Western News
Homeစစ်ရေးသိမ်းထား စခန်းများ၊ မြို့များ ပြန်မပေးရရေး NUG သေချာပြင်ဆင်

သိမ်းထား စခန်းများ၊ မြို့များ ပြန်မပေးရရေး NUG သေချာပြင်ဆင်

အာဏာသိမ်း စစ်ကောင်စီထံမှ တိုက်ခိုက်သိမ်းယူထားသော စခန်းများ၊ မြို့များ ပြန်မပေးရရေး အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးများအတွင်း ဆွေးနွေးနေကြကြောင်း သိရသည်။

ဩဂုတ် ၂၀ ရက် နံနက်က NUG အစိုးရအဖွဲ့အစည်းအဝေး ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သိမ်းထားစခန်းများ၊ မြို့များကို ဆက်လက်ထိန်းသိမ်းရေး စနစ်တကျပြင်ဆင်ကြရန် ထည့်သွင်းဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

“စစ်ရေးအရ အောင်မြင်မှုတွေဖြစ်တဲ့ စခန်းတွေသိမ်းနိုင်၊ မြို့တွေ သိမ်းနိုင်ပြီးတဲ့ နောက်မှာ ဆက်လက် ထိန်းထားဖို့နဲ့ အုပ်ချုပ်‌ရေး ယန္တရားတွေ ပြန်လည် လည်ပတ်နိုင်ဖို့ ကိစ္စရပ်တွေအတွက် စနစ်တကျ ပြင်ဆင်ကြဖို့ လိုအပ်သလို ရှေ့မြို့တွေမှာ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံတွေကို လည်း ကောင်းမွန်တဲ့ သင်ခန်းစာတွေအဖြစ် ပြန်လည်အသုံးချနိုင်ဖို့လည်း အရေးကြီးကြောင်း မှာကြားလိုပါတယ်။” ဟု အစိုးရအဖွဲ့ကို ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

မြို့သိမ်းပြီး ထိန်းရန်စီမံကြရသည့် အရေးပေါ်အခြေအနေမျိုးမှာ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့များကို ပါဝင်သင့်ပါဝင်ထိုက်သူများနှင့် စနစ်တကျဖွဲ့စည်းပြီး တာဝန်များပေးအပ်ကာ အနီးကပ်စီမံကြီးကြပ်ကြရန်လည်း မှားကြားခဲ့သည်။

ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို NUG PDF ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များမှ သိမ်းပိုက်နိုင်ခဲ့သော်လည်း အင်အားမမျှ၍ ညနေပိုင်းတွင် စစ်ကောင်စီကို ပြန်ပေးလိုက်ရခြင်းအပေါ် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စနစ်တကျပြင်ဆင်ကြရန် မှားကြားနေခြင်းဖြစ်သည်။

နိုင်ငံတကာက မြန်မာ့အရေး စိတ်ပူစိုးရိမ်သလိုလိုဖြင့် တော်လှန်ရေးအင်အားစုများက တိုင်းပြည် ထိန်းနိုင်ပါ့မလားဟု ယုံကြည်မှုအားနည်းနေမှုများကိုလည်း NUG ပြည်ထောင်စု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပယ်ချလိုက်သည်။

“ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီး နိုင်ငံတကာအသိုက်အဝန်းကလည်း စိုးရိမ်သလိုလို၊ စိတ်ပူသလိုလိုနဲ့ တော်လှန်ရေး အင်အား စုတွေအပေါ် ယုံကြည်မှုအားနည်းပြီး ပြောဆိုကြတာတွေလည်း ရှိပါတယ်။ စစ်‌ရေးအရ အားသာနေပေမယ့် တော်လှန်ရေးအင်အားစုတွေ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကို ထိန်းနိုင်ပါ့ မလားဆိုတာမျိုး မေးမြန်းလာကြတာတွေလည်း ရှိပါတယ်။ သမိုင်းကြောင်းရှည်လျားပြီး တိုင်းရင်းသားပေါင်းစုံ စုစည်းနေကြတဲ့ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအရညှိနှိုင်း ဆောင်ရွက် စရာတွေများပြားပေမယ့် ပြည်သူကို မျက်နှာမူပြီး တော်လှန်ရေးခရီးကို ကိုယ့်လမ်းကိုယ် ဖောက် လျှောက်လာလိုက်ကြတာ ဒီကနေ့ ဒီခရီးကို ရောက်နေကြပြီမို့ ကျွန်တော်တို့ တိုင်းပြည်ကို ကျွန်တော်တို့ အကောင်းဆုံးအတူတကွ တည်ဆောက်နိုင်မယ်လို့ ခိုင်မာတဲ့ ယုံကြည်ချက်ရှိပါတယ်။ နှစ်ပေါင်းများစွာ သွေးခွဲအုပ်ချုပ်ခဲ့မှုတွေရဲ့ ဆိုးပြစ်တွေကို ခံလာကြ ရပြီးတဲ့နောက် အခုဆိုရင် စုစည်းမှုနဲ့ အင်အားတွေကို ကောင်းကောင်း နားလည်လာကြတဲ့ တော်လှန်ရေးအင်အားစုတွေ အားလုံးဟာ နိုင်ငံရေးအရ ကောင်းမွန်တဲ့ ညှိနှိုင်း ဆွေးနွေး အဖြေရှာမှုတွေနဲ့အတူ ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ကြမယ်ဆိုတာကို နိုင်ငံတကာမိတ်ဆွေတွေကိုလည်း သတင်းစကားပါးလိုတာ ဖြစ်ပါတယ်။ ” ဟု ပြောသည်။

ထို့ပြင် နွေဦးတော်လှန်ရေးသည် လူထုတော်လှန်ရေး စစ်စစ်ဖြစ်ပြီး လက်ဗလာဖြင့် စတင်ခဲ့ရာမှ ယခုအခါ အောင်ပွဲက လမ်းတစ်ကမ်းအလိုတွင် ရောက်ရှိလာကြောင်းနှင့် တော်လှန်ရေးခရီးအဆုံးထိ လျှောက်လှမ်းရန် အားလုံးပါဝင်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က တိုက်တွန်းထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular