Western News
Homeသတင်းရခိုင်အပါအဝင် ဒေသ ၆ ခုကို ကူညီပံ့ပို့ပေးမည်ဟု ICRC ပြော

ရခိုင်အပါအဝင် ဒေသ ၆ ခုကို ကူညီပံ့ပို့ပေးမည်ဟု ICRC ပြော

ခက်ခဲသည့် စိန်ခေါ်မှုများရှိနေသော်လည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က ဘေးဖြစ်ရန် အလွယ်ကူဆုံးရပ်ရွာလူထုများ အထူးသဖြင့် ရှမ်း၊ ကချင်၊ ရခိုင် ချင်း၊ ကယားနှင့် ကရင်ပြည်နယ်တို့ကို ကူညီပံ့ပိုးပေးသွားမည်ဟု ICRC က ထုတ်ပြန်သည်။

အဆိုပါ နေရာဒေသက ပဋိပက္ခဒဏ်ခံနေရသည့် ပြည်သူလူထုထံသို့ သွားရောက်ပံ့ပိုးကူညီနိုင်ရန် သန္နိဋ္ဌန်ချထားကြောင်း ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင် ICRC ဥက္ကဌက ဆိုသည်။

ICRC ဥက္ကဋ္ဌ Mirjana Spoljaric က “မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီဖို့ဆိုတဲ့ အိုင်စီအာရ်စီရဲ့ သန္နိဋ္ဌန်က မဆုတ်မနစ် ဆက်လက်တည်ရှိနေမှာပါ။ ပဋိပက္ခနဲ့ အခြားသော အကြမ်းဖက်မှုအခြေအနေများကြောင့် အကြောက်တရားတွေနဲ့ နေထိုင်နေကြရပါတယ်။ အသက်မွေး ဝမ်းကျောင်းမှုလုပ်ငန်းတွေကို ဆက်လက်မဆောင်ရွက်နိုင်ခြင်းကြောင့် မရေမတွက်နိုင်အောင် များပြားတဲ့ လူထုအတွက် ဆက်လက် အသက်ရှင်ရပ်တည်နိုင်ဖို့ နည်းလမ်းတွေ မရှိတော့ပါဘူး” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မိသားစုတော်တော်များများက အခြေခံဆေးဝါးများနှင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ မရှိဘဲ နေထိုင်နေကြပြီး အစားအစာ ပြတ်လပ်မှုဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အပြင် သန့်ရှင်းသော ရေနှင့် မိလ္လာစနစ် ရရှိအသုံးပြုနိုင်မှုမှာလည်း အကန့်အသတ်များ ရှိနေကြသည်။

ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများ ပျက်ပြားလာခြင်းကြောင့် ကြိုတင်ကာကွယ်နိုင်သည့် ရောဂါများ ပိုမိုဖြစ်ပွားလာသည့်အပြင် ဆေးဝါးအထောက်အပံ့များ ပေးပို့ဖြည့်ဆည်းမှု မရှိခြင်းကလည်း ဒဏ်ရာရသူများနှင့် နာတာရှည်ရောဂါသည်များ၏ ထိခိုက်ခံစားရမှုများကို ပိုမိုဆိုးရွားစေကြောင်း ICRC က ဆိုသည်။

ICRC ဥက္ကဋ္ဌ Mirjana Spoljaric က အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် နေပြည်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပိုမိုပေးအပ်နိုင်ရန် ပဋိပက္ခဒဏ်ခံနေရသည့် ဒေသများသို့ ပိုမိုသွားရောက်ခွင့် ရရှိရေး မင်းအောင်လှိုင်အား Ms Spoljaric က တောင်းဆိုခဲ့သည်။

ICRC ဥက္ကဋ္ဌ သည် အိုင်စီအာရ်စီ၏ ကြားနေသည့် အခန်းကဏ္ဍနှင့် အကူအညီလိုအပ်မှုများ အများဆုံးရှိနေသည့် လူထုထံသို့ သွားရောက်နိုင်ရေး ရည်မှန်းချက်ကို အထူးအလေးပေး ပြောကြားခဲ့ကြောင်း သိရသည်။

“ကျွန်မတို့အနေနဲ့ ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ နှစ်ဦးနှစ်ဖက်အကြား အတွင်းရေးကိစ္စအဖြစ်သတ်မှတ်ထားရှိတဲ့ ဆွေးနွေးပြောဆိုမှုတွေကို ဆောင်ရွက်ရာမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေကို လေးစားလိုက်နာကြဖို့နဲ့ အရပ်သားပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်း ဆောင်ရွက်နေသူတွေ ဘေးကင်းလုံခြုံစေဖို့ အတွက် သူတို့မှာရှိတဲ့ တာဝန်ဝတ္တရားကို အသိပေးပြောဆိုမှုတွေပြုလုပ်ပါတယ်” ဟု Ms Spoljaric က ဆိုသည်။

၂၀၂၄ ခုနှစ် ၆ လအတွင်း လူပေါင်း၂၁,၀၀၀ ကျော်ကို စားနပ်ရိက္ခာအထောက်အပံ့များ၊ လူပေါင်း ၂၀,၀၀၀ ကို အိမ်သုံးပစ္စည်းများနှင့် လူပေါင်း ၂၅,၀၀၀ ကျော်ကို လောင်စာတောင့်များ ပံ့ပိုးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

လူပေါင်း ၈၃,၀၀၀ ကျော်ကို ရေ၊ မိလ္လာ၊ အမိုးအကာနှင့် အရေးပေါ်သန့်ရှင်းရေးစနစ်များ ပိုမိုရရှိလာစေရန် ဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံတစ်ဝန်းရှိ ဆေးရုံ ၁၅ ရုံနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၄၄ ခု မှာ ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်မှုဆိုင်ရာ ကုသဆွေးနွေးမှု ၄,၀၀၀ နှင့် ရောဂါကုသမှုဆိုင်ရာ ကုသဆွေးနွေးမှုပေါင်း ၄၆,၀၀၀ နီးပါးအတွက် အထောက်အပံ့များ ပေးအပ်ခဲ့သည်။

ပေါက်ကွဲမှုအန္တရာယ်များကြောင့် ထိခိုက်ခံသူ ၈၅၃ ဦး အပါအဝင် မသန်စွမ်းသူ ၂,၀၀ ကျော်ကိုလည်း ကိုယ်ကာယပြန်လည်သန်စွမ်းရေးအစီအစဉ်အားဖြင့် ထောက်ပံ့ကူညီခဲ့သည်။

လူပေါင်း ၇၀ ကျော်၏ မိသားစုများအား ၎င်းတို့ချစ်ခင်ရသူများ မည်သည့်နေရာသို့ရောက်ရှိနေကြောင်း သိရှိနိုင်စေရန်နှင့် အကျဉ်းထောင်မှ လွတ်မြောက်လာသူ ၂,ဝဝဝ ကျော်ကို မိသားစုများထံသို့ ဘေးကင်းလုံခြုံစွာ ပြန်နိုင်စေရန် ထောက်ပံ့ကူညီခဲ့ကြောင်း ICRC က ဆိုသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ပေးနိုင်မှု လျော့နည်းလာသည့်အခြေအနေတွင် ရပ်ရွာလူထု တော်တော်များများအတွက် အလွန်အရေးကြီးသည့် ဝန်ဆောင်မှုများ ရရှိနိုင်မှုမှာ အကန့်အသတ်ဖြစ်လာကြောင်း သိရသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular