Western News
Homeစစ်ရေးရခိုင်မှာ တိုက်ပွဲကြောင့် ပျက်စီးသွားသည့် နေအိမ်များ ယခုထိ ပြန်မဆောက်နိုင်သေး

ရခိုင်မှာ တိုက်ပွဲကြောင့် ပျက်စီးသွားသည့် နေအိမ်များ ယခုထိ ပြန်မဆောက်နိုင်သေး

(ရခိုင်မှာ အဆောက်အဦး ၃,၀၀၀ ထက်မနည်း ပျက်စီးခဲ့ဟု ဒေသခံများ ခန့်မှန်းပြော)

တိုက်ပွဲကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်အတွင်းက နေအိမ်များကို ၁၀ လတာ ကြာမြင့်လာသော်လည်း ယခုအချိန်အထိ ပြန်လည်ဆောက်လုပ် နေထိုင်နိုင်ခြင်းမရှိသေးကြောင်း ပျက်စီးသွားသည့် ကာယကံရှင်များက ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းနှင့် စစ်ကောင်စီနှင့် AA တို့တိုက်ပွဲအတွင်း အပါအဝင် စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ခြင်းများကြောင့် နေအိမ်ပေါင်း ၃၀၀၀ ကျော် ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။

ပေါက်တောမြို့မှာတွင် လူနေအိမ် ၂,၅၀၀ ကျော်ရှိပြီး ဘာသာရေးအဆောက်အဦးများ၊ ဌာနဆိုင်ရာအဆောက်အဦးများ၊ စာသင်ကျောင်းများနှင့် ပြည်သူပိုင်အဆောက်အဦး စုစုပေါင်း ၂,၆၀၀ ခန့်ရှိကာ ယင်းအထဲမှ နေအိမ်နှင့် အဆောက်အဦး ၄၀၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။

ယင်းအပြင် ပေါက်တောမြို့နယ်မှာ ကျေးလက်ဒေသမှာလည်း ကျေးရွာ ၃ ရွာထက်မနည်း စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်ပြီး မီးရှို့မှုကြောင့် နေအိမ် ၅၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီ လေကြောင်းဗုံးကြဲ၍ ပျက်စီးသွားသည် ပေါက်တောမြို့ ဘဝမ်းရပ်ကွက်ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“အိမ်တစ်အိမ်ဆောက်ဖို့ဆိုတာ နှစ်နဲ့ချီ အသက်ကြီးအောင် အသက်သေအောင်အထိ အလုပ်လုပ်ပြီး တည်ဆောက်ခဲ့ရတယ်။ တခဏတည်းနဲ့ ပျက်စီးသွားတော့ ပြန်လည်တည်ဆောက်ဖို့ဆိုတာ အခုအချိန်မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဝင်ငွေကမရှိ ထမင်းနပ်မှန်ဖို့တောင် အနိုင်နိုင် အိမ်ဆောက်ဖို့ဆိုတာ အဝေးကြီးပဲ။ ဒီလိုပဲ ဖြစ်သလို တဲထိုးပြီး နေနေရတာပေါ့။ ” ဟု ပြောသည်။

တိုက်ပွဲများကြောင့် မြို့ပျက်ဖြစ်သွားသည့် နောက်တစ်မြို့မှာ ရခိုင်တောင်ပိုင်းဒေသက ရမ်းဗြဲမြို့ဖြစ်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ မြို့ပေါ်အိမ်ခြေ ၂,၃၀၀ ခန့်ရှိပြီး ယင်းအထဲက အိမ်ခြေ ၅၀၀ ထက်မနည်း ပျက်စီးသွားကြောင်း ဒေသခံများက ခန့်မှန်း ပြောဆိုကြသည်။

အဆိုပါ အပျက်အစီးစာရင်းများမှာ လုံးဝ လူနေ၍မရသည့် နေအိမ်အပျက်အစီးစာရင်းဖြစ်ပြီး အခြားနေအိမ်များမှာ အဆောက်အဦး တစ်ခုလုံး ပြိုကျပျက်စီးခြင်းမရှိခဲ့သော်လည်း ထိခိုက်မှုများရှိခဲ့ကြောင်း ရမ်းဗြဲဒေသခံတစ်ဦးက ဆိုသည်။

“အပျက်အစီးများတာက ကင်းတဲနဲ့ လောင်းချောင်းရပ်ကွက်ဖက်တွေ များတယ်။ ပြန်ဆောက်ပြီးနေတဲ့ သူကနည်းပါတယ်။ တချို့တွေကျတော့လည်း ဝါးတဲလေးတွေထိုးပြီး နေကြတာရှိတယ်။ အများအားဖြင့်တော့ ပြန်မနေကြဘူး။ ” ဟု ပြောသည်။

မင်းပြား၊ မြောက်ဦးမြို့တို့တွင်လည်း လူနေအိမ် ၁၀၀ ကျော်နှင့် မင်းပြားမြို့မဈေးကြီး ပျက်စီးဆုံးရှုံးသွားပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။

နေအိမ်အပျက်စီးရှိသူများမှာ အဘက်ဘက်မှ အကျပ်အတည်းများကြောင့် ပြန်လည်ဆောက်လုပ် နေထိုင်နိုင်ခြင်းမရှိသေးဘဲ နေရပ်စွန့် ခွာနေကြရကြောင်း မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။

“နေအိမ်ပြန်ဆောက်နိုင်ရေးထက် စားဝတ်နေရေးက ပိုအရေးကြီးနေတယ်လေ။ ဒီတော့ နီးစပ်ရာမှာဘဲ နေကြရသေးတယ်။ အခုအခြေနေအရ အိမ်ပြန်ဆောက်နိုင်ဖို့ဆိုတာလည်း မလွယ်ဘူး။ တိုက်ပွဲတွေကလည်း မပြတ်သေးတော့ ထပ်ပြီး အထိခိုက်ဖြစ်မှာကိုလည်း စိုးရိမ်နေရသေးတယ်” ဟု ပြောသည်။

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော မြို့နယ်များတွင် တိုက်ပွဲကြောင့် ပျက်စီးခဲ့သည့်နေအိမ်များကို ဒေသခံပြည်သူများမှာ ပြန်လည်ဆောက်လုပ်ရန် ဆန္ဒရှိနေကြသော်လည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို စိုးရိမ်၍ နေအိမ်များ ပြန်မဆောက်ကြသည့်သူများ ရှိနေကြသည်။

ဆက်လက်ပြီး ဘူးသီးတောင်မြို့တွင် အိမ်ခြေ ၁,၀၀၀ နှင့် ၅,၀၀၀ ကြား ပျက်စီးခဲ့သည့်ဟု Data for Myanmar က စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် သံတွဲမြို့နယ်တို့တွင် နေအိမ် ၃၀၀ ထက်မနည်း အပျက်အစီးရှိခဲ့ကြောင်း ဒေသခံများ၏ ခန့်မှန်းပြောဆိုချက် စာရင်းအရ သိရပြီး ယင်းအရေအတွက်ထက် ပျက်စီးဆုံးရှုံးမှု ပိုများနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း တိုက်ပွဲကြောင့်ပျက်စီးခဲ့သည့် နေအိမ်များထဲမှ အချို့ကို သက်ဆိုင်ရာအစိုးရမှ ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။

သို့သော်လည်း ယခု တကျော့ပြန်တိုက်ပွဲများအတွင်း ပျက်စီးခဲ့သည့်နေအိမ်များကို အရပ်ဖက်လူမှုကူညီရေး အဖွဲ့အချို့၏ အထောက်အပံ့များကလွဲလျှင် အခြားသော အထောက်အပံ့များမရှိဘဲ ပြည်သူများမှာ မိမိကိုယ်တိုင် ပြန်လည်တည်ဆောက်နိုင်ရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။

လက်ရှိ တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် နေအိမ်များထဲမှ အချို့ကို အရေးပေါ်အနေဖြင့် အာရက္ခတပ်တော် AA အိမ်တစ်အိမ်ကို ဝါးအလုံး ၁၀၀ စီ ထောက်ပံ့ပေးခဲ့ကြောင်း ပြီးခဲ့သည့် ဇွန်လအတွင်းက သတင်းထွက်ပေါ်ခဲ့သည်။

စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားနေအိမ် တစ်သိန်းကျော် ပျက်စီးခဲ့ရသည်ဟု Data for Myanmar က စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular