Western News
Homeနိုင်ငံရေးDawei Watch သတင်းထောက်နှစ်ဦး တိတ်တဆိတ် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရ

Dawei Watch သတင်းထောက်နှစ်ဦး တိတ်တဆိတ် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရ

Dawei Watch မီဒီယာ၏ တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် သတင်းသမားနှစ်ဦးဖြစ်သော ကိုမျိုးမြင့်ဦးနှင့် ကိုအောင်ဆန်းဦးတို့ကို အာဏာသိမ်း စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း Dawei Watch က ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်သည်။

၎င်းတို့နှစ်ဦးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ညက စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး စစ်ခုံရုံးက တိတ်တဆိတ်စီရင်ကာ ကိုမျိုးမြင့်ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် ကိုအောင်ဆန်းဦးကို ထောင်ဒဏ် နှစ် ၂ဝ အထိ အသီးသီး ချမှတ်လိုက်သည်။

စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် မတရားအမှုဆင် စွဲဆိုပြီး ၂ဝ၂၄ ခုနှစ် (ခန့်မှန်း) ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကိုအောင်ဆန်းဦးကို ထောင်ဒဏ်နှစ် ၂ဝ ချခဲ့ကြောင်းနှင့် ၂ဝ၂၄ ခုနှစ် (ခန့်မှန်း) မေလ ၁၅ ရက်တွင် ကိုမျိုးမြင့်ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခဲ့ကြောင်း Dawei Watch က ထုတ်ပြန်ထားသည်။

မြိတ်မြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်မဟုတ်သဖြင့် သတင်းသမားများကို ဥပဒေနှင့်အညီ ခုခံကာကွယ်ခွင့် ပေးရမည်ဖြစ်သော်လည်း တရားရုံးတွင် စစ်ဆေးခြင်းမရှိဘဲ မြိတ်ထောင်ရှိစစ်ခုံရုံးက ဥပဒေမဲ့ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု Dawei Watch က ဆိုသည်။

Dawei Watch အယ်ဒီတာချုပ် ကိုကျော်က သတင်းသမားများအပေါ်မှာ အာဏာသိမ်း စစ်ကောင်စီသည် တရားမဲ့လုပ်ရပ်များကို ကျူးလွန်နေသည်ဟု Western News ကို ပြောသည်။

” အာဏာသိမ်း စစ်ကောင်စီ အာဏာရှင်တွေဟာ သတင်းသမားတွေကို ဦးတည်ချက်ထားပြီးတော့ နှိပ်ကွက်နေတယ်။ သတင်းသမားတွေက သတင်းအလုပ်ကိုကို လုပ်လို့မရအောင်၊ သတင်းလွတ်လပ်စွာထုတ်ဖော်လို့မရအောင်၊ သတင်းသမားတွေကို ရတဲ့နည်းနဲ့ ဖမ်းဆီးတယ်။ စစ်ဆေးတယ်။ နှိပ်စက်တယ်။ ညှဉ်းပမ်းနှိပ်စက်တယ်။ ကြီးလဲတဲ့ ပြစ်ဒဏ်တွေကို ချတယ်။ ဒါမျိုးတွေနဲ့ နည်းလမ်းမျိုးစုံကိုသုံးပြီးတော့ နှိပ်ကွက်နေတာကို ကျနော်တို့ တွေ့ရတယ်။ အခု ကျနော်တို့ သတင်းသမားနှစ်ဦးလည်း ဒီလိုပါပဲ။ သတင်းကိစ္စကြောင့် ဖမ်းတယ်ဆိုပြီး ဖမ်းသွားတယ်။ ဖမ်းသွားတဲ့အချိန်မှာ စစ်ခုံရုံးမှာ စစ်ဆေးတယ်။ အပြစ်ကြီးတဲ့ ပုဒ်မတွေတပ်တယ်။ တပ်ပြီးတော့ အမြင့်ဆုံးပြစ်ဒဏ်တွေချတယ်။ သတင်းသမားတွေဘက်က တရားဥပဒေအရ ဖြေရှင်းခွင့်၊ ရင်ဆိုင်ရင်ခွင့် ဘာမှမရဘူး။ တရားမဲ့လုပ်တာကို ခံနေရတယ်ပေါ့လေ။ ” ဟု ပြောသည်။

စစ်ကောင်စီက သတင်းသမားများကို ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင် စစ်ဆေးခြင်း၊ ဥပဒေနှင့် အညီ ခုခံကာကွယ်ချေပခွင့် မပေးဘဲ ထင်သလို ပြစ်ဒဏ်ချမှတ် အရေးယူခြင်း တို့ကို Dawei Watch မီဒီယာအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်းလည်း ဆိုသည်။

ကိုမျိုးမြင့်ဦးနှင့် ကိုအောင်ဆန်းဦး သတင်းထောက်နှစ်ဦးကို အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် Dawei Watch က ထုတ်ပြန် တောင်းဆိုထားသည်။

မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတင်းမီဒီယာသမား ၇ ဦးကို သတ်ဖြတ်ခဲ့ပြီး ၆၂ ဦးကို ဖမ်းဆီး ထောင်ချထားကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ယမန်နေ့ ဩဂုတ် ၂၆ ရက်နေ့က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက်နေ့တွင်လည်း မွန်ပြည်နယ်မှ သတင်းမီဒီယာသမားများ ဖြစ်သော ကိုထက်မြက်သူနှင့် ကိုဝင်းထွဋ်ဦးတို့ ၂ ဦးကို မွန်ပြည်နယ်ရှိ ၎င်းတို့ နေအိမ်၌ပင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ခန့်က စီးနင်း ဝင်ရောက်ပြီး ပစ်သတ်ခဲ့သည်။

၎င်းတို့နှစ်ဦးကို သတ်ဖြတ်ပြီးနောက် ထိုနေရာမှာပင် စစ်ကောင်စီတပ်သားများက အလောင်းများကို မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း (RSF) က ထုတ်ပြန်ထားသည်။

သတင်းထောက် ၂ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့သည့် ဖြစ်စဉ်အပေါ် (RSF) အဖွဲ့က ရှုတ်ချလိုက်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစ၍ သတင်းသမား ခုနစ်ယောက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ခေါနုသုမ် သတင်းဌာနကို ထူထောင်ခဲ့သူ Pu Tuidim၊ Federal News ဂျာနယ်၏ အယ်ဒီတာ စိုင်းဝင်းအောင်သည် သတင်းတာဝန်များ ထမ်းဆောင်နေစဉ် စစ်ကောင်စီ တပ်သားများက ပစ်သတ်ခဲ့သည်။

အလွတ်တမ်း သတင်းထောက်များဖြစ်သော အေးကော်၊ စိုးနိုင်တို့နှင့် Western News သတင်းဌာနမှ သတင်းထောက် မြတ်သူထွန်း (ဖိုးသီဟ) တို့သည်လည်း အကျဉ်းချ ခံထားရချိန် အတောအတွင်း သတ်ဖြတ်ခံခဲ့ရသည်။

မြတ်သူထွန်း (ဖိုးသီဟ) သည်လည်း မြောက်ဦးအချုပ်ခန်းထဲ၌ အချုပ်ကျနေစဉ် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး မြောက်ဦးခြေမြန်တပ်ရင်းဖြစ်သည် ၃၇၈ တပ်ရင်း၌ ရက်စက်စွာ မြေမြှုပ်သတ်ပစ်ခဲ့ကြသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှစ၍ သတင်းမီဒီယာသမားများသည် စစ်ကောင်စီ၏ အဓိကပစ်မှတ်ထားခြင်းခံနေရပြီး မြို့ပေါ်ရှောင်တခင်စစ်ဆေးမှုများတွင်လည်း ဖုန်းများကို စစ်ဆေးရာမှ မီဒီယာနှင့် ဆက်နွယ်မှုရှိမရှိကို အဓိကစစ်ဆေးနေသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular