Western News
Homeသတင်းမူးယစ်သားကောင်မှ မူးယစ်ပညာပေးဖြစ်လာသူ ဆရာမညို

မူးယစ်သားကောင်မှ မူးယစ်ပညာပေးဖြစ်လာသူ ဆရာမညို

Western News| ဖေဖော်ဝါရီ ၃

စာတော်ပြီး ဂုဏ်ထူးထွက်နိုင်တဲ့ ဆရာမညိုဟာ မူးယစ်ဆေးနွံမှာ နစ်မြှုပ်သွားတာကြောင့် ဆယ်တန်းကို အောင်ရုံဆိုလောက်နဲ့သာ အောင်မြင်ခဲ့ရပါတယ်။ ပညာသင်နေတဲ့အချိန်မှာ မူးယစ်ဆေးဝါးသုံးစွဲမိပြီး လမ်းမှားရောက်သွားတဲ့ ဆရာမညိုကို အပေါင်းအသင်းမိတ်ဆွေသာမက မိဘတွေနဲ့ ဆွေမျိုးတွေကပါ ရဲလက်ထဲအပ်ပြီး စွန့်ပစ်ပါတော့မယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုံးကလည်း ရှောင်ဖယ်ရှောင်ဖယ်နဲ့ မတူသလိုမတန်သလို ဆက်ဆံကြပြီး မူးယစ်ဆေးသုံးတဲ့ အကျင့်ပျက်မိန်းကလေးတစ်ယောက်လို့ အပြောအဆိုခံခဲ့ရပါတယ်။

ဒါပေမယ့် ဆရာမညိုဟာ မိဘ၊ ဆွေမျိုး၊ အသိုင်းအဝိုင်းတွေရဲ့ ပစ်ပယ်မှုကို ခံရတော့မယ့်အချိန်မှာ မူးယစ်နွံထဲကနေ ပြန်လည်ရုန်းထွက်နိုင်ခဲ့ပြီး လက်ရှိမှာ အတိတ်က အမှားတွေကို သင်ခန်းစာယူရင်း အနာဂတ်ဘဝကို အကောင်းဆုံးတည်ဆောက်ကာ မူးယစ်ဆေးဝါးရဲ့ အန္တရာယ်တွေကို တတ်နိုင်သလောက် အသိပညာပေး မျှဝေနေပါတော့တယ်။

ဆရာမညို (အမည်လွှဲ) ဟာ အသက် ၂၄ နှစ်အရွယ်ရှိပြီး ရခိုင်ပြည် စစ်တွေမြို့ထဲက ၉ တန်း၊ ၁၀ တန်း ဘော်ဒါဆောင် ကျောင်းတစ်ခုမှာ သင်္ချာဘာသာရပ်ကို သင်ကြားပေးနေတဲ့ ဆရာမတစ်ဦးဖြစ်ပါတယ်။ သက် ၂၂ နှစ်မှာ စစ်တွေတက္ကသိုလ်က ဘွဲ့ရခဲ့ပြီး သူမဝါသနာပါတဲ့ သင်္ချာဘာသာရပ်ကို သင်ကြားပေးနေတာပါ။

ဆရာမညို ဟာ ကလေးတွေကို စာသင်ကြားပေးဖို့ ကျောင်းသွားဖို့ ပြင်ဆင်နေပါတယ်။ စာသင်ရာမှာ အထောက်အကူဖြစ်စေဖို့ ဘောပင်၊ သင်ထောက်ကူစာအုပ်တွေကို သူ့အိတ်ထဲ ထည့်ပါတယ်။ နောက်ထပ် ထမင်းဘူးနဲ့အတူ အရေးတကြီးထည့်နေတာက မဖြစ်မနေ သူမနဲ့အတူ အမြဲဆောင်လေ့ရှိတဲ့ မှတ်စုစာအုပ်လေး တစ်အုပ်ပါ။

ဆရာမညိုဟာ နံနက် ၇ နာရီခွဲဆိုရင် ကျောင်းကို အရောက်သွားရပါတယ်။ ၈ နာရီမှာတော့ ကျောင်းသားတွေကို စာသင်ကြားရပါတယ်။ စာမသင်ကြားခင် ၁၅ မိနစ်အလိုမှာတော့ ဆရာမဟာ မှတ်စုစာအုပ်ထဲက သူ့ဘဝရဲ့ အတိတ်တွေကို ကလေးတွေဆီ ပြောပြပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေကို စာမသင်ခင်မှာ ပထမဆုံး သင်ကြားပေးတာက မှတ်စုစာအုပ်ထဲက ဆရာမရဲ့ အတိတ်ဆိုးနဲ့ မူးယစ်ဆေးဝါးအန္တရာယ်တွေကို ပြောပြပေးတာပါ။ အတိတ်က အမှားတွေကို သင်ခန်းစာယူနိုင်ဖို့နဲ့ နောက်တစ်ခါ အမှားတွေ မကျူးလွန်မိစေဖို့ ဆရာမညိုက မှတ်စုစာအုပ်လေးမှာ အတိတ်ကဖြစ်ရပ်ဆိုးတွေကို ချမှတ်ရေးထားခဲ့တာဖြစ်ပါတယ်။

အသက် ၁၅ နှစ် ၁၀ တန်းပညာသင်ကြားနေတဲ့အချိန် စိတ်အလိုလိုက်ပြီး အပေါင်းအသင်းမှားတာကြောင့် ဆေးလိပ်သောက်တတ်သွားရာကနေ ဆေးခြောက်ပါ အသုံးပြုတတ်သွားတယ်လို့ ဆရာမ ညိုက ပြောပါတယ်။

“တစ်ရက် အိမ်မှာ မိဘတွေနဲ့ စကားများကြတယ်။ ကျောင်းကို စိတ်ဆိုးပြီး သွားခဲ့တယ်။ အဲဒီနေ့က စိတ်ဓာတ်လေး ကျနေတယ်။ ယောကျ်ားလေး သူငယ်ချင်းတစ်ယောက်ဆီကနေ ဆေးလိပ်တောင်းသောက် မိလိုက်တယ်။ ဆရာမတို့အုပ်စုက နည်းနည်းဆိုးတယ်လို့ ပြောလို့ရတယ်။ ကျောင်းမှာ ဆေးလိပ်ခိုးသောက်ကြတယ်။ အဲဒီကနေ ဆေးလိပ်သောက်တတ် သွားပြီး အဲဒီကမှတစ်ဆင့် ဆေးခြောက်သုံးတတ်သွားခဲ့တယ်” လို့ ကျောင်းသားတွေကို ပြောပြနေတာပါ။

ဆေးခြောက်သုံးတတ်ရာကနေ ဒေသအခေါ် အစိချေ WY စိတ်ကြွဆေးပြား စွဲစွဲမြဲမြဲသုံးတတ်တော့မယ့် အခြေအနေအထိ ဖြစ်လာကြောင်းနဲ့ ဆေးသုံးတဲ့အချိန်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ၊ အန္တရာယ်တွေကို ကျောင်းသား၊ ကျောင်းသူတွေကို ဆက်လက်ပြောပြပါတယ်။

ကျောင်းစာမသင်ခင် ဘဝအတွေ့အကြုံတွေနဲ့ မူးယစ်ဆေးဝါးအန္တရာယ်တွေကို ဆရာမညိုပြောပြတဲ့ အချိန် ၁၅ မိနစ်အတွင်းမှာ တခြားအတန်းက ကျောင်းသား၊ ကျောင်းသူတွေလည်း စိတ်ဝင်စားပြီး လာရောက်နားထောင် လေ့ရှိကြပါတယ်။

ဆရာမညို ဆက်ပြောပြတာက ” ဆရာမဟာ စာတော်တဲ့ ကျောင်းသူတစ်ဦးဖြစ်တယ်။ ဆရာမ အရမ်းစိတ်ဝင်စား တဲ့ သင်္ချာဘာသာရပ်နဲ့ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်တွေဆိုရင် ဂုဏ်ထူးပါမယ်လို့ ဆရာမတွေက ခန့်မှန်းထားကြတာ။ ဒါပေမယ့် ဆရာမက ဆေးခြောက် အဆက်မပြတ် သုံးတတ်လာတော့ စိတ်က အဲဒီကိုပဲ ရောက်နေတယ်။ စာကို စိတ်မဝင်စားတော့ဘူး။ နောက်တော့ အဆင့်တွေကျလာပြီး စာမေးပွဲကိုတောင် မနည်းအောင်အောင် ဖြေခဲ့ရတယ်” လို့ ပြောပါတယ်။

ဆေးခြောက်က ခေါင်းတွေမူးပြီး အိပ်ငိုက်စေတယ်။ နှလုံးခုန်နှုန်းကို အရမ်းမြန်စေတာကြောင့် နှလုံးရောဂါရှိတဲ့သူဆိုရင် နှလုံးထဖောက်တတ်တယ်လို့ ဆိုပါတယ်။ ဆုံးဖြတ်ချက်ချတဲ့ တုံ့ပြန်နိုင်စွမ်းကိုလည်း နှေးကွေးစေတာကြောင့် ဆေးခြောက်သုံးပြီး ဆိုင်ကယ်မောင်းလို့ ဆရာမ ယာဉ်တိုက်မှုဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ ဆေးခြာက်ရဲ့ ဆိုးကျိုးတွေကို ဆရာမညိုက ကျောင်းသားတွေကို ပြောပြနေတာပါ။

ဆရာမညိုဟာ ဆေးခြောက်ကို ဆေးလိပ်မှာပါတဲ့ ဆေးရွက်မှုန့်တွေနဲ့ရောပြီး သောက်တတ်ရာကနေ ခြောက်လ လောက်ကြာလာတဲ့အခါမှာတော့ ဆေးလိပ်မှာပါတဲ့ မူလ ဆေးမှုန့် (အစာ) တွေကိုထုတ်ပြီး ဆေးခြောက်သီးသန့်နဲ့ အသုံးပြုတတ်လာခဲ့ပါတယ်။

“ဆေးလိပ်ကို အစွဲအမြဲသောက်တတ်လာတယ်။ ဆေးခြောက်မပါဘဲနဲ့လဲ သောက်တတ်လာတယ်။ အိမ်နဲ့ ကျောင်းမှာ ခိုးသောက်ရုံမက အပြင်ထွက် လျှောက်သွားပြီး အပေါင်းအသင်းတွေနဲ့ ဆေးခြောက် အသုံးပြုလာ တယ်။ အဲဒီကတစ်ဆင့် WY စိတ်ကြွဆေးပြားကို စ သုံးလာတယ်။ WY ကို ငါးခါလောက် သုံးဖြစ်ခဲ့တယ်။ ဆေးခြောက်သုံး တုန်းက ထမင်းမစားချင်ရင်တောင် ငှက်ပျောသီးတို့ ဘာတို့ အသီးတွေ စားသေးတယ်။ WY ကျတော့ အစာစားချင်စိတ်ပျောက်လာတယ်။ WY သုံးပြီး လေလွှင့်မျှောနေတဲ့ခံစားချက်ကို ခံစားနေရင်း အစာစားဖို့ကို စိတ်မရှိတော့ဘဲ ထမင်းလည်း ပုံမှန်မစားဖြစ်တော့ဘူး။ ထမင်းမစားဖြစ်တော့ ခန္ဓာကိုယ်က ခွန်အားမရှိဘဲ ဆေးမသုံးတဲ့အချိန်ဆိုရင် ဘယ်လိုမှ နေလို့ထိုင်လို့ မရဘူး။ ခုခံအားတွေကျလာပြီးတော့ အားအင်မရှိတော့ဘူး။ ပြီးတော့ စိတ်ကလည်း ဂနာမငြိမ်ဖြစ်လာတယ်” လို့ ဆိုပါတယ်။

WY ဆိုတာ စိတ်ကြွရူးသွပ်ဆေးပြားပါ။ အစပိုင်းမှာ စိတ်ကြွပြီး ကောင်းသလို ဖြစ်ပေမယ့် ရေရှည်မှာ စိတ်ဖောက်ပြန်ရူးသွပ်စေနိုင်ပါတယ်။ စိတ်ကို အမှန်တကယ် ပြောင်းလဲစေတဲ့အပြင် ကိုယ်ခန္ဓာကိုပါ ဒုက္ခမျိုးစုံပေးလာပါတယ်။ လူသိနည်းတာတခုက WY ထဲမှာ Lithium ပါဝင်တယ်ဆိုတာပါပဲ။ ဘထ္ထရီတွေမှာ အသုံးများတဲ့ သတ္ထုတခု ဖြစ်တယ်လို့ ဆရာမညိုက ရှင်းပြပါတယ်။

ဆေးခြောက်ရော၊ WY စိတ်ကြွဆေးပါ စွဲစွဲမြဲသုံးတတ်တော့မယ့်အချိန်မှာ မိန်းကလေးသူငယ်ချင်းတွေက သိသွားပြီး ဆရာမညိုရဲ့ မိဘတွေကို မိန်းကလေးသူငယ်ချင်းတွေက အသိပေးတိုင်ကြားလိုက်ပြီး မိန်းကလေးသူငယ်ချင်းတွေကလည်း ဆရာမညိုကို အပေါင်းအသင်း မလုပ်ကြတော့ပါဘူး။

အဲဒီအချိန်မှာ ဆရာမညိုဟာ သူငယ်ချင်းမိန်းကလေး အရင်းခေါက်ခေါက်တွေရဲ့ စွန့်ပစ်မှုကို ခံရပါတော့တယ်။ မူးယစ်ဆေးသုံးစွဲတဲ့သူတွေကို ပတ်ဝန်းကျင်က လက်မခံကြဘူးဆိုတာကို ဆရာမညိုဟာ သတိပြုမိလာတယ်။  မိဘတွေကလည်း ဆရာမညိုကို ဆေးဖြတ်ရင်ဖြတ်၊ မဟုတ်ဘူးဆိုရင် ကျောင်းထုတ်ပြီး ရဲလက်ထဲ အပ်မယ်လို့ ခြိမ်းခြောက်သတိပေးပါတယ်။

ဆရာမညို ဆေးသုံးတယ်ဆိုတဲ့ သတင်းကို အိမ်နီးနားချင်းနဲ့ ပတ်ဝန်းကျင်ကလည်း သိသွားတော့ ဆရာမ သွားလေရာတစ်လျှောက် ကဲ့ရဲတဲ့ မျက်လုံးတွေ၊ မတူသလိုမတန်သလိုဆက်တဲ့ ပုံစံမျိုးနဲ့ ပြောဆိုဆက်ခံခဲ့ရတယ်လို့ ဆရာမညိုက ဆိုပါတယ်။

“ဆရာမ ကျောင်းသွားတာဖြစ်ဖြစ်၊ အပြင်ထွက် မုန့်ဝယ်တာဖြစ်ဖြစ် ဆရာမကိုမြင်တဲ့သူတွေက မတူသလို မတန်သလို ဆက်ဆံကြတယ်။ ဆရာမကိုတွေ့ရင် အဝေးကနေ ရှောင်သွားကြတယ်။ မိန်းကလေးဖြစ်ပြီး အကျင့်စာရိတ္တမကောင်းဘူး၊ မူးယစ်ဆေးဝါးသုံးတယ်ဆိုပြီး အပြောအဆိုခံခဲ့ရတယ်။ ဆရာမဟာ မိဘတွေ၊ ညီအစ်ကိုမောင်နှမတွေ ပြောတဲ့စကားကို သိပ်နားထောင်တာမဟုတ်ဘူး။ လွတ်လွတ်လပ်လပ်နေရာတာကို အရမ်းသဘောကျတယ်။ ဒါပေမယ့် ဆရာမက လွတ်လပ်မှုကိုလိုက်စားရင်း အမှားတွေ ကျူးလွန်ခဲ့တာပေါ့။ မလုပ်သင့်တဲ့အရာကို လုပ်မိသွားတယ် ” လို့ ပြောပါတယ်။

စာတော်တဲ့ ဆရာမညိုဟာ မူးယစ်ဆေးမှာ နစ်မြောပြီး အဆင့်တွေကျ၊ ကျောင်းစာတွေနဲ့ ဝေးကွာသွားခဲ့ပါတယ်။ ဆရာ၊ ဆရာမတွေ ခန့်မှန်းထားတဲ့ ၃ ဘာသာလောက် ဂုဏ်ထူးထွက်နိုင်တဲ့ ဆရာမညိုဟာ ဆယ်တန်းစာမေးပွဲကိုတောင် အောင်ရုံဆိုရုံလောက်သာ ဖြေဆိုနိုင်ခဲ့ပါတယ်။

၉ လလောက် ဆေးသုံးပြီးတဲ့နောက် မိဘတွေရဲ့ ဖိအားတွေ၊ အပေါင်းအသင်းတွေရဲ့ ဖိအားတွေ၊ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေ၊ ကျောင်းက ဆရာ၊ ဆရာမတွေရဲ့ ဖိအားတွေကြောင့် ကိုယ့်စိတ်ကိုယ် ထိန်းချုပ်ပြီး ဆေးဖြတ်မယ်ဆိုတဲ့ အသိစိတ်ပြန်ဝင်ကာ ဆုံးဖြတ်ချ ချခဲ့တယ်လို့ ဆရာမညိုက ပြောပါတယ်။

ဆေးဖြတ်မယ့် ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ ချလိုက်ပေမယ့် ဆေးဖြတ်တဲ့အခါမှာ ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။

“ ၉ လလောက် သုံးဖြစ်ခဲ့တော့ ဆေးကို လွယ်လွယ်ကူကူဖြတ်လို့ မရခဲ့ဘူး။ ပထမ ဆေးလိပ်ဖြတ်တာပေါ့နော်။ WY စိတ်ကြွဆေးကျတော့ ငါးခါလောက် သုံးဖြစ်ပြီးနောက် ဆက်မသုံးဖြစ်ခဲ့ဘူး။ ဆေးခြောက်ပဲ တောက်လျှောက်သုံးဖြစ်ခဲ့တာ။ ဘာဖြစ်လို့လဲဆိုတော့ WY က အရမ်းဆိုးတယ်ဆိုတာကို သိသွားလို့ပဲ။ WY က သတိလွတ်စေတယ်။ WY သုံးထားပြီဆိုရင် ကိုယ့်ကို တခြားတယောက်က ခေါ်တာကို မကြားတော့ဘူး။ ဆေးရဲ့အရှိန်မှာပဲ နစ်မျောနေတာ။ ထမင်းလေးမစားတော့ဘူး။ ညလည်း မအိပ်တော့ဘူးနော်။ တညလုံး ဟိုကြည့် ဒီကြည့်ဖြစ်နေတာ။ WY မသုံးတဲ့အချိန်မှာဆို တစ်ခုခု လိုအပ်နေတယ်။ WY သုံးလိုက်မှ စိတ်က တည်ငြိမ်သွားတယ်။ မဟုတ်ဘူးဆိုရင် မျက်လုံးတွေက ကြောင်တောင်တောင်နဲ့ဖြစ်နေတာ။ အဲဒါနဲ့ မဖြစ်ဘူးဆိုပြီး ဆေးခြောက်ကိုပဲ အလေးပေးသုံးဖြစ်ခဲ့တယ်။ ဆေးခြောက်ကလည်း ဆေးစွဲမယ့်လမ်းစဆိုတော့ မကောင်းဘူးဆိုတာကို သိလာခဲ့တယ်။ အဲဒါနဲ့ ဆုံးဖြတ်ထားတဲ့အတိုင်းပဲ ဆေးလိပ်ကို လျှော့သောက်ပြီး တစ်လလောက် ကျင့်သားယူရတယ်။ နှစ်လလောက်ကြာတဲ့အခါမှာ လုံးဝ မသောက်ဖြစ်တော့ဘဲ သုံးလလောက်အကြာမှာတော့ ဆေးပြတ်သွားတယ်လို့ ပြောလို့ရတယ်” လို့ ဆရာမညိုကဆိုပါတယ်။

ဆေးသုံးတဲ့အချိန်ကာလ တိုတောင်းတာကြောင့် သွေးထဲ၊ အရိုးထဲ မစွဲမြဲသေးတဲ့အတွက် အချိန် ၃ လလောက်နဲ့ ဆေးဖြတ်နိုင်ခဲ့တာက အရမ်းကံကောင်းတယ်လို့ ဆရာမညိုက နောင်တရစွာနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို သတိပေးပြောပြနေတာပါ။ ဆေးစွဲသူတစ်ယောက်အနေနဲ့ ဆေးဖြတ်မယ့်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဆေးဖြတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ စိတ်ဓာတ်ရေးရာ ကြံ့ခိုင်မှုအပိုင်းက အဓိက ကျတယ်လို့ ဆိုပါတယ်။

“ ဒါကို ငါကျော်ဖြတ်ရမယ်၊ ကျော်ဖြတ်နိုင်တယ်ဆိုတဲ့ စိတ်ကို တင်းထားရတာ။ အဲဒီတင်းထားတဲ့ စိတ်ကို လုံးဝ လျှော့ချလို့ မရဘူး။ လျှော့ချလိုက်တာနဲ့ သွားပြီ။ ဆေးရဲ့ မကောင်းတဲ့ အကျိုးကျေးဇူးတွေကို ပြန်တွေးရတာ။ ကိုယ်ဘယ်လို ခံစားခဲ့ရတယ်ဆိုတဲ့ ခံစားချက်တွေကို ပြန်တွေးပြီး စိတ်ကို ခိုင်ခိုင်မာမာထားပြီး ဖြတ်ရတာ။ အဲလို မလုပ်နိုင်လို့ ပြန်သုံးပြီး ဆေးစွဲနေတဲ့ လူငယ်တွေ အများကြီးရှိတယ်။ ဆရာမကိုယ်တိုင် တွေ့ခဲ့ရတာ” လို့ ဆရာမညိုက ပြောပါတယ်။

ဆေးဖြတ်ပေမယ့် သုံးချင်စိတ်ကို မထိန်းချုပ်နိုင်ဘဲ ပြန်သုံးရင်း နှစ်တွေကြာသွားပြီး သွေးထဲ၊ အရိုးထဲ စွဲနေတဲ့ လူငယ်တွေ အများကြီးရှိတယ်။ မူးယစ်ဆေးဝါးဆိုတာ စမ်းကြည့်လို့ရတဲ့ အရာမဟုတ်ဘဲ စမ်းသုံးမိရာကနေ စွဲသွားလို့ ပြန်မဖြတ်နိုင်တဲ့သူတွေ ရခိုင်မှာ တပုံကြီးရှိတာကြောင့် မူးယစ်ဆေးဝါးဆိုတာကို လုံးဝ လှည့်တောင် မကြည့်ကြဖို့ ကျောင်းသား၊ ကျောင်းသူတွေကို ဆရာမညိုက တိုက်တွန်းနေတာပါ။

လူငယ်တွေရဲ့ စူစမ်းချင်းစိတ်ကနေ ဆေးသုံးဖြစ်ပြီး စွဲသွားတာနဲ့ အပေါင်းအသင်းမှားလို့ ဆေးသုံးဖြစ်သွားတဲ့ သူတွေက ရခိုင်မှာ ပိုများနေတယ်လို့ အမည်မဖော်လိုတဲ့ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“၂၀၂၀ နဲ့ ၂၀၂၁ မှာ စစ်တွေ၊ မြောက်ဦးနဲ့ တောင်ကုတ်၊ သံတွဲ၊ မောင်တော စတဲ့ မြို့ ၅ မြို့မှာ စစ်တမ်းကောက်ခဲ့ပါတယ်။ အဲဒီစစ်တမ်းအရ လူငယ်တွေဟာ စူးစမ်းချင်တဲ့ စိတ်ကနေ ဆေးသုံးဖြစ်သွားတာကို တွေ့ခဲ့ရတယ်။ မူးယစ်ဆေးဝါးဆိုတာ ဘာလဲဆိုတဲ့ သိချင်စိတ်ရယ်။ ဆေးသုံးပြီးတဲ့အခါ ဘယ်လိုနေသလဲဆိုတဲ့ ခံစားချက်ရယ်။ စမ်းသုံးကြည့်ရာကနေ စွဲသွားပြီး ပြန်ဖြတ်ဖို့ ခက်နေတဲ့သူတွေကိုလည်း တွေ့ခဲ့ရတယ်။ အထူးသဖြင့် အသက် ၁၅ နှစ်နဲ့ အသက် ၂၅ နှစ်ကြား လူငယ်တွေ ဆေးစွဲနေတာ ပိုများတယ်။ ထူးထူးခြားခြားတွေ့ခဲ့တာက အသက် ၃၅ နှစ်နဲ့အထက် ဆေးစွဲနေတဲ့ လူကြီးပိုင်းတွေက လူငယ်တွေကို ဆေးသုံးဖို့ တွန်းအားပေးတာကိုလည်း တွေ့ခဲ့ရတယ်။ ဆေးစွဲနေလို့ ပြန်ဖြတ်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ဦး ပြောတာက သူ့ကို ဆေးသုံးဖို့ တွန်းအားပေးခဲ့တာ အသိ အစ်ကိုတစ်ယောက်လို့ ပြောတယ်။ စမ်းသုံးကြည့်ပါလားဆိုပြီး သုံးကြည့်ရာကနေ ဆေးစွဲသွားတာကို တွေ့ခဲ့ရပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်ကို မူးယစ်ဆေးဝါးတွေဟာ ရန်ကုန်မြို့က ရောက်ရှိလာတာဖြစ်ပြီး မူးယစ်ဆေးဝါး ကုန်သည်တွေက ရေလမ်းရော၊ ကုန်းလမ်းရော နှစ်မျိုးလုံးက နည်းလမ်းပေါင်းစုံနဲ့ သယ်သူကြပါတယ်။ စစ်တွေ၊ မြောက်ဦး၊ တောင်ကုတ်၊ သံတွဲနဲ့ မောင်တောမြို့တွေကတစ်ဆင့် ရခိုင်တပြည်လုံးကို ဖြန့်ဝေပြီး မောင်တောမြို့ကတော့ တစ်ဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ တခြားနိုင်ငံတွေကိုပါ ပို့ပါတယ်။ ဒူဘိုင်းမြို့အထိ ရောင်းဝယ်ဖောက်ကားကြတယ်လို့ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးအဖွဲ့က ဆိုပါတယ်။

မူးယစ်ဆေးဝါး အသိပညာပေးအဖွဲ့ရဲ့ တာဝန်ရှိသူက “ စစ်တမ်းကောက်ရင်း မူးယစ်ဆေးဝါး မှောင်ခိုကူးသူ တစ်ဦးနဲ့ ဆုံဖြစ်ခဲ့တယ်။ သူပြောတာက မူးယစ်ဆေးဝါးတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့ဖို့ပဲ။ ရခိုင်မှာက နည်းနည်းလောက်ပဲ ဖြန့်တာလို့ ပြောတယ်။ သူပြောတဲ့အချိန်မှာ တော်တော်လေးကို ခံပြင်းဖို့ ကောင်းတာ။ မူးယစ်ဆေးဝါးရဲ့ အန္တရာယ်ဟာ လူသားတွေ၊ လူငယ်တွေရဲ့အနာဂတ်ကို ဘယ်လောက်ဆိုးကျိုးပေး တယ်ဆိုတာကို သိလျှက်နဲ့ လူငယ်တွေရဲ့ အနာဂတ်၊ လူသားမျိုးနွယ်ကို မျိုးတုန်းစေတဲ့ အလုပ်ကို လုပ်တယ်ပေါ့နော်။ ကိုယ် ပိုက်ဆံရရင်ပြီးရောဆိုပြီး ရခိုင်လူငယ်တွေရဲ့ အနာဂတ်တွေကို ဖျက်ဆီးနေတာပါ့နော် ” လို့ ပြောပါတယ်။

အဲဒီမူးယစ်ဆေးဝါးကုန်သည်ဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းဆိုတာကို ထုတ်ဖော်မပြောခဲ့ပေမယ့် စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက် ၄ နဲ့ ဘောက်သီးစုရပ်ကွက်မှာ အထပ်မြင့်နေအိမ်တွေ ပိုင်ဆိုင်ထားတယ်လို့ မူးယစ်ဆေးဝါးအသိပညာပေးအဖွဲ့ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

စစ်တွေမြို့မှာ မူးယစ်ရာဇာ လက်ကြီးသမားတွေ အဓိက နေထိုင်ပြီး ဒေသအာဏာပိုင်အကြီးအကဲတွေနဲ့ပေါင်းကာ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းတွေကို လုပ်ကိုင်နေကြတာ ဆယ်စုနှစ်ချီ ရှိနေပါပြီ။ ရခိုင်ပြည်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတာကို ကွန်ရက်သဖွယ်လုပ်ကိုင်ကြပြီး အာဏာပိုင်တွေက လာဘ်ငွေတွေ ရယူကာ မူးယစ်ရာဇာတွေကို အကာအကွယ်ပေးကြပါတယ်။ အရင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ပူးပေါင်းပါဝင်ကြပေမယ့် ၂၀၁၇ ခုနှစ်နောက်ပိုင်းမှာတော့ ရက္ခိုင့်တပ်တော် AA ရဲ့ အောက်ခြေတပ်သားတွေကပါ ပါဝင်ပတ်သက်လာတာကို စုံစမ်းရင်း သိခဲ့ရပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ မူးယစ်ရဲတပ်ဖွဲ့က အကျင့်ပျက်ခြစားမှုကို ပုံမှန် လုပ်လေ့ရှိတယ်ဆိုပေမယ့် ရခိုင်ပြည်သူတွေ တခဲနက်ထောက်ခံထားတဲ့ AA ရဲ့ အောက်ခြေတပ်သားတွေက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုမှာ ပါဝင်ပတ်နေတာ ထူးခြားတာကြောင့် စုံစမ်းကြည့်ခဲ့ပါတယ်။

စစ်တွေကတစ်ဆင့် ယူလာတဲ့ မူးယစ်ဆေးဝါးမျိုးစုံကို တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပို့တဲ့အခါ လမ်းကြောင်းရဲ့ အခြေအနေနဲ့ ဘယ်သူတွေပါဝင်ပတ်သက်ခဲ့သလဲဆိုတာကို ရေချမ်းပြင်-အငူမော်-ရသေ့တောင်-မောင်တော လမ်းကြောင်းမှာ သယ်ယူပေးရတဲ့ ဆိုင်ကယ် ကယ်ရီသမားတစ်ဦးက အခုလိုပြောပါတယ်။

“စစ်တွေ ရေချမ်းပြင်ဆိပ်ကမ်းကနေ မြစ်ကိုစက်လှေ ဒါမှမဟုတ် ဘုတ်ကြီးတွေနဲ့ဖြတ်ပြီး ရသေ့တောင် အငူမော်ဆိပ်ကမ်းကို သယ်လာတာ။ အဲဒီဆိပ်ကမ်းတွေမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေကို မဖမ်းဆီးဖို့ လာဘ်ငွေပေးထားတယ်။ အငူမော်ဆိပ်ကမ်းကနေ မောင်တောနယ်စပ် ခြံစည်းရိုးအထိသွားဖို့ AA တပ်ဖွဲ့ဝင်တွေကို အကူအညီတောင်းရတာ။ ရသေ့တောင်မြို့နယ်မှာ တာဝန်ကျနေတဲ့ ဗိုလ်အဆင့်ရှိသူ AA တပ်ဖွဲ့ဝင်တစ်ဦးနဲ့ ချိတ်ဆက်ပြီး မောင်တောမြို့နယ် တောင်ပြိုမြို့အနီး ခြံစည်းရိုးမှာ စောင့်နေတဲ့ မွတ်ဆလင်တွေ လက်ထဲသို့ အဲဒီမူးယစ်ဆေးဝါးတွေကို ပို့ပေးရတာ။ ဆေးရဲ့တန်ဖိုးက ကျပ်သိန်း ၁၅၀၀ ဖိုးလောက်ရှိမယ်။ AA တပ်ဖွဲ့ဝင်က ၂၀ ရာခိုင်နှုန်း ရမယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ် မွတ်ဆလင်က ဆေးတွေယူပြီး ငွေမရှင်းပေးလို့ ဘတ်သွားလို့ ပြဿနာတော်တော်လေး တက်ခဲ့ကြတယ်။ ကော့ဘဇားမြို့အထိ သွားပြီး အဲဒီမွတ်ဆလင်ကို လိုက်ရှာကြတယ်လို့ သိရတယ်။ နောက်တော့ ဘယ်လိုဖြစ်သွားကြသလဲ ကျနော်လည်း အသေးစိတ်မသိဘူး” လို့ ပြောပါတယ်။

ဒီအဖြစ်အပျက်က ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း ဖြစ်ပျက်ခဲ့တာဖြစ်ပြီး AA ရဲ့ အောက်ခြေတပ်သား ဗိုလ်အဆင့်ရှိသူက ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို မသိခဲ့ရပေမယ့် ဆိုင်ကယ် ကယ်ရီသမားကို ခိုင်းတဲ့သူတွေက စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက်က အမျိုးသားတစ်ဦးနဲ့ ဘူးသီးတောင်မြို့က ထွေအုပ်ဝန်ထမ်းတစ်ဦးလို့ သိရပါတယ်။ ရက္ခိုင့်တပ်တော် AA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ အောက်ခြေတပ်သားတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို သေချာစုံစမ်းသင့်ပြီး ပြစ်မှုကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ဒီလိုပဲ မူးယစ်မှောင်ခိုလုပ်ငန်းလုပ်နေတဲ့သူတွေ၊ အဖွဲ့တွေ စစ်တွေမြို့မှာ အများကြီးရှိပြီး စခန်းမှူး၊ မြို့နယ်မှူး၊ ခရိုင်မှူး၊ ပြည်နယ်ရဲမင်းကြီးနဲ့ အဆင့်ဆင့် အကျိုးအမြတ်တွေခွဲဝေကာ လုပ်နေကြတာဖြစ်ပါတယ်။ မြောက်ဦး၊ တောင်ကုတ်၊ သံတွဲမြို့တွေက မူးယစ်မှောင်ခိုလုပ်သူတွေလည်း စစ်တွေ၊ မောင်တောမြို့မှာရှိတဲ့ မူးယစ်ရာဇာတွေနဲ့ ဆက်သွယ်လုပ်ကိုင်ကြတယ်လို့ စုံစမ်းသိရပါတယ်။

စစ်ကောင်စီ ပြည်နယ်အရံရဲတပ်ဖွဲ့ရုံးရှေ့ ဗလီပျက်ခြံဝန်းနဲ့ ရှုခင်းသာလမ်းတွေမှာ နေ့စဉ်နဲ့အမျှ လူငယ်တွေ ဆေးသုံးနေကြတာကို ရခိုင်သတင်းမီဒီယာတွေက ဖော်ထုတ်ခဲ့ကြပေမယ့် စစ်ကောင်စီရဲတပ်ဖွဲ့ကတော့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာ ယနေ့အချိန်အထိ မတွေ့ရသေးဘူးလို့ စစ်တွေဒေသခံတစ်ဦးက ဆိုပါတယ်။ 

“စစ်တွေမြို့ထဲက အင်ဘာလာခေါ် အောင်မင်္ဂလာရပ်ကွက်၊ မောလိပ်၊ မင်းဂံနဲ့ ဘုမေရပ်ကွက်တွေမှာ မူးယစ်ဆေးဝါး လက်လီလက်ကား ဖြန့်ဝေရောင်းချနေတာ၊ လူငယ်တွေ ပေါ်ပေါ်ထင်ထင် ဆေးသုံးနေတာကို ရဲတပ်ဖွဲ့က သိပေမယ့် လျစ်လျူရှုနေကြတယ်။ မမြင်ချင်ယောင်ဆောင်နေကြတယ်။ ဖမ်းမိတဲ့သူတွေရှိရင်လည်း ငွေကြေး အမြောက်အများတောင်းပြီး ပြန်လွှတ်ပေးတာတွေ လုပ်တယ်။ မကောင်းမှု ကျူးလွန်နေတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူအပြစ်ပေးသင့်တာ။ ဒါမှ မူးယစ်ဆေးဝါးရောင်းဝယ်၊ သုံးစွဲတာက လျှော့နည်းလာမှာပေါ့။ စစ်ကောင်စီနဲ့ AA နှစ်ဖက်စလုံးက စစ်ရေးမှာပဲ အာရုံစိုက်နေကြတော့ မူးယစ်သားကောင်တွေက ပိုလွတ်လပ်သွားတာပေါ့။ စစ်ရေးလည်း အရေးကြီးသလို မူးယစ်ဆေးဝါး ပပျောက်ရေးလေး အရေးကြီးပါတယ်” လို့ ဆိုပါတယ်။

ပိုက်ဆံရှိတဲ့ လူငယ်တွေကျတော့ စစ်တွေမြို့ထဲက စားသောက်ဆိုင်အမည်ခံထားတဲ့ ကေတီဗွီ (KTV)၊ ဘားတွေမှာ သီချင်းဆိုသလိုလိုနဲ့ ဝိုင်းဖွဲ့ ဆေးသုံးကြတာရှိပါတယ်။ ဒါ့အပြင် ဟိုတယ်တွေ၊ မိုတယ်တွေမှာလည်း KTV ခန်းတွေ လုပ်လာကြပြီး ဆေးသုံးတာတွေကို ခွင့်ပြုလာကြတယ်လို့ စုံစမ်းသိရပါတယ်။

ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ်နေထိုင်တဲ့ ဝန်ကြီးအိမ်ရာဝန်းနောက်မှာရှိတဲ့ အိမ်ဖြူတော် KTV ဆိုင်မှာ စစ်တွေမြို့ထဲက လူငယ်အများအပြား လာရောက်ဆေးသုံးတာတွေရှိတယ်လို့ ၂၀၂၂ ခုနှစ်က အလုပ်ထွက်လာတဲ့ အမျိုးသားဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

“ အသက် ၂၈ နှစ်အောက် လူငယ်တွေ များပါတယ်။ စိတ်ကြွဆေးဖြစ်တဲ့ အိုင်းစ် (ice) တွေ၊ အီး (e) တွေ၊ ကေ (k) တွေ သုံးကြပါတယ်။ ဆေးတွေကတော့ လူငယ်တွေမှာ ပါလာကြတာများပါတယ်။ ဆိုင်ကလည်း လူအပေါ်မူတည်ပြီး တစ်ဗန်းကို ပစ္စည်းအစုံနဲ့ ခုနှစ်သောင်းကျပ်နဲ့ ရောင်းချတာလည်းရှိပါတယ်။ ၂၀၂၂ အောက်တိုဘာလကုန်လောက်မှာ ဧည့်သည် ကောင်လေးတွေနဲ့အတူ K သုံးခဲ့တဲ့ ဝန်ထမ်းအမျိုးသမီး တစ်ယောက်ဆိုရင် အသက်ရှုပ်ကျပ်ပြီး ဆေးရုံတင် ကုသခဲ့ရတာရှိပါတယ်” လို့ အဆိုပါ KTV ဝန်ထမ်းဟောင်းက ပြောပါတယ်။

သူပြောတဲ့ ကေ(K) ဟာ လူငယ်တွေကြား အမှုန့်အဖြစ်ရှုရတဲ့ မူးယစ်ဆေးလို့ သိကြတဲ့ ကတ်တမင်းဖြစ်ပြီး အီး(E) ကတော့ အတ်စ်တစီ လို့ခေါ်တဲ့ မူးယစ်ဆေးပြားနဲ့ အမှုန့်ကို ပြောတာဖြစ်ပါတယ်။ ကေဟာ မေ့ဆေးအနေနဲ့ သုံးကြတဲ့ ကတ်တမင်း ဆေးရည်ကို အငွေ့ပျံပြီး အမှုန့်ပြန်ဖြစ်အောင်လုပ်ထားတဲ့ အမှုန့်ဖြစ်ပြီး စိတ်ကိုပေါ့ပါးလွတ်လပ်စေတဲ့အာနိသင်ရှိလို့ ဘား၊ ကလပ်၊ ကေတီဗွီသွားကြတဲ့ လူငယ်တွေကြားမှာ သုံးစွဲလာကြတာဖြစ်ပါတယ်။ အီးဟာ အရက်ဘီယာတွေထဲထည့်သောက်ရင် အာနိသင်ပိုတယ်လို့ ယူဆကြတဲ့ မူးယစ်ဆေးဖြစ်ပါတယ်။ အိုင်းစ်လို့ သိကြတဲ့ မက်သာဖက်တမင်းကတော့ WY လို စာသားနှိပ်ထားတဲ့ အဖြူရောင်ပုံ စိတ်ကြွဆေးပြားဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်းက အိမ်ဖြူတော် KTV ကို ပြည်နယ်စစ်ကောင်စီ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးတာရှိခဲ့ပေမယ့် ဆိုင်ကိုဆက်လက်ဖွင့်ခွင့်ပေးထားတာကို တွေ့ရပါတယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် ဖြေရှင်းခဲ့တာ မတွေ့ခဲ့ရပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်အချို့ဟာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုမှာ ဘယ်လောက်ထိ ပါဝင်ပတ်သက်နေသလဲဆိုတာကို တွေ့နိုင်ပါတယ်။

၂၀၁၉ ခုနှစ်ကတော့ မြောက်ဦးနဲ့ စစ်တွေမြို့မှာ ရက္ခိုင့်တပ်တော် AA က မူးယစ်ဆေးဝါး သုံးစွဲတဲ့ လူငယ်တွေနဲ့ ရောင်းဝယ်ဖောက်ကားသူတွေကို ဖမ်းဆီးပြီး အသိပညာပေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တာရှိပါတယ်။ ဆေးသုံးတဲ့ လူငယ်တွေကို ရာနှင့်ချီဖမ်းဆီးခဲ့သလို ရောင်းဝယ်ဖောက်ကားသူတွေကိုလည်း ဒါဇင်နှင့်ချီ ဖမ်းဆီးခဲ့တာရှိပါတယ်။

ဒါပေမယ့် ရေရှည်မလုပ်ခဲ့တာကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်အတွင်း ဆေးသုံးသူတွေ၊ ရောင်းဝယ်ဖောက်ကားသူတွေ ထပ်တိုးမြင့်တက်လာခဲ့ပါတယ်။ AA ပြောခွင့်ရ ဦးခိုင်သုခကတော့ စစ်ရေးကို ဦးစားပေးနေရလို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးဖက်ကို သေချာမလုပ်နိုင်သေးဘူးလို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုဖူးပါတယ်။

လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲမှု မရှိရလေအောင် မူးယစ်ဆေးဝါးအန္တရာယ်တွေကို အသိပညာများများ ပေးဖို့လိုအပ်သလို ရောင်းဝယ်ဖောက်ကားတဲ့သူတွေကိုလည်း အာဏာပိုင်အဖွဲ့အစည်းတွေက ထိထိရောက်ရောက် အရေးယူမှုတွေ လုပ်ဖို့လိုအပ်တယ်လို့ ဆရာမညိုက တိုက်တွန်းတောင်းဆိုပါတယ်။

“မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး လူငယ်တွေကို အသိပညာများများ ပေးဖို့လိုအပ်ပါတယ်။ ရောင်းဝယ်ဖောက်ကားတဲ့သူတွေ၊ ပါဝင်ပတ်သက်နေတဲ့သူတွေကို အမြစ်ဖြတ်နိုင်ဖို့ လိုပါတယ်။ မူးယစ်ဆေးဝါးတွေကို လွယ်လွယ်ကူကူ ဝယ်လို့ရနေတာကလည်း အဓိက ပြဿနာပါ။ စာသင်ကျောင်းတွေမှာလည်း မူးယစ်ဆေးဝါးအန္တရာယ်တွေကို အချိန်ပေးပြီး အသိပညာပေး ဟောပြောပွဲတွေ များများ လုပ်ပေးဖို့ လိုပါတယ်။ ကျမကတော့ မူးယစ်သားကောင်ဖြစ်ခဲ့ဖူးတဲ့အတွက် နောက်မျိုးဆက်သစ်တွေကို ကိုယ့်လိုမဖြစ်ရအောင် တတ်နိုင်သလောက် အသိပညာပေး ပြောနေတာတွေရှိပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ၊ စာသင်ကျောင်းတွေ၊ အာဏာပိုင်တွေကသာ အတူတကွ ပူးပေါင်းလုပ်ကြမယ်ဆိုရင် တချိန်မှာ ရခိုင်ပြည်အတွင်း မူးယစ်ဆေးဝါး ကင်းစင်လာမှာဖြစ်ပါတယ်” လို့ ဆရာမညိုက အကြံပြုပါတယ်။  

ရခိုင်ပြည်မှာ မူးယစ်ဆေးဝါးပင် စိုက်ပျိုးထုတ်လုပ်တာမရှိဘဲ မူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ဒေသတွေကနေ ရန်ကုန်မှတဆင့် ရခိုင်ပြည်ကို ရောက်ရှိလာကြတာဖြစ်ပြီး စစ်တွေမြို့မှာဆိုရင် မူးယစ်ဆေးဝါးရောင်းချသူတွေဟာ ပေါ်ပေါ်ထင်ထင် ရောင်းချနေကြတာ ဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းက ၂ဝ၁၇ ခုနှစ်အတွင်း လွှတ်တော်မှာ တင်ပြခဲ့ဖူးပါတယ်။

နိုင်ငံအရှေ့ပိုင်းကထုတ်လုပ်တဲ့ မူးယစ်ဆေးတွေကို နိုင်ငံ အနောက်ပိုင်းမှာ အမြောက်အမြား ဖမ်းမိနေတာကြောင့် အဆင့်ဆင့်ဖြတ်သန်းလာတဲ့ လမ်းကြောင်းပေါ်က တရားဥပဒေစိုးမိုးမှုကို ဒီထက် စနစ်တကျ တင်းကြပ်ပေးဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်ထဲမှာ စိတ်ကြွမူးယစ်ဆေး သုံးစွဲသူတွေကို နေရာတိုင်းလိုလိုမှာ တော်တော်လေး ပိုတွေ့လာရပြီး မူးယစ်ဆေးအလွယ်တကူဝယ်နိုင်တာ၊ မူးယစ်ဆေးတင်သွင်းသူတွေကို အာဏာပိုင်တွေဘက်က ထိထိရောက်ရောက် အရေးမယူတာနဲ့ တရားဥပဒေစိုးမိုးရေးပျက်ပြားနေတာတွေကြောင့် မူးယစ်ဆေးသုံးစွဲမှုတွေ ပိုများလာတာဖြစ်တယ်လို့ သုံးသပ်နိုင်ပါတယ်။

ရခိုင်ပြည်အတွင်း မူးယစ်ဆေးဝါး အများဆုံးဖမ်းမိတဲ့ မြို့တွေက မောင်တော၊ စစ်တွေနဲ့ တောင်ကုတ်၊ ဂွမြို့တွေမှာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၂၈ ရက်အထိ သုံးလအတွင်း ရခိုင်မှာ ကျပ်သန်းပေါင်း ၁၇၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားနဲ့ မေလကနေ အောက်တိုဘာလအထိ ကျပ်သန်းပေါင်း ၅၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေကို ဖမ်းမိခဲ့တယ်လို့ ပြည်နယ်စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်တွေကို Western News က စုစည်းမှတ်တမ်းတင်ထားပါတယ်။

စစ်ကောင်စီက မူးယစ်ဆေးဝါးဖမ်းမိတာကို နှစ်အလိုက် ထုတ်ပြန်ပေးတာမရှိပေမယ့် ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်း မောင်တောမြို့နယ် ကျီးကန်းပြင်စစ်ဆေးရေးဂိတ်မှာ ကျပ် ၁၀ ဘီလီယံ တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေနဲ့ ၂၀၂၂ ခုနှစ် ဧပြီလအတွင်း အမ်းမြို့နယ် ပဲပဒုံစစ်ဆေးရေးစခန်းမှာ ကျပ် ၂၀ ဘီဘီယံတန်ဖိုးရှိတဲ့ WY စိတ်ကြွဆေးပြားတွေ ဖမ်းမိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာလည်း ငွေကျပ် ၅၆ ဘီလီယံကျော်တန်ဖိုးရှိတဲ့ WY စိတ်ကြွဆေးပြား ၁၈ သန်းကျော်ကို ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က ဘူးသီးတောင်မြို့ မြို့မရပ်ကွက်နေ မွတ်ဆလင်မိသားစုဆီက ငွေကျပ် သန်းပေါင်း ၅၇၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၂ သန်း ၉ သိန်းလောက်ကို ဖမ်းမိခဲ့တာရှိခဲ့ပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတွေနဲ့ သုံးစွဲသူတွေဟာ နိုင်ငံရေးမတည်မငြိမ်မှုနဲ့ တရားဥပဒေစိုးမိုးမှုအားနည်းနေတဲ့အချိန်မှာ ပိုလှုပ်ရှားတတ်ပါတယ်။ အခုလိုမျိုး ရခိုင်ပြည်အတွင်း စစ်ရေးပြင်းထန်နေတဲ့အချိန်မှာ မူးယစ်ဆေးဝါးအန္တရာယ်ပိုဆိုးရွားလာမှာကို အထူးသတိထားရမှာဖြစ်တယ်လို့ ရခိုင်ပြည်သူတွေကဆိုပါတယ်။

ဂိတ်တွေအများကြီး ဖြတ်လာပြီးမှ ရခိုင်ကို ရောက်လာတယ်ဆိုကတည်းက ဂိတ်တွေမှာ စစ်ဆေးတာတွေ အားနည်းနေပြီး သယ်လာတဲ့အခါ လမ်းခုလတ်မှာ ဘာမှပြဿနာမရှိဘဲ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောသို့ရောက်မှ ဖမ်းမိတယ်ဆိုကလည်း စဉ်းစားစရာတစ်ခု ဖြစ်နေတယ်လို့ ရခိုင်ဒေသခံတွေက ထောက်ပြပါတယ်။

ရခိုင်ပြည်ဟာ မူးယစ်ဆေးစိုက်ပျိုး ထုတ်လုပ်တဲ့ ပြည်နယ်တခုမဟုတ်ပေမယ့် မြန်မာနိုင်ငံအတွင်းက မူးယစ်ဆေးတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပို့ဖို့အတွက် အဓိကကျတဲ့ ပြည်နယ်တစ်ခုဖြစ်လာပါတယ်။ အာဏာပိုင်တွေအနေနဲ့ ရခိုင်ပြည်က မောင်တော၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ် စတဲ့မြို့နယ်တွေမှာ မူးယစ်ဆေးဝါးတွေ ဖမ်းမိတာတွေရှိပေမယ့် ဖမ်းမိတဲ့ မူးယစ်ဆေးတွေကို မီးရှို့ ဖျက်စီးတာမျိုးတွေလည်း မတွေ့ရတဲ့အပြင် မူးဆေးယစ်တွေ ဖမ်းမိတဲ့ အခါတိုင်းမှာလည်း အများစုက ပိုင်ရှင်မဲ့တွေ ဖြစ်လေ့ရှိကြောင်း နိုင်ငံပိုင်သတင်းဌာနနဲ့ လွတ်လပ်တဲ့မီဒီယာတွေရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။

“ မူးယစ်ဆေးဝါးကို စီးပွားရေးလုပ်ငန်းကြီးတစ်ခုလို လုပ်နေကြတဲ့သူတွေကို အာဏာပိုင်အဖွဲ့အစည်းတွေက ထိထိရောက်ရောက် မကိုင်တွယ်နိုင်တဲ့အချိန်မှာ လူငယ်တွေအနေနဲ့ မူးယစ်ဆေးဝါးဆိုတာကို စမ်းသုံးကြည့်ဖို့ မပြောနဲ့ လုံးဝ လှည့်တောင်မကြည့်ကြဖို့ တိုက်တွန်းပါတယ် ” ဆရာမညိုက ဆိုပါတယ်။

မူးယစ်သားကောင်မှ မူးယစ်ပညာပေးဖြစ်လာသူ ဆရာမညိ ယခုဆောင်းပါးကို Western News မှ ရေးသားခြင်း ဖြစ်ပါသည်။

RELATED ARTICLES

1 COMMENT

Comments are closed.

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular