Western News
Homeစီးပွားရေးမြောက်ဦး-ပုဏ္ဏားကျွန်း ကားခ ကျပ် ၅ သောင်းအထိ ဈေးမြင့်တက်နေ

မြောက်ဦး-ပုဏ္ဏားကျွန်း ကားခ ကျပ် ၅ သောင်းအထိ ဈေးမြင့်တက်နေ

(သိမ်းထားမြို့များတွင် AA ဘာလုပ်နေသလဲဟု ဒေသခံများ မေးခွန်းထုတ်လာ)

ရခိုင်ပြည် မြောက်ဦးမြို့နှင့် ပုဏ္ဏားကျွန်းမြို့ လိုင်းကားစီးခ တစ်ကြောင်းစာအတွက် ကျပ် ၅ သောင်းအထိ ဈေးမြင့်တက်နေကြောင်း ခရီးသွားလာသူများထံမှ သိရသည်။

ရခိုင်မြောက်ပိုင်းကို အာရက္ခတပ်တော် AA ထိန်းချုပ်သိမ်းပိုက်ပြီးနောက်ပိုင်း ကျပ် ၅ ထောင်တန်ခရီးတစ်ခုကို ကျပ် ၅ သောင်းအထိ ပေးနေရသည်မှာ စံချိန်တင်ဈေးကြီးခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၃၆ နှစ်အရွယ် ကွမ်းရောင်းကွမ်းဝယ် အမျိုးသမီးတစ်ဦးက ” မြောက်ဦး-ပုဏ္ဏားကျွန်း၊ မင်းပြား-ပုဏ္ဏားကျွန်း ခရီး လိုင်းကားစီးခ အသွားတစ်ကြောင်းကို ကျပ် ၅ သောင်း၊ အသွားအပြန်ဆိုတော့ တချို့ကားသမားက ကျပ် ၈ သောင်းယူတာရှိတယ်။ ၉ သောင်းယူတာရှိတယ်။ ၁ သိန်းအပြည့်ပေးရတာလည်းရှိတယ်။ ဈေးက အရမ်းကြီးတာပေါ့။ ကွမ်းက ဈေးကောင်းနေလို့သာ လိုင်းကားစီးနိုင်တာ။ မဟုတ်ရင် အရှုံးပေါ်ပြီ။ ခရီးတိုသမားတွေဆို ဘာမှတောင် မစီးတော့ ဒီအတိုင်း ခြေလျင်လျှောက်တာတွေ ရှိတယ်။ ” ဟု ပြောသည်။

လိုင်းဆွဲယာဉ်မောင်းများ (ကယ်ရီသမား) က စက်သုံးဆီဈေးနှုန်း ကြီးမြင့်ခြင်းကြောင့် ကားခမှာလည်း ဈေးကြီးနေရခြင်းဖြစ်သည်ဟု Western News ကို ပြောဆိုကြသည်။

စက်သုံးဆီ တစ်လီတာကို ကျပ် ၁၅,၀၀၀ အနည်းဆုံး ပေးနေရပြီး ဆိုင်တချို့မှာ ကျပ် နှစ်သောင်းနီးပါးအထိ တောင်းယူကြသည်ဟု မင်းပြား-မြောက်ဦး-ပုဏ္ဏားကျွန်း လိုင်းကားပြေးဆွဲနေသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

” ကားခ ဈေးကြီးတယ်ဆိုတာက စက်သုံးဆီဈေးနှုန်း တအားကြီးလို့ပါ။ ပြီးတော့ ကားရဲ့ အပျက်အစီးလည်းရှိပါတယ်။ ကားဆီကလည်း အခုတောင် နည်းနည်း ကျသွားသေးတာ။ ပြီးခဲ့တဲ့ လတွေကဆို ကားဆီဟာ ကျပ် ၃ သောင်းလောက်ကိုတောင် တက်သွားခဲ့တာရှိတယ်။ ကား အပိုပစ္စည်းတွေကလည်း ရှာမရဘူး။ အခုက အကုန်လုံးက ရှားပါးနေတာ။ အခြေခံစားသောက်ကုန် အားလုံးက ဈေးတွေကြီးနေတာ။ ” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့သည် စစ်တွေမြို့နှင့်ကပ်လျှပ်မြို့တစ်မြို့ဖြစ်ပြီး မြန်မာစစ်တပ် အာဏာမသိမ်းခင်က မင်းပြား-မြောက်ဦး-ပုဏ္ဏားကျွန်း ခရီးသည် ကျပ် ၅ ထောင်၊ ၁ သောင်းဝန်းကျင်သာ ပေးရသော ပုံမှန်ကုန်ကျစရိတ် ခရီးတစ်ခုဖြစ်သည်။

တိုက်ပွဲပြင်းထန်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ နောက်ပိုင်းကနေ AA က အလုံးစုံမထိန်းချုပ်မသိမ်းပိုက်နိုင်သည့်အချိန်အထိ အဆိုပါ ခရီးတစ်ခုကို ကျပ် ၅ သိန်းအထက်ကို ပေး၍ ခိုးဝှက်သွားလာခဲ့ရသည်။

သို့သော်လည်း မြေပုံ-မင်းပြား၊ မြောက်ဦး-ကျောက်တော်-ပုဏ္ဏားကျွန်းမြို့တို့မှာ ၂၀၂၄ ခုနှစ် ဧပြီလကစ၍ အာရက္ခတပ်တော် AA က အလုံးစုံထိန်းချုပ်သိမ်းပိုက်ထားပြီဖြစ်သည့်အတွက် စားသောက်ကုန်းဈေးနှုန်းများ၊ စက်သုံးဆီဈေးနှုန်းများ ကျဆင်းသွားမည်ဟု ဒေသခံပြည်သူများမှာ မျှော်မှန်းခဲ့ကြသည်။

ယင်းအပြင် ဖုန်းလိုင်း၊ အင်တာနက် ဆက်သွယ်ရေးများ ပြန်လည်ကောင်းမွန်လာရေးကို မျှော်မှန်းခဲ့ကြသော်လည်း လက်ရှိ ၃ လကျော်ကြာသည့်တိုင် ပြောင်းလဲခြင်းမရှိ၍ ဒေသခံပြည်သူများမှာ စိတ်မကောင်းဖြစ်နေကြသည်။

မင်းပြားဒေသခံ ဈေးကုန်သည်အမျိုးသားတစ်ဦးက အာရက္ခတပ်တော် AA အနေဖြင့် သိမ်းထားမြို့များတွင် မည်သည့်လုပ်ငန်းများ ဆောင်ရွက်နေသလဲဟု မေးခွန်းထုတ်လိုက်သည်။

” AA အနေနဲ့ သိမ်းထားတဲ့ မြို့တွေမှာ ဘာတွေလုပ်နေလဲ မေးချင်တယ်။ ကုန်ဈေးနှုန်းကိုလည်း မထိန်းနိုင်ဘူး။ ကုန်စည်တွေကို အိန္ဒိယဘက်က တရားဝင်သယ်ယူနိုင်အောင် စီစဉ်ပေးတာလဲမရှိဘူး။ လမ်းကြောင်းတခုခု ဖန်တီးပေးသင့်တယ်လေ။ ဆေးဝါး ပြတ်လပ်လို့ လူတွေသေနေကြပြီ။ ပညာရေးကလည်း စီစဉ်ပေးတာမရှိဘူး။ စစ်တိုက်တာကလည်း တိုက်ပေါ့။ သိမ်းထားတဲ့ မြို့တွေမှာတော့လည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ အုပ်ချုပ်ရေးလုပ်ငန်းတွေကို သေချာလုပ်သင့်နေပြီလေ။ စနစ်တကျဆောင်ရွက်သင့်ပြီလေ။ အခုက အခေါင်းရရင်အခေါင်းစား၊ အမြီးရရင်အမြီးစား။ ပိုက်ဆံရှိတဲ့သူတွေက အာဏာရှိတဲ့သူတွေနဲ့ပေါင်း လုပ်စား။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို သေချာစနစ်တကျ AA ထိပ်ပိုင်းခေါင်းဆောင်တွေက လုပ်ဖို့ လိုအပ်နေပါပြီ။ ” ဟု ပြောသည်။

အာရက္ခတပ်တော် AA အနေဖြင့် စစ်ရေးကို ဦးစားပေးနေရသည်ဟုဆိုသော်ငြားလည်း သိမ်းပိုက်ထားသော မြို့များတွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် အုပ်ချုပ်ရေးလုပ်ငန်းများကို ပြည်သူလူထုများဖြင့်ပူးပေါင်းကာ သေချာစနစ်တကျဆောင်ရွက်သင့်သည်ဟု ဝေဖန်ပြောဆိုသံများ ထွက်ပေါ်လာနေခြင်းဖြစ်သည်။

ရခိုင်မြောက်ပိုင်းတွင် AA ၏ မြေပြင်အုပ်ချုပ်ရေးအဖွဲ့ဝင်များက အမဲသား တစ်ခုတည်းကို ဈေးလျော့ရောင်းခိုင်းနေပြီး ကျန်ကုန်ဈေးနှုန်းများကို ကိုင်တွယ်ဖြေရှင်းခြင်းမရှိသည့်အတွက် ဈေးကုန်သည်အချို့က သားသတ်လုပ်ငန်းများကို ရပ်တန့်ထားကြောင်း စုံစမ်းသိရသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular