Western News
Homeသတင်းစစ်ကောင်စီဗုံးကြဲ၍ သေဆုံးဒဏ်ရာရခဲ့သည့် ရမ်းဗြဲဖက်ကြပ် ရွာလုံးကျွတ် တိမ်းရှောင်

စစ်ကောင်စီဗုံးကြဲ၍ သေဆုံးဒဏ်ရာရခဲ့သည့် ရမ်းဗြဲဖက်ကြပ် ရွာလုံးကျွတ် တိမ်းရှောင်


Western News| ဧပြီ ၁


စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့်ဗုံးလာကြဲမှုကြောင့် သေဆုံးဒဏ်ရာရသူများရှိခဲ့သည့် ရမ်းဗြဲမြို့နယ် ဖက်ကြပ်ကျေးရွာတွင် တစ်ရွာလုံးနီးပါး ကျေးရွာမှတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။
ဖက်ကြပ်ကျေးရွာမှာ ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က လေယာဥ်ဖြင့် ဗုံးလာကြဲခြင်းခံခဲ့ရပြီး အသက်မပြည့်သေးသည့် ကလေးငယ် ၁ ဦး သေဆုံးကာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်းနှင့် နေအိမ် ၄ ဆောင်၊ ဓမ္မာရုံတို့ ပျက်စီးမှုရှိခဲ့သည်။


ထိုသို့ ဗုံးကြဲမှုနောက်ပိုင်း ကျေးရွာတွင်းနေထိုင်သူများမှာ ရွာတွင်းနေထိုင်ရန်ကြောက်ရွံ့ကာ တိမ်းရှောင်နေကြရသည်ဟု ကျေးရွာဒေသခံတစ်ဦးက ပြောသည်။
” ရွာကို အခုလို ဗုံးလာကြဲတာတွေရှိတော့ ဘယ်နေရဲတော့မလဲ။ ဒီအတိုင်းအလွတ်ကြီးလာချသွားတာ။ ကလေးတစ်ယောက်သေသွားရတယ်။ အခုရွာထဲမှ အားလုံးလိုလိုက မရှိတော့ဘူး။ တစ်ခြားနီးစပ်ရာတွေကို ရှောင်နေကြတယ်” ဟု ပြောသည်။


ဖက်ကြပ်ကျေးရွာမှာ အိမ်ထောင်စု ၃၀၀ ကျော်ခန့်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး အဆိုပါကျေးရွာအနီးတွင် ချောင်းနေ၊ ရမ်းသား၊ စစ်ပြား စသည့် ကျေးရွာများလည်းရှိကြောင်း သိရသည်။
ဗုံးကြဲခံရပြီးနောက်ပိုင်း အဆိုပါအနီးတဝိုက် ဒေသအခြေနေများနှင့် ပတ်သက်၍လည်း ရမ်းဗြဲဒေသခံတစ်ဦးက ” အနီးနားရွာမှာ ဖြစ်နေတော့ ကြောက်ကြတာပဲ။ ရှောင်တဲ့သူတွေလည်း ရွာကနေ ရှောင်ကြတာရှိတယ်။ ဒါပေမယ့် ဘလောက်ကြာကြာ ရှောင်တိမ်းနိုင်မှာလဲ။ ကျနော်တို့မှာ ပြေးစရာမြေကဆုံးနေပြီ။ တိုက်ပွဲဖြစ်နေတယ်ဆိုရင်တောင် မဖြစ်တဲ့နေရာကိုရှောင်နေနိုင်သေးတယ်။ ခုကဘယ်အချိန် ဘယ်နေရာကို လေယာဥ်ကနေ ဗုံးလာကြဲချမလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး” ဟု ပြောသည်။


ရမ်းဗြဲအပြင် ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရရှိထားသည့် နောက်ထပ် မြို့နယ်များတွင်လည်း စစ်ကောင်စီမှ တိုက်လေယာဥ်များဖြင့် လာရောက်ဗုံးကြဲနေပြီး ထိုသို့ ဗုံးကြဲမှုကြောင့် မြောက်ဦးမြို့နယ် အထက်လေညှင်းတောင်ကျေးရွာ၊ မြေပုံမြို့နယ် ညောင်ကန်၊ သရက်တောင်၊ မင်းပြားမြို့နယ် သာဒါရွာ စသည်တို့တွင် လူထိခိုက်သေဆုံးခြင်းနှင့် နေအိမ်အဆောက်အအုံ ပျက်စီးမှုရှိခဲ့ကြသည်။


ရမ်းဗြဲတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ခဲ့စဥ်ကလည်း စစ်ကောင်စီမှ လေကြောင်း၊ ရေကြောင်းဖြင့် အပြင်းထန်ခုခံပစ်ခတ်ခဲ့၍ မြို့တွင်း နေအိမ် ၂၀၀ ကျော်ခန့်မီးလောင်ဆုံးရှုံးကာ စုစုပေါင်း ၃၀၀ ခန့် ပျက်စီးသွားကြောင်း သိရသည်။


လက်ရှိ ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော်မှ ထိန်းချုပ်ထားသော်လည်း အပျက်အစီးများကြား မြို့ခံများဝင်ရောက်နေထိုင်နိုင်ခြင်း မရှိသေးကြောင်းနှင့် မြို့နယ်အလိုက်ကျေးရွာများတွင်သာ စစ်ဘေးရှောင်အဖြစ် ဆက်လက်နေထိုင်နေကြဆဲဖြစ်ကြောင်း သိရသည်။
ပုံစာ – စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲခဲ့၍ ပျက်စီးသွားသော ရမ်းဗြဲမြို့နယ် ဖက်ကြပ်ကျေးရွာ။ (ဓါတ်ပုံ – CJ)
Western News-WN

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular