Western News
Homeသတင်းကျောက်ဖြူ လူငယ်သေဆုံးမှု ရဲမှူးနှင့် တပ်ဖွဲ့ဝင်များကို တရားစွဲဆိုနိုင်ရန် သေဆုံးသူမိဘများကို AA က ခေါ်ယူ

ကျောက်ဖြူ လူငယ်သေဆုံးမှု ရဲမှူးနှင့် တပ်ဖွဲ့ဝင်များကို တရားစွဲဆိုနိုင်ရန် သေဆုံးသူမိဘများကို AA က ခေါ်ယူ

Western News| အောက်တိုဘာ ၁၈

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ပန်းတော်ပြင်အုပ်စု ကျွဲတဲကျေးရွာက အသက် ၂၃ နှစ်အရွယ် ကိုအောင်နိုင် သေဆုံးမှုနှင့် ပတ်သက်၍ ရဲမှူးနှင့် ပါဝင်ပတ်သက်သူများအားလုံးကို တရားစွဲဆိုနိုင်ရန် ကိုအောင်နိုင်၏ မိဘများအား ရက္ခိုင့်တပ်တော် ULA/AA က ခေါ်ယူသွားကြောင်း စုံစမ်းသိရသည်။

ကိုအောင်နိုင်သည် ဆိုင်ကယ်ခိုးမှုဖြင့် ကျောက်ဖြူမြို့နယ်ရှိ AA ရဲတပ်ဖွဲ့ထံ ဖမ်းဆီးခံထားရစဉ် သေဆုံးသွားသည့်အတွက် AA ပြောခွင့်ရ ဦးခိုင်သုခက ရဲမှူးနှင့် ပါဝင်ပတ်သက်သူများအားလုံးကို အရေးယူသွားမည်ဟု Western News သို့ ပြောဆိုထားသည်။

ထိုသို့ ပြောဆိုပြီးနောက် ကိုအောင်နိုင်၏ မိဘများဖြစ်သော ဦးမောင်သန်းချေနှင့် ဒေါ်သိန်းရွှေရီတို့ကို ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့က ကမ်းထောင်းကြီးမြို့သို့ AA ရဲတပ်ဖွဲ့က ခေါ်ယူသွားကြောင်း ကျွဲတဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းမြင့်ထွန်းက ပြောသည်။

“အောင်နိုင်သေဆုံးမှုမှာ ပါဝင်ပတ်သက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို တရားစွဲဆိုဖို့ဆိုပြီး မိသားစုဝင်တွေကို AA က လာရောက်ခေါ်ယူသွားပါတယ်။ မနေ့က ခေါ်ယူသွားတာပါ။ အခုထိတော့ ပြန်မရောက်သေးဘူး” ဟု ပြောသည်။

ကိုအောင်နိုင် မိဘများက AA ရဲမှူးနှင့် ပါဝင်ပတ်သက်သူများကို မည်သည့်ပုဒ်မများဖြင့် တရားစွဲထားခြင်းနှင့် ရက္ခိုင့်တပ်တော် ULA/AA အနေဖြင့် မည်ကဲ့သို့ အရေးယူထားသည်ကို သိရှိနိုင်ရန် မိဘများအား Western News မှ ဆက်သွယ်နေဆဲဖြစ်သည်။

AA ပြောခွင့်ရ ဦးခိုင်သုခကိုလည်း ကိုအောင်နိုင်သေဆုံးမှုနှင့်ပတ်သက်၍ တပ်အတွင်း မည်ကဲ့သို့ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေခြင်းနှင့် အရေးယူထားခြင်းကို သိရှိနိုင်ရန် Western News မှ မေးမြန်းထားပြီး လတ်တလောတွင် ဦးခိုင်သုခမှ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ကျွဲတဲကျေးရွာ ကျောင်းထိုင်ဆရာတော်က ဆိုင်ကယ်ခိုးမှုတစ်ခုကြောင့် လူ့သက်တစ်ချောင်း သေဆုံးသွားရသည်မှာ မဖြစ်သင့်ကြောင်း မိန့်ကြားသည်။

“ဆိုင်ကယ်ခိုးမှုနဲ့ လူ့အသက်တစ်ချောင်းဆုံးရှုံးသွားရတယ်ဆိုတာက မဖြစ်သင့်ဘူးလေ။ ထွက်ပြေးလို့ ထိုးကြကြိုက်ကြတယ် ဆိုရင်လည်း အတွင်းဒဏ်ရာ ရလောက်အောင်ထိ မလုပ်သင့်ဘူး။ စခန်းရောက်တဲ့ အခါမှာလည်း ထပ်ပြီး ကြိမ်ဒဏ် ၁၀ ချက်လောက်ပေးသေးတယ်။ အဲဒီတော့ အတွင်းဒဏ်ရာ ပြင်းပြင်းထန်ထန်ရပြီပေါ့။ နောက်နောင် ဒီလိုမျိုးဖြစ်ရပ်တွေ မဖြစ်စေချင်ဘူး။ တရားဥပဒေအတိုင်း နည်းလမ်းတကျနဲ့ လုပ်ဖို့ AA ကို မှာချင်ပါတယ်။ ဒီလူငယ်ကိုကြည့်ပေါ့နော်။ သူက လူငယ်၊ အနာဂတ်တွေ ရှိတယ်။ မိသားစုနဲ့နေဖို့ အခွင့်အရေးဆုံးရှုံးသွားပြီ။ ဒီလူငယ်ပဲဖြစ်ဖြစ်၊ အိမ်ထောင်ကျလို့ မွေးလာမယ့် သားသမီးတွေဖြစ်ဖြစ် နောင်အနာဂတ်မှာ ရခိုင့်ခေါင်းဆောင်တွေ မဖြစ်လာဘူးလို့ ပြောလို့မရဘူးလေ။ ဒုစရိုက်မှုတစ်ခုကြောင့် အသက်ပေးလိုက်ရတော့ အားလုံးဆုံးရှုံးသွားပြီပေါ့။ နောက်နောင် ဦးဇင်းတို့ရွာမှာပဲဖြစ်ဖြစ် တခြားနေရာဒေသတွေမှာပဲဖြစ်ဖြစ် ထပ်ပြီး မဖြစ်စေဖို့ AA ကို မှာကြားစေချင်ပါတယ်” ဟု ပြောသည်။

ကိုအောင်နိုင်မှာ ရက္ခိုင့်တပ်တော် ULA/AA ရဲတပ်ဖွဲ့ဝင်များ ရိုက်နှက်မှုကြောင့် အတွင်းဒဏ်ရာများစွာ ရရှိခဲ့ပြီးနောက် မိမိကိုယ်ကိုရေသောက်မိ၍ ရှော့ဖြစ်မှုကြောင့် သေဆုံးသွားခြင်းဖြစ်သည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ ည ၂ နာရီခန့်တွင် သေဆုံးသွားပြီး အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လယ်တွင် ရင်ခွဲထားသော ကိုအောင်နိုင်၏ ရုပ်အလောင်းကို မိသားစုဝင်များ တောင်းဆိုချက်အရဟုဆိုကာ AA က မိဘများထံသို့ ပေးပို့ခဲ့ကြသည်။

ကိုအောင်နိုင်သေဆုံးမှုနှင့်ပတ်သက်၍ ကျွဲတဲကျေးရွာဒေသခံများနှင့် မိသားစုဝင်များမှာ စိတ်မကောင်းဖြစ်နေကြပြီး တရားမျှတမှုရရှိရေးအတွက် တောင်းဆိုနေကြကြောင်း သိရသည်။

Western News-WN

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular