပုံမှန် ကူးစက်ရောဂါအဖြစ် ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် အခြားနိုင်ငံအချို့ကိုပါ ကူးစက်ခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားလာခဲ့သည်။

ထို့ကြောင့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (PHEIC) အဖြစ် သတ်မှတ်ကြေညာ၍ တုံ့ပြန်ဆောင်ရွက်ခဲ့ရာ ဖြစ်ပွားမှု သိသာစွာကျဆင်းလာသည့်အတွက် ၂၀၂၃ ခုနှစ် မေလ ၁၁ ရက်တွင် PHEIC အခြေအနေမှ ရုပ်သိမ်းခဲ့ကြသည်။

သို့သော်လည်း ယခု ၂၀၂၄ ခုနှစ်အတွင်း ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ (DRC) နှင့် အာဖရိကတိုက်ရှိ နိုင်ငံများတွင် Mpox (မျောက်ကျောက်) ရောဂါကူးစက်ဖြစ်ပွားမှု အရှိန်မြင့်တက်လာသည်။

Mpox (မျောက်ကျောက်) ရောဂါ၏ မျိုးကွဲအသစ် (Clade Ib) သည် ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် လျင်မြန်စွာကူးစက်ပျံ့နှံ့လာပြီး နယ်စပ်ဖြတ်ကျော်နှင့် နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့မှုများရှိနေခြင်းကြောင့် နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (PHEIC) အဖြစ် ပြန်လည်သတ်မှတ်ထားကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင် Mpox (မျောက်ကျောက်) ရောဂါဖြစ်ပွား၍ သေဆုံးမှုများရှိသည်ကို တွေ့ရှိရသဖြင့် မြန်မာနိုင်ငံအတွင်းသို့ Mpox (မျောက်ကျောက်) ရောဂါ ကူးစက်ဝင်ရောက်ပြန့်ပွားမှုမရှိစေရေး စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနမှ အလေးထား ဆောင်ရွက်မည်ဟု ဆိုသည်။

ပါကစ္စတန်နိုင်မှာ ပြည်ပမှ ပြန်လာသည့်လူတစ်ဦးတွင် မျောက်ကျောက်ရောဂါ Mpox ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု အတည်ပြုခဲ့ကြောင်း သြဂုတ်လ ၁၆ ရက်က နိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ သတ်မှတ်ချက်များအရ မြန်မာနိုင်ငံတွင် Mpox (မျောက်ကျောက်) ရောဂါ ကူးစက်ဖြစ်ပွားနိုင်ခြေ အလွန်နည်းပါးကြောင်းနှင့် ၂၀၂၂ ခုနှစ်မှ ယနေ့အချိန်အထိ လူနာ ၁၂၉ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ Mpox (မျောက်ကျောက်) ရောဂါ ဖြစ်ပွားမှု မတွေ့ခဲ့ရကြောင်း ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။

Mpox (မျောက်ကျောက်) ရောဂါသည် ရောဂါဖြစ်ပွားသူ လူနာနှင့် အနီးကပ်ထိတွေ့ဆက်ဆံမှုမှတစ်ဆင့် အဓိက ကူးစက်နိုင်သည့်အတွက် လူတစ်ဦးချင်းအလိုက် တစ်ကိုယ်ရေရောဂါကာကွယ်ရေး အသိ၊ သတိတို့ဖြင့် ပြုမူနေထိုင်၍ ကာကွယ်နိုင်ပါကြောင် သိရသည်။

Mpox (မျောက်ကျောက်) ရောဂါနှင့် ပတ်သက်၍ ဖြစ်ပွားမှုရှိလာပါက မြန်မာနိုင်ငံတွင် သီးခြားထားရှိကုသမှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ စံကိုက်ကုထုံးများ သတ်မှတ်ခြင်း၊ ရောဂါပိုးထိန်းချုပ်ခြင်း၊ ဆေးနှင့် ဆေးပစ္စည်းများ စုဆောင်းထားရှိကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular