Western News
Homeစစ်ရေးရခိုင်က စစ်ရှောင်ကလေးငယ်အများစု ပညာသင်ကြားခွင့် ဆုံးရှုံးနေ

ရခိုင်က စစ်ရှောင်ကလေးငယ်အများစု ပညာသင်ကြားခွင့် ဆုံးရှုံးနေ

ရခိုင်ပြည် လွတ်မြောက်နယ်များတွင် စစ်ရှောင်ကလေးငယ်များ အရေအတွက်ကို အတိအကျ မသိရသော်လည်း ထောင်နှင့်ချီသော ကလေးငယ်များမှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြကြောင်း စုံစမ်းသိရသည်။

ရခိုင်က လွတ်မြောက်နယ်များတွင် စစ်ကောင်စီ လေကြောင်းအန္တရာယ်ကြောင့် ပညာသင်ကြားရေးကို စာသင်ကျောင်းများ၌ ဖွင့်လှစ်သင်ကြားခြင်းကို ယာယီရပ်ဆိုင်းကာ ကျူရှင်ပုံစံမျိုး အုပ်စုလိုက်ခွဲ၍ နေရာသတ်မှတ်ကာ သင်ကြားပေးနေကြသည်။

ထိုသို့ သင်ကြားမှုပုံစံမှာ ကျောင်းသား၊ ကျောင်းသူ ၆၀ ဦးပါသော အုပ်စုတစ်စုကို ဆရာ၊ ဆရာမ အနည်းဆုံး ၆ ဦးက သင်ကြားရပြီး ကျောင်းသား၊ ကျောင်းသားသူများက လစဉ် အခကြေးငွေပေးရသည်။

ရခိုင်ကျောင်းဆရာအသိုင်းအဝိုင်းထဲက တစ်ဦးက ” စစ်ကောင်စီ လေကြောင်းအန္တရာယ်ကြောင့် စာသင်ကျောင်းတွေ မဖွင့်လှစ်နိုင်ပေမယ့် ကလေးတွေအတွက် ပညာသင်လို့ရအောင် ကျူရှင်ပုံစံမျိုး စနစ်တစ်ခုကို စီစဉ်ရတာဖြစ်တယ်။ အခမဲ့တော့မဟုတ်ဘူး။ ကျောင်းသား၊ ကျောင်းသူတွေက ကျောင်းလခ ပေးရမယ်။ အဲဒီငွေတွေကို ဆရာ၊ ဆရာမတွေက အချိုးကျခွဲယူရတဲ့ ပုံစံမျိုးပါ။ တစ်ဦးတစ်ယောက်က ဦးစီးပြီး ပုဂ္ဂလိက ပြတဲ့ပုံစံမျိုးလည်း ရှိပါတယ်။ ” ဟု ပြောသည်။

မူလတန်း ကျောင်းသားတစ်ဦးကို ကျောင်းလခ တစ်လလျှင် ကျပ် ၃၀,၀၀၀၊ အလယ်တန်း ကျောင်းသားတစ်ဦးကို ကျောင်းလခ တစ်လလျှင် ကျပ် ၄၀,၀၀၀ နှင့် အထက်တန်း ကျောင်းသားတစ်ဦးကို ကျောင်းလ တစ်လလျှင် ကျပ် ၆၀,၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

ငွေကြေးတတ်နိုင်သူ မိသားစုအချို့နှင့် စစ်ရှောင်ကလေးငယ် အနည်းစုက ကျောင်းထားပေးနိုင်သော်လည်း ဆင်းရဲချို့တဲ့သော စစ်ရှောင်မိသားစုအများစုမှာ ၎င်းတို့၏ ကလေးငယ်များအား ကျောင်းမထားပေးနိုင်ကြကြောင်း မိဘများက ပြောဆိုကြသည်။

ပုဏ္ဏားကျွန်းဒေသတွင် ငွေကြေးမတတ်နိုင်၍ ကျောင်းမထားနိုင်သည့် ကလေးငယ်များကို အခမဲ့ သင်ကြားပေးနေသော လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ အဖွဲ့ဝင်လူငယ်တစ်ဦးက ယခုလိုပြောသည်။

” ဆရာ၊ ဆရာမတွေက အခကြေးငွေယူတာကလည်း သူတို့မှာ ဝမ်းရေးအတွက်ပေါ့နော်။ ဒါပေမယ့် အနည်းစုလောက်ပဲ ကျောင်းတက်နိုင်ကြတယ်။ ဒီကာလမှာ အကုန်လုံးက ဈေးကြီးနေတော့ စစ်ရှောင်ကလေးငယ်အများစုဟာ စာမသင်ကြားနိုင်ကြဘူး။ မိသားစုတွေမှာ ဝမ်းရေးတောင် အနိုင်နိုင်လေ။ ကျောင်းထားဖို့ ပိုက်ဆံက မရှိကြဘူး။ ကျနော်တို့က တတ်နိုင်သလောက်တော့ ခေါ်ယူပြီး အခမဲ့ စာသင်ပေးနေတာတော့ရှိတယ်။ ဒါမေပယ့် ကျနော်တို့မှာလည်း အကန့်အသတ်နဲ့ဆိုတော့ နောက်ထပ် စာမသင်ရတဲ့ စစ်ရှောင်ကလေးငယ် အများကြီးကျန်နေသေးတယ်။ ” ဟု ဆိုသည်။

ပုဏ္ဏားကျွန်း လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ အခမဲ့ သင်ကြားပေးသော ကျောင်းတွင် ငွေကြေးနှင့် နေရာအခက်အခဲများကြောင့် KG ကနေ Grade.5 အထိပဲ သင်ကြားပေးနိုင်ကြောင်းနှင့် လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူ ၁၄၃ ဦးရှိကာ အယင်းအထဲက ၁၂၁ ဦးမှာ ဗလာစာအုပ်အခက်အခဲ၊ ပုံနှိပ်စာအုပ်များ မရှိသည့် အခက်အခဲဖြင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။

အလားတူ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့တို့တွင်လည်း ကျောက်ဖြူ၊ တောင်ကုတ်နှင့် စစ်တွေမြို့နယ်တို့က စစ်ရှောင်လာသော မိသားစုထဲမှ စစ်ရှောင်ကလေးငယ်များနှင့် ဒေသရှိ ကလေးငယ်များမှာ ကျောင်းလခ မပေးနိုင်ခြင်းနှင့် ကျောင်းသုံးစာအုပ်များ အလွန်ဈေးကြီးနေ၍ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြရသည်။

ရခိုင်ပြည်အတွင်း ကျောင်းသုံးစာအုပ်ဈေးနှုန်းများမှာ စာအုပ် ၁၂ အုပ်ပါသည့် ဗလာစာအုပ် တစ်ဒါဇင်ကို ကျပ် ၃၀,၀၀၀ ကနေ ကျပ် ၅၀,၀၀၀ အထိ ဈေးကြီးနေပြီး အချောင်း ၃၀ ပါသော ဘောပင်တစ်ဘူးကို ကျပ် ၃၀,၀၀၀ ကနေ ကျပ် ၅၀,၀၀၀ ဈေးရှိနေသလို မှင်ဖျက်တစ်ခုကို ကျပ် ၃,၀၀၀၊ ခဲတံတစ်ချောင်းကို ကျပ် ၈၀၀ မှ ကျပ် ၁,၀၀၀ အထိ ဈေးရှိနေခြင်းဖြစ်သည်။

ယင်းအပြင် မူလတန်း ပုံနှိပ်စာအုပ်တစ်စုံကို ကျပ် ၃၀,၀၀၀ ကနေ ကျပ် ၄၅,၀၀၀၊ အလယ်တန်း ပုံနှိပ်စာအုပ်တစ်စုံကို ကျပ် ၅၀,၀၀၀ ကနေ ကျပ် ၆၀,၀၀၀ နှင့် အထက်တန်း ပုံနှိပ်စာအုပ်တစ်စုံကို ကျပ် ၈၀,၀၀၀ ကနေ ကျပ် ၁၂၀,၀၀၀ အထိ ဈေးကြီးနေခြင်းဖြစ်သည်။

ကျောက်တော်ဒေသခံ ကျောင်းသားမိဘတစ်ဦးက “ဒီနှစ် တစ်ယောက်က Grade- 9 တက်ရမှာ၊ နောက် တစ်ယောက်ကတော့ မူလတန်းအရွယ်ပါ။ ဒီနှစ်မှာက ကျောင်းလခမပါသေးဘဲ စာအုပ်ဖိုးနဲ့တင်မလွယ်တော့ နှစ်ယောက်လုံးထားဖို့ မတတ်နိုင်ဘူး။ ဒါကြောင့် အကြီးကောင်ကို ကျောင်းထုတ်ထားလိုက်ရတယ်။ အငယ်လေးကိုပဲ စာဆက်သင်နေရတယ်” ဟု ပြောသည်။

ရခိုင်က မိဘများမှာ ကလေးငယ်များအား ကျောင်းဆက်လက်ထားရန် ခက်ခဲနေကြောင်းနှင့် အိမ်တစ်အိမ်တွင် ကျောင်းတက်ရမည့်အရွယ် ၂ ဦးကနေ ၃ ဦးအထိရှိနေသော်လည်း စာရေးကိရိယာများဈေးကြီးခြင်းနှင့် ကျောင်းတက်ရန် အခကြေးငွေပေးနေရ၍ ကလေးငယ် တစ်ဦးကိုသာ ကျောင်းထားပေးနိုင်တော့သည်ဟု ကျောင်းသားမိဘများက ပြောဆိုကြသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular