Western News
Homeစစ်ရေးကျိန္တလီ စာသင်ကျောင်းကို စစ်ကောင်စီပစ်ခတ် စစ်ရှောင် ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ကျိန္တလီ စာသင်ကျောင်းကို စစ်ကောင်စီပစ်ခတ် စစ်ရှောင် ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ရခိုင်ပြည် ဂွမြို့နယ်ရှိ ကျိန္တလီမြို့ ဆန္ဒားကျေးရွာတွင် စစ်ရှောင်များ ခိုလှုံနေသော စာသင်ကျောင်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ စစ်ရှောင် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး စုစုပေါင်း ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျိန္တလီမြို့ခံ စစ်ရှောင်များခိုလှုံနေသော ဆန္ဒားကျေးရွာက စာသင်ကျောင်းကို ကျိန္တလီနှင့် ဂွမြို့ကြားရှိ ရတနာမြိုင် (ကုလားပြင်) ၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒားရွာနှင့်နီးစပ်သူတစ်ဦးက ” အမျိုးသမီးတစ်ဦး နေရာ၌ သေဆုံးသွားတယ်လို့ ပြောတယ်။ နောက် ၃ ဦးလည်း ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ ဆိုတယ်။ ဖုန်းလိုင်းက မကောင်းတော့ ဘယ်လိုဒဏ်ရာတွေလဲဆိုတာ အသေးစိတ် မသိရဘူး။ ဆေးကုသမှု ခံယူနေတယ်လို့တော့ ပြောတယ်။ ” ဟု ပြောသည်။

ဂွဒေသ၊ ကျိန္တလီဒေသတို့တွင် စစ်ကောင်စီနှင့် AA တို့ နှစ်ဖက် စစ်ရေးပြင်းထန်နေသည့် ဒေသဖြစ်ပြီး ဒေသခံများ၏ ပြောပြချက်အရ ကျိန္တလီမြို့ကို AA က ထိန်းချုပ်ထားပြီဟု ပြောဆိုကြသည်။

ဂွဒေသခံတစ်ဦးက ” ကျိန္တလီမြို့ကို AA က သိမ်းလိုက်ပြီလို့ ပြောလို့ရပါတယ်။ ကျိန္တလီက ရဲစခန်းက ရဲတွေ၊ စစ်သားတွေက ဂွဘက်သို့ ဆုတ်သွားပြီး အခု ကုလားပြင်ရွာမှာ ခံစစ်ပြင် တပ်စခန်းအထိုင်ချထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်ကတော့ တိုက်ပွဲရှိတဲ့နေရာ၊ မရှိတဲ့ နေရာတွေရော လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းဗုံးကြဲတာတွေက နေ့စဉ် လုပ်နေပါတယ်။ ” ဟု ပြောသည်။

ဩဂုတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန်ကလည်း စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးများနှင့် ဗုံးများမှာ ကျိန္တလီမြို အမှတ် (၂) ရပ်ကွက်က ခရစ်ယာန်ဘာသာရေးကျောင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားများ ၁၁ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

အာရက္ခတပ်တော် AA ကလည်း ဂွဒေသ၊ မောင်တောဒေသတို့တွင် တိုက်ပွဲများ ဆက်လက်ရှိနေသေးကြောင်း ပြီးခဲ့သည့် ရက်ပိုင်းများက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ အပြစ်မဲ့အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ဘာသာရေးအဆောက်အဦးများနှင့် ပြည်သူနေထိုင်ရာ မြို့/ရွာများကို နေ့စဉ် ပစ်ခတ်ကျူးလွန်နေသည့်အတွက် နိုင်ငံတကာက စစ်ကောင်စီအား အရေးယူဆောင်ရွက်ကြရန် AA အပါအဝင် ညီနောင်သုံးဖော်က ထုတ်ပြန်တောင်းဆိုထားကြသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular